အံ့ဘုန်းမြတ် ၃၁ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
လွန်ခဲ့တဲ့သီတင်းပတ်တုန်းက မြန်မာစာရေးဆရာ ဟိန်းလတ် ရေးသားတဲ့ မြောက်ကိုရီးယားနိုင်ငံ သမ္မတကင်ဂျုံအီးစာအုပ်ကို ရန်ကုန်အခြေစိုက် မြောက်ကိုရီးယားသံရုံးက သိမ်းဆည်းခဲ့တဲ့အတွက် မြန်မာစာနယ်ဇင်းလောကသားတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။ စာရေးဆရာဦးဟိန်းလတ်ရေးသားတဲ့ မြောက်ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာကင်ဂျုံအီးရဲ့ အထ္ထုပ္ပတ္တိစာအုပ်ဖြစ်တဲ့ “ကင်ဂျုံအီး သို့မဟုတ် မြောက်ကိုရီးယားရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီး” အမည်နဲ့ စာအုပ်တွေကို ရန်ကုန်အခြေစိုက် မြောက်ကိုရီးယားသံရုံးက သိမ်းစည်းခဲ့တဲ့အပေါ် မြန်မာစာနယ်ဇင်း လောကသား တွေ မကျေမနပ်ဖြစ်နေကြတာပါ။
ဒီလိုဖြစ်နေတာနဲ့ ပတ်သက်ပြီး ပြည်တွင်းက သတင်းဂျာနယ် အယ်ဒီတာတဦးက အခုလို ပြောပါတယ်။
“ဒါကတော့ သူနဲ့ပေါင်းနေတဲ့သူတွေဆိုရင် ထုံစံအတိုင်း တရုတ်နဲ့ပြေရင် ပြေသလို၊ ထိုင်းနဲ့ ပြေရင်ပြေသလို မပြေရင် မပြေသလို ဒါတွေက လုပ်နေကျ ကိစ္စပဲ။ ဒီလောက်ပေါင်းနေတဲ့ နိုင်ငံကတော့ စိတ်တိုင်းကျ လုပ်ပေးမှာပဲ။ ဒီဘက်က အစကတည်းက လိုက်လျောချင်နေတဲ့သူဆိုတော့ ဒါက ဖြစ်လာမှာပဲ။”
ဒီလိုသိမ်းစည်းခံရတာနဲ့ပတ်သက်ပြီး ကာယကံရှင် စာရေးဆရာ ဦးဟိန်းလတ်နဲ့ ထုတ်ဝေသူတွေ ဘက်ကတော့ အခြေအနေ အရပ်အရပ်ကြောင့် စောဒကမတက်ကြပေမယ့် စာနယ်ဇင်းလောကသားတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရ၀န်ကြီး ဌာနတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကြားဝင် ဆောင်ရွက်ဖြေးရှင်းပေးစေလို နေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသစ်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်) က
“ကျနော်တို့ဆီကို သူတရားဝင် ဘာမှ အကြောင်းမကြား ထားဘူးဗျ။ ကျနော်တို့ကလည်း သိတာပဲ ရှိတာလေ။ ကျနော်တို့ စာပေစာနယ်ဇင်းရဲ့ သဘောတရားကတော့ အကြောင်းကြားရတဲ့အပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်တာပဲ ရှိတယ်။ လောလောဆယ် ပြောဖို့တော့ ကျနော်တို့ စောသေးတယ်။ တကယ်တမ်းက ကျနော်တို့ဆီကို အကြောင်းကြားတာ၊ တရားဝင် စာပို့တာတို့ မရှိသေးဘူး။ အခုဟာ ကာယံကံရှင် ဦးဟိန်းလတ်ဆီက ဘာမှ အကြောင်းကြောင်းတာ မရှိသေးဘူး။ တခုခု ရှိလာရင်တော့ တခုခုတော့ လုပ်ပေးရမှာပေါ့။”
“ကင်ဂျုံအီး သို့မဟုတ် မြောက်ကိုရီးယားရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီး” စာအုပ်ဟာ ပြန့်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနက တရားဝင်ပုံနှိပ် ထုတ်ဝေခွင့် ပေးထားတဲ့ စာအုပ်ဖြစ်ပြီး ဒီစာအုပ်ကို သံရုံးက သိမ်းစည်းတာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်တယ် လို့လည်း မြန်မာစာဇင်းလောကသားအများစုက သုံးသပ် နေကြပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုရောက်ရှိနေပြီး မြောက်ကိုရီးယားနဲ့မြန်မာစစ်အစိုးရရဲ့ သံတမန်ဆက်ဆံရေး အခြေအနေကိုတော့ မြောက်ကိုရီးယား-မြန်မာ သံအမတ်ဟောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက အခုလို သုံးသပ် ပြောဆိုလိုက်ပါတယ်။
“မြောက်ကိုရီးယားအနေနဲ့ အဏုမြူဗုံးတွေ လုပ်ဖို့ စူးစမ်းရှာဖွေနေတယ်။ လုပ်လည်း လုပ်နေပြီ။ လုပ်နိုင်နေပြီ ဆိုပြီးတော့ သတင်းတွေက ကြားနေရတယ်။ ဒါ ကြောင့်မို့လို့ မြန်မာအစိုးရအနေနဲ့ကလည်း အဏုမြူဗုံးတို့ ဘာတို့ လုပ်ချင်ကိုင်ချင်တဲ့ သဘောရှိတယ်။ ဒါကြောင့်မို့ မြောက်ကိုရီးယားနဲ့ ပြန်ပြီးတော့ သံတမန် အဆက်အသွယ် ယူပြီးတော့ ရင်းနှီးအောင် ဆက်ဆံနေတယ်လို့ မြင်ပါတယ်။ ဒီအခြေအနေမှာ မြောက်ကိုရီးယားက၀န်ကြီးတောင် မြန်မာပြည်လာလည်နေတဲ့ အဆင့် အတန်း ရောက်နေတယ်ဆိုတော့ နှစ်နိုင်ငံဆက်ဆံရေးက အင်မတန်ရင်းနှီးသွားပြီဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားပြီပေါ့။”
မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံဟာ ၁၉၈၃ ခုနှစ် အာဇာနည်ကုန်း ဗုံးဖောက်ခွဲမှုအပြီး နှစ်အတော်ကြာအောင် သံတမန် ရပ်ဆိုင်းခဲ့ပေမယ့် နအဖစစ်အစိုး ရလက်ထက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စတင်ကာ သံတမန်ဆက်ဆံရေး ပြန် လည်စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ နိုင်ငံတကာက ပွင့်လင်းမြင်သာမှုမရှိတဲ့ မြောက်ကိုရီးယား – မြန်မာဆက်ဆံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။
Leave a Reply