အံ့ဘုန်းမြတ် ၂၉ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အသစ်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ အချို့ပါတီစာစောင်တွေ ဆက်လက် ထုတ်ဝေဖို့ရှိနေတယ်လို့ သိရပါတယ်။ ဦးသုဝေခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဌာနချုပ်က ‘ဒေါင်းအိုးဝေ’ စာစောင်၊ မန္တလေးတိုင်းရုံးခွဲက “ကဒေါင်းရွေးကောက်ပွဲ” စာစောင်စတဲ့ စာစောင်တွေ ထုတ်ဝေဖို့ရှိနေတာပါ။ ဒီလိုထုတ်ဝေဖို့ ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက အခုလို ပြောပါတယ်။
“ကျနော်တို့အခု အစီအစဉ်လုပ်တာကတော့ ဂျာနယ်သဘောပေါ့နော် အပတ်စဉ်ထုတ်နိုင်အောင်လို့ ကြိုးစားတာပေါ့နော်။ ဘယ်လောက်ဖြစ်မလဲတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရရဲ့ ချို့ယွင်းချက်တွေမှားတာတွေ ထောက်ပြရမှာပဲ ဒါတွေကို ပြင်စေချင်တယ်လို့ပြောရမှာပဲ အဲဒါတွေက ဥပဒေနဲ့ငြိတယ် မငြိဘူးဆိုတာလဲမပြောတတ်ဘူး။ ကျနော်တို့က စာစောင်မထုတ်သေးတော့ အရေးယူမလား မယူမလားမသိဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ကတော့ အဲဒီအတိုင်းပြောရမှာပဲ။”
အလားတူ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးအေးလွင်ဦးဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နဲ့ ဦးရဲထွန်းဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပြည်ထောင်စုမြန်မာနိုင်ငံစတဲ့ပါတီတွေလည်း ပါတီစာစောင်တွေ အသီးသီးထုတ်ဝေဖို့ ရှိနေကြပါတယ်။ ပါတီစာစောင်မှာ ဖော်ပြမယ့် အကြောင်းအရာတွေကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က အခုလိုဆိုပါတယ်။
“အဓိကကတော့ ဒီဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ်မှာ ကျနော်တို့ ပါတီရဲ့သဘောထားအမြင်တွေနဲ့ တုန့်ပြန်မှုတွေကိုပဲ အဓိကထားပြီး လုပ်ဖြစ်မယ် ထင်ပါတယ်။ နောက်ပြီးတော့ ပါတီရဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို အကန့်လိုက် အကန့် လိုက်ပေါ့ အဲဒါမျိုး ကျနော်တို့ထုတ်ဖေါ်တာတို့ ဒီအပေါ်မှာ ကျနော်တို့ ဒီလှုပ်ရှားမှု လုပ်တဲ့နေရာမှာ နိုင်ငံရေးဖြစ်စဉ် တွေပေါ့ဗျာ။ ကျနော်တို့ပါတီရဲ့လှုပ်ရှားမှုဖြစ်စဉ်တွေ ဒါတွေကို သတင်းဖော်ပြတာမျိုး၊ အဲဒါမျိုးတွေပဲ လုပ်ဖြစ်ဖို့များမှာပါ။”
ဒါအပြင် ဦးထွန်းအောင်ကျော်ဦးဆောင်တဲ့ ‘ခေတ်သစ် ပြည်သူပါတီ’ နဲ့ အခြားနိုင်ငံရေးပါတီအသီးသီးလည်း ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနမှာ မှတ်ပုံတင်ကြေး တသိန်း၊ အာမခံငွေ ငါးသိန်းတင်ပြီး (န/သ) ခေါ် နိုင်ငံရေးပါတီများပုံနိုပ်ထုတ်ဝေခွင့် လျှောက်ထားပြီးမှ ထုတ်ဝေနေကြရ တာလည်းဖြစ်ပါတယ်။ ဒီလိုလျှောက်ထားပြီး ဒီလ ၂၆ ရက်နေ့မှာ ပထမဆုံးထုတ်ဝေလာတဲ့ ‘ပြည်ထောင်စုဒီမိုကရေစီပါတီ’ ရဲ့ ‘Union’ စာစောင်နဲ့ပတ်သက်ပြီး စာပေစိစစ်ရေး က ဒီပါတီရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး စိစစ်ရေးမူဝါဒတွေကို ထပ်ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကို ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးသိန်းတင်အောင်က
“သူတို့လူကြီးတွေကလည်း ပါတီစာစောင်ဆိုတာ ‘တစည’ စာစောင်မျိုးပဲ ထင်နေတာကိုး၊ အဲဒါနဲ့ပဲသွားပြီးတော့ စံချိန်ထိုးနေ တာပေါ့။ ဒါကို ကျနော်တို့က ရှင်းပြလိုက်တယ်။ အဲဒီလိုပုံစံမျိုးကတော့ စိတ်မ၀င်စားဘူးလို့၊ အဲဒါ တစည စာစောင်လည်း ဘယ်ပြည်သူမှမဖတ်ဘူးလို့၊ အဲဒီတော့ ကျနော်တို့ကလည်း ပါတီစာစောင် ဆိုပေမယ့်လည်း ခင်ဗျားတို့အခက်အခဲကို နားလည်ပါတယ်လို့၊ ဒါပေမယ့်လည်း ပြည်သူက စိတ်ဝင်စားအောင်ရယ်၊ ကျနော်တို့ပေးချင်တဲ့အကြောင်းအရာလေးတွေ ရောက်အောင် ပါအောင်လည်းပဲ လုပ်ရမှာပဲ။ ကျနော်တို့က ပညာပေးတာ၊ အသိပညာပေးတာလေးတွေ ထည့်ချင်တယ်။ ပါတီရဲ့ အခုနပြောတဲ့ ကြော်ငြာစာစောင်မျိုး အဲတာမျိုးတော့ မလုပ်ချင်ဘူးလို့၊ အဲဒါဆို ဘယ်သူမှ စိတ်မ၀င်စားဘူး။ ပါတီတွင်း လူတောင်စိတ်မ၀င်စားဘူး။ အခုစာစောင်အပေါ်မှာတော့ ဘယ်စာသားကိုမှလည်း သူတို့တားမြစ် ပိတ်ပင်တာတို့၊ ဖြုတ်ခိုင်းတာတို့၊ ပြင်ခိုင်းတာတို့၊ အရေးယူတာတို့မရှိဘူး။”
နိုင်ငံရေးပါတီတွေအနေနဲ့ ကော်မရှင်နဲ့ စီစစ်ရေးဆိုင်ရာ မူဝါဒတွေထဲက ‘နအဖ’ အစိုးရအဆင့်ဆင့်နှင့် နိုင်ငံတော်အစိုးရတို့ကို မဆန့်ကျင်ရ၊ တပ်မတော်ကို ထိပါးပုတ်ခတ်သွေးခွဲခြင်းမပြုရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိပါးစေရန် သွေးထိုးလှုံဆော်မှုမပြုရ၊ လိုအပ်ချက်အရ ထုတ်ပြန်ထားသောအမိန့်များကို မဆန့်ကျင်ဖို့ စတဲ့အချက်တွေကို အဓိကလိုက်နာကြရမှာဖြစ်ပါတယ်။
Leave a Reply