Archive for

တသီးပုဂ္ဂလပြင်ဆင်ထားတဲ့ ကိုယ်စားလှယ်တွေကိုပဲ အမတ်အဖြစ် စည်းရုံးမည်


အံ့ဘုန်းမြတ် ၁၆ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)

ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုတွေကို ဒီလကုန်နောက်ဆုံးထားပြီး တင်ပြဖို့ ကြေညာလိုက်တာကြောင့် ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီတွေ တသီးပုဂ္ဂလအနေနဲ့ ရွေး ကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားသူတွေကိုပဲ အမတ်အဖြစ် စည်းရုံးကြရတော့မယ် အခြေအနေ ဖြစ်နေပါတယ်။

ဒီလ ၁၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ အချိန် ၁၅ ရက် သာပေးပြီး ပြည်သူ့လွှတ်တော်ရဲ့ မဲဆန္ဒနယ်မြေ ၃၃၀ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကော်မရှင်ကို တင်ပြကြရမှာဖြစ်တဲ့အတွက် ပါတီသစ်တွေ အနေနဲ့ အရင်ကတည်းက ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလိအနေနဲ့ ၀င်ပြိုင်ဖို့ စိတ်ကူးရှိတဲ့ ပုဂ္ဂိုလ်တွေကို ဦးစားပေး စည်းရုံးကြဖို့ ရှိနေတာပါ။

နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးအတွက် အာမခံငွေ ကျပ်ငါးသိန်း ကော်မရှင်မှာ အာမခံ ထားရှိရမှာ ဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်ရဲ့ မဲဆန္ဒနယ် ၃၃၀ မှာ ကိုယ်စားလှယ် အပြည့်ထားရှိရင် ကျပ်ငွေ သိန်းပေါင်း တစ်ထောင့်ခြောက်ရာကျော် လိုအပ်မှာဖြစ်တဲ့အတွက် တသီးပုဂ္ဂလ ပြင်ဆင်နေသူတွေကိုပဲ စည်းရုံးကြရမှာ ဖြစ်တယ်လို့လည်း နိုင်ငံရေးပါတီခေါင်းဆောင်တချို့က ဆိုပါတယ်။ ဒီလို စည်းရုံးဖို့ရှိနေတာနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီကွန်ဂရက်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးဝေမှူးသွင်က အခုလို ပြောပါတယ်။

“ကိုယ့်ဟာကို တာဝန်ယူရမှာပေါ့နော်။ တသီးပုဂ္ဂလဆိုတာကလည်း သူတို့ ဟာသူတို့ တသီးပုဂ္ဂလ ဆိုတဲ့ဟာကလည်း ဘယ်လိုပဲ ဖြစ်ဖြစ် ၀င်မှာပဲလေ။ အဲဒီလို လူတွေအတွက် ကျနော်တို့ ပါတီခေါင်းစဉ်အောက်က ၀င်ဖို့ ပြောတာပေါ့။ သူတို့နယ်မှာ သူတို့ဟာသူတို့ အစကတည်းက စည်းရုံးထားတာ။ သူတို့ဟာသူတို့ ပြင်ဆင်ထားတာ၊ ရွေးကောက်ပွဲဝင်လို့ရှိရင် ကျနော်တို့ ပါတီရဲ့ ခေါင်းစဉ်အောက်က ၀င်ဖို့ပြောတာပါ။ တသီးပုဂ္ဂလ မလုပ်ဘဲနဲ့ တသီးပုဂ္ဂလ ဆိုတာထက် ပါတီတခုခုအောက် ၀င်လုပ်တယ်ဆိုတာမျိုး ဖြစ်အောင်ပေါ့။ ကျနော်တို့လည်း ကိုယ်စားလှယ်လောင်း အင်အားတိုးတာပေါ့။”

မြန်မာ့ဒီမိုကရေစီကွန်ဂရက်ပါတီအနေနဲ့ မဲဆန္ဒနယ် ၁၀ ခုလောက်မှာပဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အခြေအနေရှိသလို ပါတီရဲ့ လက်ရှိကိုယ်စားလှယ်လောင်း စည်းရုံးရရှိမှု အခြေအနေကိုလည်း ဦးဝေမှူးသွင်က

“ကျနော်တို့ဟာက ဘယ်သူတွေ ဘယ်နေရာမှ ၀င်ရွေးမယ်ဆိုတာကို ကျနော်တို့ အခု ဆုံးဖြတ်နေပြီး။ အခုလောလော ဆယ်တော့ ကျနော်တို့ ပါတီက အမတ်လောင်း ၁၀ ယောက် ၀န်းကျင်းလောက်တော့ အနည်းဆုံး ၀င်မယ်။ ပြီးတော့ တသီးပုဂ္ဂလ၀င်မယ်ဆိုတဲ့ လူတွေရှိတယ်။ အဲဒီလူတွေကိုလည်း ကျနော်တို့ ပါတီခေါင်းစဉ်အောက်က လာဝင်ဖို့ ကျနော်တို့ ပြောနေတယ်။ အဲဒါက ပြောနေတုန်းပေါ့ နော်။ ၃၀ ရက်နေ့ နောက်ဆုံးရတယ်ဆိုတော့ ကျနော်တို့က ၂၅ ရက်နေ့ အထိ နောက်ဆုံး သဘောထား သူတို့ဆီက တောင်းလို့ရတယ်။”

ဒါ့အပြင် အရပ်သားတွေ ဦးဆောင်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အဓိက ပြိုင်ဘက်ကဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွဲ့ဖြိုးရေးပါတီကို စုပေါင်းယှဉ်ပြိုင်နိုင်ဖို့ အမတ်လောင်းနေရာတွေ မတိုက်အောင် ညှိနှိုင်းဆောင်ရွက်အဖြေရှာကြဖို့ လိုပြီလို့လည်း ပါတီခေါင်းဆောင်တွေက ဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ် လုပ်ဖို့ဆန္ဒရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ပြင်ဆင်ရ မယ့်အရာတွေကိုလည်း မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးနေမျိုးဝေက

“လွှတ်တော်ကိုယ်စားလှယ်တွေက ဒီကာလမှာ သိပ်ပြီးတော့ ဘယ်လိုဟာတွေ လုပ်ရမယ်။ ဘယ်လိုဟာတွေ မလုပ်ရဘူးဆို တာ သိပ်စဉ်းစားစရာ မလိုဘဲနဲ့ ဒီပါတီက ဥပဒေမူကြမ်းနဲ့ တင်မယ်ဆိုတဲ့ အဂရီး(အတည်ပြု) ဖြစ်ပြီဆိုရင် ဒါ ပါတီဝင်ပြီးပြီ၊ ပါတီဝင်ဆိုတာ လုပ်လို့ရပြီပေါ့နော်၊ အဲဒီတော့ ငွေ ၅ သိန်းပါလာမှပဲ လွှတ်တော်ကိုယ်စားလှယ် လုပ်လို့ရမယ်၊ အဲဒါကြောင့် ငွေ ၅ သိန်းက အခါရာ ကျတယ်လို့ ပြောတာ။ ကျန်တဲ့ မူဝါဒါတွေကတော ပါတီဝင်လက်စွဲ စာအုပ်နဲ့ပဲ အလုပ်လုပ်ရုံပဲ။”

ဦးနေမျိုးဝေဟာ မင်္ဂလာဒုံမြို့ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး သူ့ပါတီအနေနဲ့လည်း ကိုယ်စားလှယ် ၁၀ ဦး လောက်ပဲ ရှိမယ်လို့လည်း ခန့်မှန်း ပြောဆိုပါတယ်။ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်မှုတွေကို စက်တင်ဘာလ ၆ ရက်နေ့က ၁၀ ရက်နေ့အတွင်း ပြုလုပ်သွားမှာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုတွေကို ရုပ်သိမ်းနိုင်မယ် နောက်ဆုံးနေ့ကတော့ စက်တင်ဘာလ ၃ ရက်နေ့ဖြစ်တယ်လို့လည်း ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

Advertisements

ရွေးကောက်ပွဲရက် ကြေညာသည့်အပေါ် မတူကွဲပြားသည့် တုန့်ပြန်ချက်များ


(တနင်္ဂနွေသတင်း အစီအစဉ်)

ထက်အောင်ကျော် ၁၅ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)

လာမယ့်နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်အစိုးရက ကြေညာလိုက်တဲ့အပေါ် နိုင်ငံရေးပါတီ အသီးသီးဆီက တုန်ြ့ပန် ချက် ၃ မျိုးထွက်လာတာကို တွေ့ရပါတယ်။ ပထမတမျိုးကတော့ အဲဒီရက်အတိုင်းသာ ကျင်းပမယ်ဆိုရင် မဲဆွယ်စည်းရုံးချိန် ကြိုတင်ပြင်ဆင်ချိန် ဘာမှမရလိုက်တဲ့အတွက် အချိန်တိုးပေးရေး တောင်းဆိုဖို့ ဖြစ်ပါ တယ်။ ဒုတိယတမျိုးကတော့ စစ်အစိုးရဆီက ထွက်လာမယ့်အစီစဉ်တွေဟာ စစ်အုပ်စုစိတ်ကြိုက် အစီစဉ်တွေဖြစ်မယ် ဆိုတာကို ကြိုသိနေပြီးဖြစ်တဲ့အတွက် အဲဒါတွေကို သိပ်မပြောတော့ဘဲ ကိုယ်လုပ်စရာရှိတာကို မူလအစီစဉ်အတိုင်း ဆက်လုပ်ဖို့ ဖြစ်ပါတယ်။ တတိယ တမျိုးကတော့ ဒီရွေးကောက်ပွဲအပေါ် နဂိုကတည်းက ဝေဖန်နေပြီး သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အဖွဲ့တွေဆီကထွက်လာတဲ့ ထပ်မံခြိမ်းခြောက်သံတွေဖြစ်ပါတယ်။ သောကြာနေ့က မေးမြန်းခန်းခဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ ပြောဆိုချက်တွေကို ကောက်နှုတ်ပြီး အခုတပတ် တနင်္ဂနွေသတင်းအစီစဉ်အဖြစ် တင်ပြသွားမှာ ဖြစ် ပါတယ်။

ရွေးကောက်ပွဲဟာ အပြောင်းအလဲအတွက် အဖွင့်ကျားကွက် ဖြစ်ကောင်းဖြစ်နိုင်တယ်


(စာရေးဆရာကျော်ဝင်းနှင့်တွေ့ဆုံခြင်း)

အံ့ဘုန်းမြတ် ၁၄ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)

နအဖစစ်အစိုးရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီး စစ်တပ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးကို ပြောင်းလဲလာမယ့် ရွေးကောက်ပွဲအဖြစ် စဉ်ဆက်မပျက်လိုလို ထောက်ခံရေးသားနေတဲ့ The Voice ဂျာနယ်ရဲ့ ပင်တိုင် ဆောင်းပါးရှင် စာရေးဆရာ တစ်ဦးဖြစ်သလို ရွေးကောက်ပွဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရွေးချယ်ဖို့ အခြားမရှိတဲ့အတွက် လက်ခံသင်တယ်လို့ ယူဆထားတဲ့ စာရေးဆရာ ဆရာကျော်ဝင်းရဲ့ ရွေးကောက်ပွဲရက် သတ်မှတ်ချက်အပေါ် အမြင်နဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းပေါ် သုံးသပ်ချက်တွေကို နားသောတဆင်ကြရမှာဖြစ်ပါတယ်။ စာရေးဆရာ ဆရာကျော်ဝင်းကို တိုက်ရိုက်ဆက် သွယ်မေးမြန်းထားပါတယ်။

ဆရာကျော်ဝင်းဟာ The Wave မဂ္ဂဇင်းကို တည်းဖြတ်ထုတ်ဝေလျက်ရှိပြီး ”ကမ္ဘာပြားပြီ” စာအုပ်နဲ့  ၂၀၀၆ ခုနှစ် အမျိုးသားစာပေ ဘာသာပြန်(သုတ)ဆုရရှိခဲ့ပြီး ဘာသာပြန်နဲ့ ပင်ကိုယ်ရေး လုံးချင်းစာအုပ်ပေါင်း (၆၀) ကျော် ထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင် The Voice ဂျာနယ်အပါအ၀င် အခြားဂျာနယ်တွေမှာ လည်း မျက်မှောက်ခေတ်နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေအပါအ၀င် အတွေးအမြင်ဆောင်းပါးတွေကို စဉ်ဆက်မပျက်ရေးသားနေတဲ့ စာရေးဆရာ တစ်ဦးလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပမည့်ရက်အပေါ် နိုင်ငံရေးပါတီများ လက်မခံနိုင်


အံ့ဘုန်းမြတ် ၁၃ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)

ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကျင်းပရက် သက်မှတ်ချက်အပါအ၀င် မဲဆန္ဒနယ်တွေအတွက် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွေ တင်သွင်းရမယ့် ကြေညာချက်တွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီအများစုက လွှတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွှေးကောက်ပွဲအဖြစ် ပေါ်ပေါက်မလာနိုင်တော့ဘူးလို့ ဝေဖန်ပြောကြား လိုက်ကြပါတယ်။ အဲ့ဒီထဲက ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က အခုလို စပြောလိုက်ပါတယ်။

“ကျနော်တို့နိုင်ငံရေးပါတီတွေကို အခုပဲ မနေ့တနေ့က လူဖြစ်စေသတည်းဆို လုပ်လိုက်ပြီး။ အခုပဲ ၁၆ နှစ်ပြည့်စေသတည်း ဆိုပြီး လုပ်လိုက်သလို ဖြစ်သွားတယ်ဗျ။ လုံလုံလောက်လောက် ပါတီတည်ဆောက်ချိန်မပေးဘဲနဲ့ ရွေးကောက်ပွဲကို ဇွတ်အတင်း ၀င်လုပ်တဲ့သဘော ဖြစ်သွားတယ်။ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပဲ။”

“နိုင်ငံရေးကို မသိတဲ့လူတွေ၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်တဲ့လူတွေက ကော်မရှင်လူကြီးလုပ်ပြီးတော့ လျှောက်လုပ်နေတဲ့ကိစ္စဖြစ်နေတယ်။ တော်တော် စိတ်ပျက်စရာကောင်းတာပေါ့။ တိုင်းပြည်ဒီမိုကရေစီနိုင်ငံ ဖြစ်ရာဖြစ်ကြောင်း အမှန်လမ်းကြောင်းကိုလည်းမကြည့်ဘူး။ အဲဒီ အတွက် ပြည်သူလူထု ပါဝင်နိုင်တဲ့ အခွင့်အလမ်းကိုလည်းမပေးဘူးဗျာ။ နိုင်ငံရေးလုပ်ရမယ်သူတွေရဲ့ နိုင်ငံရေးသဘော သဘာဝတွေကိုလည်း လေးစားလိုက်နာပြီးတော့ အသိအမှတ်ပြုပေးတာမျိုး မရှိဘူးဗျာ။ ဒီလိုသဘောတွေ အများကြီး ဆောင်နေပါတယ်။ ကြံ့ခိုင်ရေးပါတီတခုတည်း နိုင်ဖို့မဟုတ်ဘူး၊ ကြံ့ခိုင်ရေးပါတီတခုတည်းပဲ သူတို့က အာဏာအပ်ချင်တဲ့ သဘောကြီးက ပေါ်တင်ကြီးဖြစ်သွားပြီပေါ့ဗျာ။ ရွေးကောက်ပွဲကိုတောင် ရွေးကောက်ပွဲနဲ့တူအောင် သူတို့မလုပ်ချင်တဲ့ သဘောပါသွားပြီဗျ။ အဲဒီလိုပဲ အားမနာတမ်းပြောရတော့ မှာပဲဗျာ။ အခြေအနေက အဲဒီကို ရောက်သွားပြီ။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းကလည်း အခုလို ဆိုပါတယ်။

“၁၉၉၀ ထက်စာရင် ဒိတ်အင်မတန်နည်းပါတယ်။ ပါတီတွေကိုလည်း မပိတ်ပေးသေးဘူး။ အန်တီတို့ကို ရက် ၉၀ ပေးမယ်လည်း ပြောထားတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သွားပြီးတော့ မကိုက်ညီဘူးပေါ့နော်။ ပြောချင်တာလည်း ပြောလို့မရဘူးလေ။ အချိန်မရှိဘူး အချိန်ရှိတယ် ဘာညာ ဘာမှပြောလို့မှမရဘဲ။ ဒါအစိုးရက ဒါပဲဟေ့ဆိုပြီး ဗမာပြည်ရဲ့ ထုံးစံအတိုင်း အန်တီတို့ကလုပ်ရမှာပါ။ အဲဒီအထဲမှာမှ ပြည်သူတွေရဲ့ မေတ္တာကို အန်တီတို့က ယုံကြည်တယ်။ ပြည်သူတွေရဲ့မေတ္တာကို အားကိုးပြီးတော့ အန်တီတို့ပါလီမန်ထဲ ပြေးဝင်မယ်။”

ဒါအပြင် နိုင်ငံရေးပါတီအတွေအနေနဲ့ ပါတီဝင်စုဆောင်းရေး၊ မဲဆွယ်စည်းရုံး ရေးတွေအတွက်နဲ့ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းရေးနဲ့ အာမခံငွေထားရှိရေးတွေအတွက် ပါတီတွေ အခက်အခဲတွေဖြစ်ပေါ်စေမယ်လို့လည်း အခြားပါတီ ခေါင်းဆောင်တွေကလည်း ဆိုပါတယ်။ အရပ်သားတွေဦးဆောင်တဲ့ ပါတီတွေ ဒီလိုအခက်အခဲဖြစ်အောင် သတ်မှတ်လိုက်တဲ့အပေါ် ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌသစ် ဦးသိန်းဌေးက အခုလို ဝေဖန်လိုက်ပြန်ပါတယ်။

“အခုလို လုပ်လိုက်ခြင်းအားဖြင့် ကျနော်တို့ ပါတီတွေကို ဖျက်ပစ်လိုက်တယ်ပေါ့။ အဲဒီလိုပဲ ယူဆလို့ရတယ်။ အဲဒီလို ဖျက်လိုက်ခြင်းအားဖြင့် ဘာဖြစ်လာ နိုင်လဲဆိုတော့ လွှတ်တော်ထဲကို ဒီမိုကရက်တစ်အင်အားစုတွေက အမတ်လောင်းတွေ နည်းနိုင်သမျှနည်းခြင်းပေါ့ဗျာ။ အဲဒီအတိုင်းသွားမှာကိုး၊ နည်းနိုင်သမျှနည်းအောင်လည်း သူတို့က ဒီအချိုးအကွေ့ကို ချက်ချင်းချိုးပစ်လိုက်တာကိုး။ ချိုးလိုက်တဲအခါမှာ ဒီကျနော်တို့ ဒီမိုကရက်တစ်အင်အားစု ပါတီတွေက နည်းတဲ့နေရာတွေမှာ ပြည်ခိုင်ဖြိုးက တနိုင်ငံလုံးသွင်းသွားမှာကိုး။ နောက်ဆုံးမှာ လွှတ်တော်ထဲမှာ သူတို့ကို အထောက်အကူပြုတဲ့ သူတို့အင်အားစု တွေသာ လွှတ်တော်ထဲမှာ နေရာရရေးလမ်း ကိုချိုးလိုက်တာဗျ။ ကျနော်တော့ အဲဒီလိုပဲ မြင်တယ်။”

‘နအဖ’ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရဲ့ ဒီကြေညာချက်ဟာ လာမယ့်ရွေးကောက်ပွဲကို တရားမျှတမှု မရှိတဲ့ရွေးကောက်ပွဲ အဖြစ်ပိုမို ထင်ရှားသွားစေပြီလို့လည်း ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌသစ် ဦးသိန်းဌေးက ခုလို ဝေဖန်ပြောဆိုလိုက် ပြန်ပါတယ်။

“မနေ့ကအထိ အခင်းအကျင်းကို ကျနော်တို့ သုံးသပ်ထားတာက လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ချေ အားနည်းတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ပါတီက စဉ်ဆက်မပြတ် အမြဲတမ်းတောင်းဆိုလာတယ်။ ကျနော်တို့ တောင်းဆိုတဲ့အပြင်ကို တောင်းဆိုတဲ့အချက်တွေကိုလည်း ပြည်သူလူထုကို တတ်နိုင်သမျှ အသိပေးတင်ပြခဲ့တယ်။ ကျန်တဲ့ အင်အားစုတွေကိုလည်း အသိပေးတင်ပြခဲ့တယ်။ ဒီနေ့ သူတို့ထပ်ပြီးတော့ ထုတ်လိုက်တဲ့ပုံကို ပြန်ကြည့်လိုက်တော့ ခုနက လွတ်လပ်တယ် ဆိုတဲ့အသုံးအနှုန်းကို ခဏဖယ်ထားပြီးတော့ ဒီနေ့သူတို့ကြေညာချက်အပေါ်မှာ ကျနော်တို့ ဘယ်လိုမျိုး သုံးသပ်လို့ရနိုင်သလဲဆိုတော့ မျှတတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူးလို့ ကျနော်တို့က သုံးသပ်လို့ရနိုင်ပါတယ်။”

နိုင်ငံရေးပါတီအများစုကတော့ ကော်မရှင်ရဲ့ ရွေးကောက်ပွဲကျင်းပရက်အပါအ၀င်၊ လွှတ်တော်ကိုယ်စားလှယ်အမည် စာရင်းတင်သွင်းရေးနဲ့ အခြားမဲဆွယ် စည်းရုံးရေး ကန့်သတ်ချက်၊ ရံပုံငွေရှာဖွေရေးကန့်သတ်ချက် စတဲ့အရာတွေကို လျှော့ပေါ့ပြောင်းလဲပေးဖို့ ပါတီတွေစုပေါင်းတောင်းဆို သွားကြမယ်လို့လည်း ပါတီခေါင်းဆောင်တွေက ဆိုပါတယ်။ ဒီလိုတောင်းဆိုဖို့အတွက် နိုင်ငံရေးပါတီတွေ စုပေါင်းလုပ်ဆောင်ကြဖို့ အချိန်တန်ပြီလို့ မြန်မာ့ဒီမိုကရေစီကွန်ဂရက်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ကိုဝေမှူးသွင်က ဆိုလိုက်ပါတယ်။

“ပါတီအများစုက တကယ်လုပ်သင့်လုပ်ထိုက်တာက ပါတီအများစုက စာပို့ပြီး တယောက်နဲ့တယောက် နှိုးဆော်တာ လုပ်ပြီးတော့ ဒါမှမဟုတ် ပေါင်းပြီးတော့ပေါ့နော် ဒီဟာတွေဟာ မဖြစ်သင့်သေးပါဘူး၊ ဒီဟာတွေက အရမ်းနည်းပါတယ်၊ ဒီဟာ တွေ ဒီဟာတွေကို ပြုပြင်သင့်ပါတယ်ဆိုတဲ့ဟာမျိုးကို ကော်မရှင်ကို ကျနော်တို့က တညီတညွတ်တည်း တောင်းဆိုသင့်တယ်လို့တော့ ကျနော်မြင်တယ်။ အဲဒါက အားလုံးပူးပေါင်းပါဝင်ဖို့ လိုတယ်လို့လည်း ကျနော်ထင်တယ်။ ဖြစ်နိုင်ခြေရှိတယ်လို့လည်းသုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာကအခြေအနေက အဲဒီလိုဖြစ်နေတာကိုး။ ပြီးတော့ကျနော်တို့က စားရတဲ့အနေအထားကအရမ်း ကျပ်တည်းနေတယ်လေ။ အခုဟာက နိုဝင်ဘာ ၇ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ထွက်လာတဲ့အချိန်ကို သူက အရောက်မခံဘူးပေါ့၊ အဲဒီလိုမျိုး သူတို့က ဆုံးဖြတ်ခဲ့တာ ဖြစ်နေတယ်။”

ဒါအပြင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးလွင်ကတော့ အစိုးရနဲ့ ကော်မရှင်ကို ကန့်ကွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ရှိတည်ဆဲ အစိုးရအနေနဲ့က တိုင်းပြည်ကို ပရမ်းပတာပေါ့ဗျာ သိက္ခာမဲ့စွာလုပ်နေမယ်။ ကော်မရှင်ကလည်း ကော်မရှင်သိက္ခာမရှိ။ အစိုးရကလည်း အစိုးရ သိက္ခာမရှိ အဲဒီလိုလုပ်ပြီးတော့ ဒီနိုင်ငံပါတီတွေကို နိုင်ငံရေးပါတီအနေနဲ့ တူတူတန်တန် တည်ဆောက်ဖို့ အချိန်မပေးဘဲနဲ့ အခုလိုမျိုး လုပ်တာကြီးကတော့ ကျနော်တို့က ကန့်ကွက်ရမယ့်ကိစ္စ ဖြစ်သွားပြီဗျ။ ဒါကျနော်တို့ ကန့်ကွက်သွားမှာပါ။ တဖက်က အဲဒါကန့်ကွက်ပြီးတော့ ငုတ်တုတ်တော့ ထိုင်နေလို့တော့ မရဘူးပေါ့။ တတ်နိုင်သ၍ ကျနော်တို့က ပြည်သူကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအခင်းအကျင်း ဖြစ်အောင်တော့ ကျနော်တို့ဆက်လုပ် သွားမှာပဲ။”

လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပါတီ ၄၁ ပါတီထဲက ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ လုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုတော့ မေ လ ၂၇ ရက် တနင်္ဂနွေနေ့မှာ ကျင်းပခဲ့ပြီး ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂,၂၀၉ ဦးတို့နဲ့ တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်


အံ့ဘုန်းမြတ် ၁၃ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)

‘နအဖ’ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကျင်ပရေးကော်မရှင်က ရွေးကောက်ပွဲကျင်းပပြုလုပ်မယ့်ရက်ကို လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့အဖြစ် ဒီကနေ့မှာ သတ်မှတ်ပြီး အမိန့်ကြော်ငြာစာနှစ်ခုနဲ့အတူ တရားဝင်ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်တွေကို နိုင်ငံပိုင်ရုပ်သံလိုင်းနဲ့ ရေဒီယိုတွေက ဒီကနေ့ နံနက်ပိုင်းက ကြေညာခဲ့တာဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ – ၈ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ-၃၄ (ဂ) နှင့် နည်းဥပဒေ-၁၆ (ဃ) တွေအရ ၁၃၇၂ ခုနှစ် လတန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့မှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သတ်မှတ်ကြေညာခဲ့တာပါ။ ဒါအပြင် လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုတွေကို သြဂုတ်လ ၁၆ ရက်နေ့မှာ စတင်ပြုလုပ်ရမှာဖြစ်ပြီး နောက်ဆုံး ရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်တယ်လို့လည်း ဒီအမိန့်ကြေညာချက်တွေမှာဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်မှုတွေကို စက်တင်ဘာလ ၆ ရက်နေ့က ၁၀ ရက်နေ့အတွင်း ပြုလုပ်သွားမှာဖြစ်ပြီး လွှတ်တော်ကိုယ် စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာမှုတွေကို ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ စက်တင်ဘာလ ၃ ရက်နေ့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ ဆက်လက်တည်ထောင် ခွင့်လျှောက်ထားသည့် ပါတီ ၄၇ ပါတီရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပါတီ ၄၁ ပါတီ အနက် ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရသိရှိရပါတယ်။

၁၉၉၀ ပြည့်နှစ်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုတော့ မေလ ၂၇ ရက် တနင်္ဂနွေနေ့မှာ ကျင်းပခဲ့ပြီး ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂,၂၀၉ ဦးနဲ့ တစ်သီးပုဂ္ဂလအမတ် ၈၇ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Categories

%d bloggers like this: