အံ့ဘုန်းမြတ် ၂၂ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေရဲ့ မြို့နယ်လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တန်းတူယှဉ်ပြိုင်နိုင်ဖို့ ခဲယင်းနေတယ်လို့ သိရပါတယ်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အပါအ၀င် ဗိုလ်ချုပ်၊ ဗိုလ်မှူချုပ်အဆင့်ရှိ အရပ်ဘက်ပြောင်းလဲထားတဲ့ တပ်မတော်အရာရှိ နှစ်ဒါဇင်နီးပါးဟာ ဇာတိမြေတွေနဲ့ အရင်က အုပ်ချုပ်ခဲ့ဘူးတဲ့ ဒေသတွေမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြတာပါ။ ဒီအပေါ်ကို ယှဉ်ပြိုင်ဘက် အရပ်သားနိုင်ငံရေးပါတီတွေက စိုးရိမ်နေပါ တယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ပြည်ထောင်စုဒီမိုကရေစီပါတီဥက္ကဋ္ဌ ကိုဖြိုမင်းသိန်းက အခုလို ပြောပါတယ်။
“ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ထိပ်တိုက်တိုးရမယ့် နေရာတွေမှာ နာမည်ကြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ခေါင်းဆောင်တွေအပိုင်းနဲ့ ပတ်သက်ရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက စိုးရိမ်နေကြတယ်။ အဲဒီနယ်မြေတွေမှာ သူတို့နဲ့ ထိပ်တိုက်တွေ့ကြ မယ်ဆိုရင် သူတို့ဘ၀ရဲ့ လုံခြုံမှုက ရွေးကောက်ပွဲမတိုင်ခင်မှာကို သူတို့ပုဒ်မတခုခုတပ်ပြီး ဖမ်းဆီးခံရမလား၊ သူတို့ကိုများ ရိုက်နှက်လေမလား၊ စိုးရိမ်ထိတ်လန့်မှုတွေရှိတယ်ပေါ့။ သူတို့စိုးရိမ်တယ်ဆိုတာလည်း ဒီပဲယင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးတောင် လုပ်ခိုင်းတာ သူတို့ဆိုရင်ပိုဆိုးတယ်ပေါ့။ အဲလို စိုးရိမ်မှုမျိုးတွေ တော်တော်ရှိတယ်။”
ဒါကြောင့် မြို့နယ်တွေမှာယှဉ်ပြိင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ သတ်မှတ်ဖို့အတွက်လည်း နိုင်ငံရေးပါတီတွေ အခက်တွေ့နေကြတယ်လို့လည်း ပြည်ထောင်စုဒီမိုကရေစီပါတီဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဘယ်လိုသတ်မှတ်ရမလည်းဆိုတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းထွက်ပြီးမှ ဒီဘက်က စာရင်းက လိုက်လုပ်လို့ရမှာ၊ အချိန်တွေ ချိန်ပြီးတော့ ကျနော်တို့တော့ ဘယ်မြို့နယ်အရွေးခံမယ်၊ အခုဆိုမန္တလေး၊ တောင်ကြီး၊ ကသာတို့ဘက်တွေမှာ အရွေးခံမယ့် ပုဂ္ဂိုလ်တွေက တကယ့်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဒီဟာအပေါ်မှာ စိုးမိုးချယ်လှယ်ပြီး လုပ်နေတဲ့အပေါ်မှာ ၀န်ကြီးတွေကို ကြောက်ကြတာပေါ့။”
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးလွင်ကတော့ လက်ရှိဝန်ကြီးတွေကို ရွေးကောက်ပွဲမှာ ၀င်မပြိုင်စေလိုဘဲ ၀င်ပြိုင်ရင်တော့ ရင်ဆိုင်ရမှာပဲလို့ ခုလိုပြောပါတယ်။
“၀န်ကြီးတွေဆိုလည်း သူတို့ဂုဏ်၊ သိက္ခာ သူတို့မှာ ရှိပါတယ်။ အဲတော့ သူတို့ဂုဏ်သိက္ခာကို မငဲ့ဘဲ လုပ်မယ်ဆိုရင်လည်း လုပ်ပေါ့ဗျာ။ လုပ်တော့လည်း ကျနော်တို့ တိုင်းပြည်အနေနဲ့ခံရမှာပေါ့။ သို့သော်လည်း အဲဒါလုပ်တဲ့အတွက်ကြောင့် ကျနော်တို့က အဲလိုနေရာမျိုးတွေမှာ ကျန်တဲ့ ပြိုင်ဘက်နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲဝင်ဖို့ တွန့်တိုနေမယ့်ဟာမျိုး မဖြစ်သင့်ဘူး၊ ကျနော်တို့ဖက်က အဲလိုဟာမျိုးတွေကိုလည်း ပြတ်ပြတ်သားသား လုပ်စရာရှိတာလုပ်ပြီး ရင်ဆိုင်စရာရှိတာ ရင်ဆိုင်သွားဖို့ ဆန္ဒရှိတယ်။ အဲဒီနယ်တွေအတွက် ဒေသခံနိုင်ငံရေးသမားတွေ ထွက်လာဖို့တော့ မျှော်လင့်တယ်။”
လက်ရှိအခြေအနေမှာ ပါတီဆက်လက်တည်ထောင်ခွင့်နဲ့ တည်ထောင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီစုစုပေါင်း ၄၅ ပါတီရှိပြီး အဲ့ဒီထဲက ၃၉ ပါတီကိုတော့ ထူထောင်ခွင့်ပြုထားပြီးဖြစ်သလို ပါတီသစ်တွေလည်း ဆက်လက်လျှောက်နေကြဆဲ ဖြစ်ပါတယ်။
Leave a Reply