အံ့ဘုန်းမြတ် ၂၃ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
မြန်မာနိုင်ငံရဲ့ ဇာတိမာန်စာဆိုတော်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွန်လွယ်ခြင်း ၄၆ နှစ်မြောက် ဆွမ်းကျွေးအခမ်း အနားကို ရန်ကုန်မြို့မှာ မိသားစုဝင်တွေနဲ့ တပည့်တွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၆ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့၊ စမ်ချောင်းမြို့နယ်ရှိ ကျွန်းတောကျောင်းတိုက် ဓမ္မာရုံမှာ ဒီနေ့မနက်ပိုင်းက မိသားစုဝင်တွေနဲ့ တပြည့်သားမြေးတွေက ပြုလုပ်ခဲ့ပါတယ်။ နှစ်ပတ်လည်အခမ်းအနားကို ၀ါရင့်နိုင်ငံရေးသမားကြီးတွေ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းတင်နဲ့ အဖွဲ့ချုပ်ဝင်တွေ၊ ၈၈ မျိုးဆက်နှင့်တက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့အတူ စာပေပညာရှင်တွေနဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို လေးစားကြည်ညိုသူ တွေတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမြင်ကွင်းကို တက်ရောက်ခဲ့တဲ့ ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က အခုလို ပြောပြပါတယ်။
“ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကွယ်လွန်ခြင်း ၄၆ နှစ်မြောက် အခမ်းအနားမှာ အန်အယ်ဒီပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးလို ပုဂ္ဂိုလ်မျိုးရောက်လာတဲ့အခါကျတော့ လူတွေလည်း အများကြီးဝမ်းသာသွားတယ်။ နိုင်ငံရေးအဓိပ္ပာယ်တွေ လည်းရှိတယ်ပေါ့။ ဒီအခမ်းအနားကို တက်လာတဲ့လူတွေ တော်တော်ကိုများတယ်လို့ ပြောလို့ရပါတယ်။ ကျနော်ထင်တယ် လူလေးငါးရာ လောက်ကို တက်လာတယ်။ ဆရာကြီးကို လာပြီး ဂါရ၀ပြုကြတယ်။”
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ၁၈၇၆ ခုနှစ် ဂျူလှိုင်လ ၂၃ ရက်မှာ မွေးဖွားခဲ့ပြီး စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာ ဆရာဘ၀တွေနဲ့ ပြည်သူလူထုကို မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့သူတဦးလည်းဖြစ် ပါတယ်။ မြန်မာ့လွတ်လပ်ရေးရဖို့အတွက် တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သလို လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံမှာ ပြည်တွင်း စစ်ဖြစ်ပွားနေတဲ့ အချိန်တွေမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အသက်အရွယ်ကိုမငဲ့ပဲ ကွယ်လွန်ချိန်အထိ တိုင်းပြည်အတွက် လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ ဒီလိုဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေကို လက်ရှိမြန်မာ့အရေးနဲ့ နှိုင်းယှဉ်ပြီးတော့လည်း ဆရာကြီးကိုတွေ့မီလိုက်တဲ့ ဦးဝင်းတင်က အခုလို သုံးသပ်အောက်မေ့ပြောဆိုပါတယ်။
“ဆရာကြီးရဲ့ ကြိုးပမ်းမှုတွေဟာ ဒီနေ့ခေတ်အခါနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဆရာကြီးရဲ့ နယ်ချဲ့ဆန့်ကျင်ရေးဆိုတာ ဒီစစ်အာဏာရှင်တွေဖြစ်တယ်။ ဆရာကြီး ကြိုးပမ်းခဲ့တဲ့ ပြည်သူ့ ငြိမ်းချမ်းရေးဆိုတဲ့ ကြိုးပမ်းမှုဟာ ဒီမိုကရေစီစနစ်နဲ့ ထပ်တူ ဖြစ်တယ်ဆိုတာကို ပြောချင်တယ်။ ဆရာကြီးသာ ဒီနေ့သက်ရှိထင်ရှားရှိနေရင် ဆရာကြီးဟာကျနော်တို့ရဲ့တပ်ဦး၊ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို နိုင်ငံရေးတပ်ဦး၊ ပြီးတော့ ကျနော်တို့ ဒီမိုကရေစီလိုလားသူများရဲ့ တပ်ဦးမှာရှိနေပြီးတော့ နယ်ချဲ့ဆန့်ကျင်ရေး ကြိးပမ်းမှုလိုပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးကြိုးပမ်းမှုတွေကို ဦးဆောင်ပြီးတော့ မီးရှုးတန်ဆောင်လို လမ်းညွှန်ပြနေမယ်လို့ ကျနော်ယုံကြည်ပါတယ်။ အလားတူ ဆရာကြီးဟာ ပြည်တွင်းစစ်မီးအတွက် ကြိုးပမ်းခဲ့သလို ဒီနေ့ ဒီမိုကရေစီ မီးရောင်တွေ အလင်းဆောင်နိုင်အောင် ကြိုးပမ်းတဲ့နေရာမှာ လူထုရှေ့ကနေ လမ်းပြသဖွယ်ရှိနေမယ်လို့ ကျနော်ယုံကြည်ပါတယ်။”
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၉၅၀ မှာ ‘ဖဆပလ’ အစိုးရက ချီးမြှင့်တဲ့ အလင်္ကာကျော်စွာဘွဲ့၊ ၁၉၅၅ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက ချီးမြင့်တဲ့ စတာလင် ငြိမ်းချမ်းရေးဆု၊ ၁၉၆၀ မှာ ဟားဘတ်တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူး ဆောင် ပါရဂူဒေါက်တာဘွဲ့ အပ်နှင်းဂုဏ်ပြုတာခံခဲ့ရပါတယ်။ ဆရာကြီးဟာ ၁၉၆၄ ဇူလိုင်လ ၂၃ ရက်နေ့ အသက် ၈၈ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ သားသမီး ၂ ယောက်၊ မြေး ၁၅ ယောက်နဲ့ မြစ် ၆၁ ယောက် ထွန်းကားခဲ့ပါတယ်။
Leave a Reply