အံ့ဘုန်းမြတ် ၂၆ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
စာပေစိစစ်ရေးကနေ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သတ်ပြီး ဖော်ပြမှုတွေကို ပြည်တွင်းထုတ်ဂျာနယ်တွေမှာ တရားဝင် ထပ်မံကန့်သတ်လိုက် တယ်လို့ သိရပါတယ်။ နိုင်ငံရေးအသားပေးဂျာနယ်တွေနဲ့ သတင်းဂျာနယ်တွေမှာ ‘နအဖ’ စစ်အစိုးရ အတည်ပြုပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ ဖော်ပြမှုတွေကို စာပေစိစစ်ရေးက ဒီလ ၂၀ ရက်နေ့ ရက်စွဲနဲ့ ထပ်မံကန့်သတ်လိုက်ပါတယ်။ ဒီကန့်သတ်ချက်တွေထဲမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်တွေကို လိုရာဆွဲမရေးသားဖို့နဲ့ ဒီလိုရေးသားခဲ့မယ်ဆိုရင် ဂျာနယ်တာဝန်ရှိသူတွေ အနေနဲ့ တာဝန်ယူပြီး အရေးယူတာကို ခံရမယ်လို့ ဖော်ပြထားတာလဲဖြစ်ပါတယ်။ ဒီလို ထုတ်ပြန်လိုက်တာနဲ့ ပတ်သတ်ပြီး ပြည်တွင်းက သတင်းဂျာနယ် အယ်ဒီတာတဦးက အခုလို ပြောပါတယ်။
“ပြီးခဲ့တဲ့အပတ်ကပဲ ရုံးစာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒါမှမဟုတ် ဒီထဲမှာပါတဲ့ နည်းဥပဒေတွေကို ဂျာနယ်တွေက ဖော်ပြမယ်ဆိုရင် ဂျာနယ်တိုက်တွေက သေချာစိစစ်ရမယ်။ တကယ်လို့ အမှားအယွင်းပါခဲ့ရင် ဂျာနယ်ပိတ်တဲ့အထိ ဂျာနယ် တိုက်ကို အရေးယူမယ်။ သူက အဲဒီလို စာကို သတင်းဂျာနယ်တိုက်တွေကို အကုန်လုံး ရုံးကနေပေးတယ်။ နောက်ပိုင်းကျရင် ဒါတွေကို ဖော်ပြမယ်ဆိုရင် ဂျာနယ်တိုက်က တာဝန်ယူ ရတော့မယ်။ သူတို့ဆီကို တင်တယ်မဟုတ်လား ထုံးစံက စိစစ်ရေးရုံးကိုတင်ရတယ်။ အမှန်တကယ်က သူတို့လည်း ဒါကို ပြန်ကြည့်တာပဲလေ။ သူတို့ဆီမှာ ဒီစာအုပ်တွေ ရှိတာပဲ။ သူတို့က အခုဟာက စစ်တဲ့ဥစ္စာကို ထည့်မပြောတော့ဘဲနဲ့ ဂျာနယ်တိုက်တွေကို ပြန်ပြီးတော့ သူတို့ကလှည့်ထားတာ။”
ဒီလိုကန့်သတ်ချက်တွေကို စာပေစိစစ်ရေးက ထုတ်ပြန်ခဲ့တာဟာ လွန်ခဲ့တဲ့ သီတင်းပတ်က သည်ဗွိုက်ဂျာနယ်ပါ ဆောင်းပါးရှင် အောင်ထွဋ်ရဲ့ “Concept နှင့် Process” ဆောင်းပါးနဲ့ပတ်သတ်ပြီး စိစစ်ရေးက ထုတ်ဝေခွင့် နှစ်ပတ်ပိတ်ပင်ပြီး နောက်ပိုင်း ထုတ်ပြန်လိုက်တာဖြစ်တယ်လို့လည်း ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာအများစုက သုံးသပ်နေကြပါတယ်။ ဒါနဲ့ပတ်သတ်ပြီး အခြားသတင်းဂျာနယ် အယ်ဒီတာက
“အဲဒီဆောင်းပါးကြောင့်ဖြစ်တာရော တကယ်ဟုတ်ရဲ့လားဆိုတာကိုလည်း အတည်ပြုလို့မရဘူးလေ။ ဗွိုက်ဘက်ကိုလည်း အတည်ပြုလို့မရဘူး။ စိစစ်ရေးဘက်ကိုလည်း အတည်ပြုလို့မရဘူး။ တကယ်တမ်း တိတိကျကျ တရားဝင်ဖြေထားတာ ရှိမှမရှိတာ၊ မရှိတော့ အဲဒါကို ၀င်ပြောဖို့ခက်တယ်။ သတင်းက ဘာထွက်သလဲဆိုတော့ အဲဒီအပတ်ထဲမှာ ဟတ်လိုင်းမှာ ဇာဂနာ နာမည်နဲ့ရေးတာတပုဒ် သူ့ရှေ့မှာ ပလိပ်သတင်းမ လွတ်ဘဲနဲ့ထည့်တာတပုဒ်ရှိတယ်။ အဲဒါကြောင့် အဲဒီနှစ်ပုဒ်ကြောင့် ပိတ်တယ်လို့လည်း စိစစ်ရေးဘက်က အသံပြန်ထွက်နေတယ်။”
လက်ရှိအခြေအနေမှာတော့ သည်ဗွိုက်ဂျာနယ်ရဲ့ စီအီးအို ဒေါက်တာနေ ၀င်းမောင်ရဲ့ ကလောင်အမည် အောင်ထွဋ်နဲ့ ရေးသားတဲ့ ‘သန်း ၅၀ ကို အနိုင်ပေးပါနှင့် အယ်ဒီတာအာဘော်ဆောင်းပါးများ’ စာအုပ်ထွက်ရှိနေချိန်လည်းဖြစ်ပါတယ်။ သည်ဗွိုက်ဂျာနယ်ဟာ နအဖစစ်အစိုးနဲ့ နီးစပ်တယ်လို့ စွတ်စွဲခံနေရတဲ့ ဂျာနယ်တစောင်ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလက်ခံတဲ့ ဆရာမောင်စူးစမ်း၊ ဆရာကျော်ဝင်းစတဲ့ စာရေးဆရာတွေရဲ့ ဆောင်းပါးတွေနဲ့အတူ နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးတွေကို အစဉ်ဖော်ပြနေတဲ့ ဂျာနယ်တစ်စောင်လည်း ဖြစ်ပါတယ်။
Leave a Reply