အံ့ဘုန်းမြတ် ၂၁ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
လက်ရှိနိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေကို ဖော်ပြလျှက်ရှိတဲ့ သည်ဗွီုက်ဂျာနယ်ကို စာပေစီစစ်ရေးက ထုတ်ဝေခွင့် နှစ်ပတ်ဆိုင်းငံ့လိုက်တယ် လို့သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်က ထုတ်ဝေတဲ့ သည်ဗွီုက်ဂျာနယ်ပါ စာရေးဆရာ အောင်ထွဋ်ရဲ့ “ Concept နှင့် Process ” ဆောင်းပါးကြောင့် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးက သည်ဗွီုက်ဂျာနယ်ကို ထုတ်ဝေခွင့် နှစ်ပတ်ဆိုင်းငံ့ လိုက်တာပါ။ ဒီဆောင်းပါးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ဆောင်းပါးရှင်ရဲ့ ရေးသားချက်ကို စာပေစီစစ်ရေးက ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာဆွဲအဓိပ္ပာယ် ဖွင့်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာမယ့်တနင်္လာကစပြီး နှစ်ပတ်ရပ်နားရမှာ ဖြစ်တယ်လို့ သည်ဗွီုက်ဂျာနယ်နဲ့ နီးစပ်တဲ့ ဂျာနယ်အယ်ဒီတာ တဦးက ပြောပါတယ်။
“ကြားရတာကတော့ အခြေခံဥပဒေကို ကိုယ်လိုရာဆွဲပြီးတော့ ရေးတယ်ဆို ပြီးတော့။ စိစစ်ရေးကလည်း ခွင့်ပြုပြီးသားလို့ပြောတယ်။ ကြားတာကတော့ စိစစ်ရေးက ခွင့်ပြုထားတဲ့သတင်းကို အခုဖော်ပြပြီးတော့မှ ပြဿနာနောက်ဆက်တွဲ ဆက်တက်လာတော့ ခံလိုက်ရတာ။ အခြေခံဥပဒေကို ရှင်းတာပါပဲ။ အကြမ်းဖျင်းကတော့ ရှင်းပြထားတာ။”
ဒီဆောင်းပါးကိုရေးသားတဲ့ ဆောင်းပါးရှင် အောင်ထွဋ်ဟာ ‘သည်ဗွီုက်’ ဂျာနယ်နဲ့ “Living Colour” မဂ္ဂဇင်းတွေရဲ့ CEO ဒေါက်တာနေ၀င်းမောင်ဖြစ်ပြီး ‘နအဖ’ စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံတဲ့ဆောင်းပါးတွေကို ရေးသားနေတဲ့ စာရေးဆရာတယောက်လည်းဖြစ်ပါတယ်။ ဂျာနယ်ပိတ်ပင်ခံရတာနဲ့ ပတ်သက်ပြီး သည်ဗွီုက်ဂျာနယ်ကို ဆက်သွယ်မေးမြန်လို့ မရခဲ့ပါဘူး။ ဆောင်းပါးအတွင်းမှာတော့ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေအခံဥပဒေမှာ သမ္မတကလက်မခံတဲ့ ဥပဒေတစ်ရပ်ကို လွှတ်တော်နှစ်ရပ်က ပြဌာန်းနိုင်ဖို့ ၃၃၃ မဲ လိုအပ်ပြီး အကယ်၍ တပ်မတော်က ခန့်အပ်တဲ့လွှတ်တော်အမတ် ၁၆၆ ယောက်ရဲ့ ထောက်ခံမှုမရလည်း ရွေးချယ်ခံလွှတ်တော်အမတ် ၄၉၈ ဦးထဲက ၃၃၃ ဦးက ထောက်ခံရင် အတည်ဖြစ်တယ်လို့ ယူဆကြောင်း အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နှိုင်းယှဉ်ပြီး ဆောင်းပါးရှင်းက ဆိုထားပါတယ်။ သည်ဗွီုက်ဂျာနယ်ဟာ မကြာခဏ စာပေစီစစ်ရေးကနေ ပိတ်ပင်တာမျိုး မကြာခဏခံနေရတဲ့ ဂျာနယ်တစ်စောင်ဖြစ်ပြီး ဒီအပေါ်ကို ပြည်တွင်းက အခြားဂျာနယ် အယ်ဒီတာတဦးက အခုလို သုံးသပ်ပြပါတယ်။
“ဒါကတော့ တတိုက်နဲ့ တတိုက်မတူကြဘူး။ မတူကြဘူးဆိုတာက သည်ဗွိုက်ဆိုရင် သူကခဏခဏ နားနေကြလေ။ နားနေကြဆိုပေမယ့် သူတို့က ရင်းရဲတယ်ပေါ့နော်။ အခု ဒါသူတို့ရင်းတာပေါ့။ ထည့်လိုက်ပြီးတော့ ပြန်အပိတ်ခံတယ်။ ပြီးတော့မှ သူတို့ဟာသူတို့ လုပ်ယူတယ်ပေါ့။ တချို့ထုတ်လုပ်သူတွေကတော့ တပတ်ဆိုလည်း တပတ်သိတယ်မဟုတ်လား အမြန်ကြေးလျှော့သွားမလားဆိုပြီး အဲဒီလို တွေးတဲ့လူကလည်းတွေးတယ်။ ဒါပေမယ့် အခု ဒီသည်ဗွိုက်ကတော့ တွေးပုံမရဘူး။ အဓိကကတော့ ခုနပြောသလို သူတို့ရင်းပြီးတော့ စာဖတ်ပရိသတ်ကလည်း သိတယ်လေ။ အပိတ်ခံရ တယ်ဆိုရင် ဘာကြောင့်အပိတ်ခံရလဲပေါ့။ အဲဒါမျိုးပေါ့ စိတ်ဝင်စားမှုက ပုံမှန်အခြေအနေထက် နည်းနည်းတော့ ပိုပြီးထူးသွားတယ်ဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားသွားတဲ့ သဘောရှိတာကိုး။ သူတို့အယူအဆကို မှန်းကြည့်တာပါ။”
Leave a Reply