စစ်အာဏာရှင်စနစ်အောက်မှာ မြန်မာ့စာပေဟာ ဖွံ့ဖြိုးမှုမရှိ


ဆရာသန်းဝင်းလှိုင်နှင့် အင်တာဗျူး

အံ့ဘုန်းမြတ်၁ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ် မြန်မာ့သမိုင်းနဲ့ နိုင်ငံရေးစာပေတွေကို စဉ်ဆက်မပျက် ရေးသားနေတဲ့ စာရေးဆရာသန်းဝင်လှိုင်ဟာ ကလောင်တွေကို စာပေစိစစ်ရေးက ပိတ်ပင်တာ နိုင်ငံရေးနဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွတ်စွဲချက်တွေနဲ့ အာဏာပိုင်တွေက ထပ်မံဖမ်းဆီးဖို့ ပြင်ဆင်လာတာကြောင့် ထိုင်း မြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို တိမ်းရှောင် ရောက်ရှိခဲ့ပါတယ်။ ဒီလို ရောက်ရှိလာတဲ့ ဆရာသန်းဝင်းလှိုင်ကို သူထွက်လာရတဲ့ အကြောင်းတွေ၊ သူဖြန်သန်းခဲ့ရတဲ့ မြန်မာ့စာပေလောကအပေါ် သုံးသပ်ချက်တွေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အကြောင်းအချင်းအရာတွေနဲ့ ပတ်သက်ပြီး ဆရာသန်းဝင်းလှိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆရာသန်းဝင်းလှိုင်က ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရောက်ရှိလာတယ်ဆိုပြီး ကျနော်တို့ ကြားသိရပါတယ်။ ဆရာဘာကြောင့်မို့ ထွက်လာရတယ် ဆိုတဲ့အကြောင်းကို သိချင်ပါတယ်။

ထွက်လာတဲ့အကြောင်းကတော့ ကျနော်ရေးတဲ့စာအုပ်တွေ ၁၅ အုပ် လောက် ဆိုင်းငံခံထားရတယ်။ နောက်တခါ ကျနော့်ရဲ့ ကလောင်ခွဲတွေပေါ့ အရင်တုန်းက စာပေတို့ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ဟာတွေပါ အဲဒါတွေပါ ပိတ်ခံထားရတယ်။ အခု စာအုပ် ၁၅ အုပ်ဆိုင်းငံ ခံထားရတာကတော့ သူတို့က အန်အယ်လ်ဒီပါတီက ထွက်ခိုင်းတာကို ကျနော်က မထွက်လို့ပေါ့။ နောက်တခါ ဘာကလောင်မှ ရေးခွင့်မပြုဘူး ပိတ်လိုက်တာက ဒီဗွီဘီတို့ အာရ်အက်ဖ်အေတို့၊ ဗွီအိုအေတို့ပေါ့ ပြည်ပ သတင်းဌာနတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံတော်အစိုးရကို အကြည်အညို ပျက်စေရန် သတင်းမှားတွေကို ပေးပို့တယ်။ ဆက် သွယ်တယ်။ အဆိုးမြင်ဝါဒီ စာနယ်ဇင်းသမားဆိုပြီး သတ်မှတ်ပြီးတော့ အကုန်လုံးပိတ်တာ။ ပိတ်လိုက်တဲ့အပြင် ကျနော့်ကို ပြန်ဖမ်းမယ့် အနေအထားလုပ်တဲ့အတွက် ကျနော်အနေနဲ့ အဖမ်းမခံချင်လို့ ဒီဘက်ကို ထွက်လာတဲ့ သဘောပါ။”

ဟုတ်ကဲ့ ဆရာ။ ဆရာ ဖြတ်သန်းခဲ့ရတဲ့ မြန်မာ့စာပေလောကအပေါ်ရော ဘယ်လိုများ သုံးသပ်မိပါသလဲဗျ။

“မြန်မာနိုင်ငံက ဘယ်လိုမျိုး ဖြစ်နေသလဲဆိုတော့ လွတ်လပ်ရေးရတာ ၆၄ နှစ် ရှိနေပြီ စာပေလွတ်လပ်ခွင့်တို့ ဘာတို့ဆိုတာ မေးယူရမလို ဖြစ်နေပြီ။ လူတွေက အကြောက်တရားတွေနဲ့ အမှန်တရားရဲ့ စည်းအပြင်ကို ရောက်နေတယ်လို့ပဲ ကျနော်က သုံးသပ်တယ်။ နောက်တခုက လောကမှာ အရွက်မရှိတဲ့သစ်ပင်က အရိပ်မပေးနိုင်ဘူး။ အရိပ်မပေးနိုင်တဲ့သစ်ပင်ကလည်း ဘာတန်ဖိုးမှ မရှိဘူး။ အဲတော့ ဗမာနိုင်ငံက ဒီမိုကရေစီဘာညာနဲ့ အသံကောင်းဟစ်နေပေမယ့် စစ်အာဏာရှင်စနစ်အောက်မှာ စာပေအနုပညာက ဘယ်လိုမှ ဖွံ့ဖြိုးမှုမရှိဘူး ဆိုတာကတော့ သဘာဝကျနေတယ်။ အဲတော့ ကျနော်တို့က ရတဲ့နည်းနဲ့ တိုက် မယ်ဆိုပြီး ဒီဘက်ကို ထွက်လာတဲ့သဘောပါ။”

ဆရာဒီဘက် လွတ်မြောက်နယ်မြေဘက်ကို ရောက်ရှိလာပြီဆိုတော့ ဆရာ့အနေနဲ့ ရှေ့ဆက်ပြီး ဘာတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားလဲဆိုတာ သိချင်ပါတယ်။

“ကျနော်ကတော့ ဟိုမှာ ရေးလို့ မရတာ ဒီမှာက လွတ်မြောက်နယ်မြေ ဖြစ်တဲ့အတွက် ကျနော်က ကိုယ်တတ်ကျွမ်းတဲ့ စာပေနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုကို အသိပေးချင်တယ်။ ကိုယ်ယုံကြည်ချက်၊ ကိုယ်ရေးချင်တဲ့ဟာလေးတွေကို ဒီမှာ လွတ်လွတ်လပ်လပ် ရေးချင်တဲ့စိတ်ကတော့ နံပါတ်တစ်ပေါ့။ မြန်မာပြည်မှာ ဘာလုပ်ငန်းကိုပဲလုပ်လုပ် နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဆိုတာ အဲဒါ ကျနော်က သိပ်ဘ၀င် မကျဘူး။ နောက်တခါ လူတယောက် အထူးသဖြင့် ကျနော်တို့လို စာနယ်ဇင်းသမားက နိုင်ငံရေးအသိအမြင်တွေ မကြည်လင်ဘူး။ မတိုးတက်ဘူးဆိုရင် ကျနော်တို့ စာပေတွေက လူမှုဘ၀တွေကို ဘယ်လိုမှ ထင်ဟပ်နိုင်မှာ မဟုတ်ဘူးလို့ ကျနော်က ယူဆတယ်။ ကျနော်က ထောင်ကျမခံရဲတာက ဗိုလ်ချုပ်အောင်ဆန်းပြောသလိုပါပဲ အစာငတ်ခံပြီးတော့လည်း နိုင်ငံရေးမလုပ်နဲ့ ထောင်ကျခံပြီးတော့လည်း နိုင်ငံရေးမလုပ်နဲ့ ဗမာပြည်မှာက လူ့အခွင့်အရေးတွေ ဘာတွေ လူ့တန်ဖိုးတွေ ဘာမှသိတာ မဟုတ်ဘူး။ နောက် ထောင်ထဲမှာလည်း ကျနော်တို့ ဘ၀ကို မကျိုးပဲ့စေချင်ဘူး။ ထောင်ထဲမှာ လူလို မနေရဘူး။ လူလိုလည်း အိပ်ရတာ မဟုတ်ဘူး။ လူလိုလည်း စားရတာ မဟုတ်ဘူး။ ဒါ ကျနော် ၆ နှစ်နဲ့ ၈ လ နေခဲ့ရတာပေါ့နော်။ အဲတော့ ကိုယ့်ရဲ့ အကျိုးရှိအချိန်တွေ ထောင်ထဲမှာ မကုန်ဆုံးစေချင်ဘူး။ အဲတော့ လွတ်မြောက်နယ်မြေကနေ ကျနော်တတ်ကျွမ်းတဲ့ နေရာကနေ ပြည်သူလူထုအတွက်၊ အမှန်တရားနဲ့ တိုင်းပြည်အတွက် လူထုရဲ့ လိုအပ်ချက်ကို တထောင့်တနေရာက ပါဝင်ဆောင်ရွက်ဖို့ ထွက်လာတာပါခင်ဗျ။”

ဆရာသန်းဝင်းလှိုင်ဟာ ၁၉၉၇ ခုနှစ် နိုဝင်ဘာလမှာ သင့်ဘ၀မဂ္ဂဇင်းမှာ ဖော်ပြပါရှိခဲ့တဲ့ “အနာဂတ်လွန်းပျံယာဉ်” ဆောင်းပါးနဲ့ မြန်မာ့စာပေလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး သုတ၊ ရသ၊ အားကစား ဆောင်းပါးပေါင်းစုံတွေကို ရေးသားခဲ့ကာ လုံးချင်းစာအုပ် ၃၀ ကျော်ကိုလည်း ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေဘက်မှာတော့ ဆရာသန်းဝင်းလှိုင်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကာလမှာ ထောင်အချုပ် ၁ လခွဲ ကျခံရပြီး ၂၀၀၀ ပြည်နှစ်မှာ “ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ” စာအုပ်ကို စာအုပ်ထုတ်ဝေသူက ခွင့်ပြုချက် မရရှိဘဲ ထုတ်ဝေခဲ့တာ ကြောင့် ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်ခံခဲ့ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: