အံ့ဘုန်းမြတ် ၂၆ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
နအဖစစ်အစိုးရ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို မကြာခင် တရားဝင် ထုတ်ဖော်ကြေညာတော့မယ်လို့ နိုင်ငံရေးလောက အတွင်းမှာ သတင်းတွေထွက်ပေါ်နေတယ်။ ရွေးကောက်ပွဲကျင်းပပြုလုပ်မယ့် ရက်သတ်မှတ်ချက်အတူ ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေတွေနဲ့ နည်းဥပဒေတွေကို ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ထုတ်ပြန်ကြေညာဖို့ ရှိနေပါတယ်။ ဒီလို ထုတ်ပြန်ကြေညာ ဖို့ရှိနေတာနဲ့ပတ်သက်ပြီး ကော်မရှင်နဲ့ နီးစပ်သူတဦးက အခုလိုပြောပါတယ်။
“ရွေးကောက်ပွဲရက်နဲ့ဆိုင်တဲ့ နည်းဥပဒေတော့ ထွက်တော့မယ်လို့ပြောတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ရယ်၊ ရွေးကောက်ပွဲနေ့ လုပ်မယ့်ဆိုင်ရာ နည်းဥပေဒ ထွက်တော့မယ်လို့ ဟိုနေ့က ပြောတယ်။”
ရွေးကောက်ပွဲကျင်းပမယ့်ရက်နဲ့အတူ ရွေးကောက်ပွဲ မှာ ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွေကို တင်ပြဖို့ ကော်မရှင်က ကြေညာလာနိုင်တယ်လို့လည်း ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက ခန့်မှန်းပြော ဆိုပါတယ်။
“ရွေးကောက်ပွဲရက်ကို ကြေငြာပြီးတော့လေ သူက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့်ဥစ္စာ၊ အမည်စာရင်း တင်းသွင်းရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းတို့ ဘာတို့ပေါ့နော်၊ သူတို့ ကန့်သတ်မယ့် ဘောင်တွေ အဲဒါတွေတော့ ဒီလကုန်လောက်မှာ ထွက်မယ်လို့ထင်တယ်။ ဘယ်ရက်နောက်ဆုံးထားပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ သူတို့သတ်မှတ်နိုင်တယ်လေ။”
ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေကြားမှာတော့ စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ဆိုကြသလို အဲ့ဒီခန့်မှန်းချက်တွေ အတိုင်းဖြစ်လာမယ်ဆိုရင် ပါတီတွေအနေနဲ့ စည်းရုံး ရေးအတွက် အချိန်နည်းပြီး အခက်အခဲရှိလာနိုင်တယ်လို့ ဆိုကြပါတယ်။ အဲ့ဒီထဲက ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းကလည်း အခုလို သုံးသပ်ပြောဆိုပါတယ်။
“အခုမှ ကိုယ့်ပါတီကို ကောက်သင်းကောက်ပြီး လုပ်နေရတဲ့အချိန်မှာ ရွေးကောက်ပွဲက ဘွားကနဲဆို ပေါ်လာမယ်ဆိုရင်တော့ အန်တီတို့အတွက်က အများကြီးအခက်အခဲရှိတာပေါ့။ ဒါပေမယ့် ဒီတိုင်းပြည်မှာ ဒီအချိန်အတွင်း ဒီဟာလုပ်ဆိုရင် သူက ငြင်းလို့မှမရတာ။ အချိန်ကလည်း တော်တော်ကြီးကို နည်းပါတယ်။ စည်းရုံးရေးဆင်းတာဆိုရင် ပိုပိုပြီးတော့ကို ကျပ်လာတယ်လေ။”
“ရွာတွေမှာ ကေဒါတွေ လိုက်ခေါ်ပြီးမှ စည်းရုံးရတာပေါ့နော်။ အဲဒါကိုလည်း အခု ကော်မရှင်က ပိတ်ပင်တယ်။ ၇ ရက်ကြိုပြောရမယ်ဆိုတော့ အန်တီတို့က ဘယ် နေ့မိုးရွာမယ်၊ ဘယ်နေ့ မိုးခြောက်မယ်မသိနိုင်ဘူးလေ။ နောက်တခါ ဘုန်းကြီး ကျောင်းတွေမှာလည်း အန်တီတို့လုပ်ရတယ်။ အဲ့ဒါ ဘုန်းကြီးကျောင်းတွေမှာလည်း မလုပ်ရဘူးဆိုတော့ စည်းရုံးရတာ ပိုပိုပြီး ကျပ်ပါတယ်၊ ပိုမချောင်ပါဘူး၊ အချိန်ကလည်း အရမ်းနည်းပါတယ်။”
လက်ရှိ အခြေအနေတွေမျာတော့ ကော်မရှင်မှာလျှောက်ထားထားတဲ့ တိုင်းရင်းသားပါတီအချို့နဲ့ ပါတီသစ်အချို့ ထူထောင်ခွင့် မရရှိသေးတာနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကျင်းပရက် နောက်ဆုတ်သွားမလား ဒါမှမဟုတ် ဒီပါတီတွေကိုပဲ ထူထောင်ခွင့် မပေးတော့ဘူးလားဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့လည်း အခြားပါတီ ခေါင်းဆောင်အချို့က ဆိုကြပါတယ်။
Leave a Reply