အံ့ဘုန်းမြတ် ၃၀ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
နအဖစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာပေမယ့် နိုင်ငံရေးပါတီသစ်တွေရော၊ ပါတီသစ်တွေထဲကပါ ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့ နီးစပ်မှုနည်းပါးနေဆဲ ဖြစ်နေပါတယ်။ လက်ရှိထူထောင်ခွင့်ရထားတဲ့ ပါတီ ၄၀ ကျော်ထဲက ပါတီတချို့ပဲ မီဒီယာတွေနဲ့ ဆက်ဆံမှုရှိနေပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်နဲ့ ပါတီလှုပ် ရှားမှုသတင်းတွေကို ပြောဆိုနေပြီး ကျန်ပါတီအများစုက ဒီလိုထိတွေ့မှု နည်းပါးနေ ပါတယ်။
ပါတီသစ်တွေအနေနဲ့ ပါတီရပ်တည်ရေး အဆင်သင့်မဖြစ်သေးတာ၊ ဆက်သွယ်ရေး ခက်ခဲတာ၊ အစိုးရရဲ့ မူဝါဒတွေနဲ့ ကော်မရှင်ရဲ့ စည်းကမ်းချက်တွေကြောင့် ပါတီရပ်တည်ရေး စိုးရိမ်တာ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးလောကနဲ့ မီဒီယာအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တချို့က သုံးသပ်ကြပါတယ်။ ဒီ အခြေအနေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက သူ့ယူဆချက်ကို အခုလို ပြောပါတယ်။
“ပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေ အားလုံးက နိုင်ငံရေးပါတီ ၄၀ လုံး အားလုံး ရင်ဆိုင်နေရတဲ့ အခြေအနေပဲ။ စိုးရိမ်ထိတ်လန့်မှုတော့ သူတို့မှာလည်း ရှိနိုင်လိမ့်မယ်လို့တော့ ထင်တယ်။ ဒါပေမယ့် နိုင်ငံရေးပါတီဆိုတာက ပြည်သူလူထုကို သူတို့ရဲ့ သဘောထားအမြင်တွေကို ထုတ်ပြန်ကြေညာ သင့်တယ်လေ။ အဲဒီလို ထုတ်ပြန်ကြေငြာမှုမျိုးတွေကို သိပ်မတွေ့ရဘူး ဖြစ်နေတာ။ အဲဒီပါတီတွေက ဘာသံမှ မမြည်ဘူး ဖြစ်နေတယ်။ ဘာမှမထုတ်ပြန်ဘူး။ ဘာမှလည်း မလုပ်ဘူး ဖြစ်နေတယ်။ သူတို့ ဘာတွေလုပ်နေတာလဲ။ သူတို့က ဘာအတွက် ပါတီထောင်တာလဲ ဆိုတဲ့ကိစ္စတောင် မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုလည်း ပြည်သူလူထုကို ထုတ်ပြန်ကြေညာချက်မျိုးတွေမတွေ့ရသေးဘူး အခုအချိန်အထိ။ အဲဒီလို အခြေအနေမျိုးတွေတော့ ရှိသင့်ပြီလို့ ထင်တယ်။”
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ ထူထောင်ပြင်ဆင်နေတဲ့ အမျိုးသား နိုင်ငံရေးသမား ဦးဝင်းနိုင်ကလည်း နိုင်ငံရေး ပါတီတွေရဲ့ လက်ရှိအခြေအနေနဲ့ အစိုးရရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေးပါတယ်။
“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ အားလုံး ကြောက်နေကြတယ်ဗျ။ နိုင်ငံရေးပါတီတွေ ဖွဲ့ပြီးတော့ ကြောက်ကြောက် လန့်လန့်နဲ့ လုပ်နေရတဲ့အခြေအနေမျိုး ဖြစ်တော့လည်း ဒီမိုကရေစီစနစ်ကို ထူထောင်ချင်လို့ ရွေးကောက်ပွဲ လုပ်ပါတယ် ဆိုရင်ဖြင့်ရင် ဒီလိုကြောက်လန့်ခြင်းမျိုးက မရှိသင့်ဘူးပေါ့ဗျာ။ အထူးသဖြင့် နိုင်ငံရေးလုပ်တဲ့ လူတွေကိုယ်နှိုက်က ကြောက်နေရမယ်ဆိုရင် မဲဆန္ဒရှင်တွေ အနေနဲ့ရော၊ တိုင်းသူပြည်သားတွေအနေနဲ့ရော ပိုပြီးတော့တောင်မှ သူတို့မှာ ကြောက်ရတော့မယ့် အခြေအနေမျိုး ရောက်နေပြီ။”
ဒီလိုအခြေအနေနဲ့ပတ်သက်ပြီးတော့ပဲ ခေတ်သစ်ပြည်သူ့ ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်ရဲ့ အမြင်ကတော့
“အခုမှ ပါတီစုံစနစ်က ဖွင့်တဲ့အချိန်ကိုး။ စပြီးဖွင့်တဲ့ အချိန်မှာတော့ ဆက်သွယ်ရေးမှာလည်း အခက်အခဲရှိနိုင်တယ်။ မြန်မာနိုင်ငံထဲက ပြည်သူတွေသည်ပင်လျှင် ဒီမိုကရေစီနဲ့ စိမ်းနေသေးတယ်။ အသားတကျ မဖြစ်သေးဘူး။ စပြီး ပါတီစုံစနစ် လုပ်တဲ့အချိန်မှာ အဲဒီလို အခက်အခဲတွေ ရှိနိုင်ပါတယ်။ နောက်တခါ ဂလိုဘယ်လိုက်ဇေးရှင်းကြီးကလည်း ဆက်သွယ်နေတဲ့ အခါကျတော့ တဖြည်းဖြည်းနဲ့ ဒါတက်သွားမှာပါ၊ ဒီမိုကရေစီ ထူထောင်စ နိုင်ငံတွေမှာ ဒါတွေက ဖြစ်တက်ပါတယ်။”
ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဌ ဦးထွန်းအောင်ကျော်ပြောခဲ့တာပါ။ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးအောင်ဇော်ကတော့ လက်ရှိနိုင်ငံရေးပါတီတွေနဲ့ မီဒီယာတွေရဲ့ ထိတွေ့မှု့တွေနဲ့ ပတ်သက်ပြီး အခုလိုသုံးသပ် ပြောဆိုပါတယ်။
“အပြင်မှာရှိတဲ့ မီဒီယာတွေကနေပြီးတော့ အတင်းပြန်ပြီးတော့ ဆက်သွယ်လို့ ထိုးဖောက်လို့ ရတာမျိုးတွေ ဖြစ်တယ်။ သူတို့က လာပြီးတော့ ဆက်သွယ်လို့ ထိုးဖောက်လို့ဆိုတာ အရမ်းနည်းတာကို တွေ့ရတယ်။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ အတိုက်အခံပါတီတွေက သူတို့ပါတီ ဘာလုပ်နေတယ်ဆိုတာက အစ ပြည်ပမှာရှိတဲ့ မီဒီယာတွေရော၊ ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေရောကို သူတို့ ထိုးဖောက်ပြီးတော့ကို ပြောသင့်တယ်။ ပြောရမယ်လို့ ကျနော်ထင်တယ်။ အဲဒါတွေကအစ သူတို့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖောက်ကြရမယ်။ ဘယ်လို စကားပြောရမလဲဆိုတာကတော့ အများကြီး လိုအပ်နေ သေးတယ် ထင်ပါတယ်။”
ပြည်ပမီဒီယာတွေရော ပြည်တွင်းမီဒီယာတွေပါ နိုင်ငံတ၀န်းလုံးက မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲသတင်းတွေကို ရွေးကောက်ပွဲကြိုနဲ့ ရွေးကောက်ပွဲကာလတွေမှာ ရယူဖို့အခက်အခဲတွေ အများကြီးရှိနေပြီး အဲဒီအခက်အခဲတွေ ကြားကပဲ သတင်းတွေ ရယူနေကြရတယ် လို့လည်း ဦးအောင်ဇော်က ပြောပါတယ်။
လက်ရှိ အခြေအနေမှာတော့ နအဖစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကို နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ ဆက်လက် တည်ထောင်ခွင့်တွေကို လျှောက်ထားထားပြီး ပါတီမှတ်ပုံတင်ခွင့် လျှောက် ထားတဲ့ ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ပါတယ်။
Leave a Reply