အံ့ဘုန်းမြတ် ၁၇ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးက ဈေးသည်တွေ အသစ်ပြောင်း ရွှေ့ဖွင့်လှစ်ရမယ့် နေရာသစ်အတွက် ပြောင်းရွှေ့ဖို့ အခက်တွေ့နေကြရပါတယ်။ ရန်ကုန်မြို့တော်ရဲ့ အဓိက ကုန်စိမ်းဖြန့်ချီရာ သီရိမင်္ဂလာဈေးကို လှိုင်မြို့နယ် ဘုရင်နောင် လမ်းမကြီးပေါ်ရှိ ပိတောက်ချောင်းကို ပြောင်းရွှေ့ပေးမှာဖြစ်ပြီး ဈေးသစ်စီမံကိန်းတွေကို မြို့တော်စည်ပင် အဆောက်အအုံ အင်ဂျင်နီယာဌာနက ဆောက်လုပ်နေပြီဖြစ်ပါတယ်။ ဒီအကြောင်းကို မြို့တော်စည်ပင်နဲ့ နီးစပ်သူတဦးက အခုလို ပြောပါတယ်။
“အဆောက်အအုံ အင်ဂျီနီယာဌာနက ဆောက်တာ၊ ၀န်ထမ်းက ၅၀၀ နဲ့ ၁၀၀၀ ကြားသုံးနေတဲ့သဘော။ မြို့နယ်က လှိုင်မြို့နယ်ပေါ့။ မြေက ၁၇ ဧက ဘေးက ပိတောက်ချောင်းလည်း ရှိတယ်။ နောက်က လှိုင်မြစ်ရှိမယ်။ အဲတော့ သူတို့ ပြော တာကတော့ ကုန်တင်ကုန်ချ၊ သွားရေးလာရေးတွေလည်း ပေါများမယ် လွယ်မယ်ပေါ့။”
ဒီလိုဆောက်လုပ်နေပြီ ဖြစ်ပေမယ့် သီရိမင်္ဂလာဈေးက ဈေးသည်တွေကို ဘယ်နေ့ဘယ်ရက် ဆောက်လုပ်တာပြီးမယ် ဘယ်တော့ပြောင်းရွေ့ရမယ် ဆိုတာကိုတော့ မြို့တော်စည်ပင်က တရားဝင်ပြောကြားတာမျိုး မရှိဘူးလို့လည်း အဲဒီဈေးက ကုန်စည်ဒိုင်ပိုင်ရှင် တဦးက ပြောပါတယ်။
“ကျနော်တို့ ဒါပြောင်းရမယ်။ အသိပေးထားတယ်။ ပြောင်းဆို ပြောင်းရမယ့် ပုံစံမျိုး။ ဘယ်တော့ ပြောင်းရမလဲဆိုတာ အတိအကျ မပြောဘူး။ ဟိုဘက်ပြီးရင် ပြောင်းရမယ်။ ဟိုဘက်က ဘယ်တော့ ပြီးမယ်ဆိုတာလည်း မပြောဘူးဗျာ။ ကျနော်တို့ ဈေးသည်တွေက ဒီအဆောက်အဦးက ဘယ်လောက်ကြာမယ်၊ ဘယ်လောက် မြန်မယ်ဆိုတာ ဘယ်လိုလုပ်ခန့်မှန်းတတ်မလဲ။ အဲတော့ အကုန်လုံးက ရောင်းရေးဝယ်တာမှာ လုပ်ရမယ့်အလုပ်တွေက ရပ်ထားရမှာလား။ ဆက်လုပ်ရမှာလား။ ဘယ် လိုလုပ်လို့ လုပ်ရမှန်းမသိတဲ့ အခြေအနေနဲ့ ဖြတ်သန်းနေရတယ်ဗျ။”
မြို့တော်စည်ပင်နဲ့ နီးစပ်သူတွေကတော့ လာမယ် အောက်တိုဘာလမှာ အပြီးဆောက်လုပ်ပြီး ပြောင်းရွှေ့ဖွင့်လှစ်ရမှာ ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။ အခုဆောက်လုပ်နေတဲ့ ဈေးသစ်မှာ ယာဉ်ရပ်နားစခန်း၊ စားသောက်ဆိုင်တန်းတွေလည်း ပါဝင်ပြီး ဈေးအဆောက်အအုံတွေကတော့ တထပ်သွပ်မိုးဆိုင်းခန်း အများဆုံး ပါဝင်မှာဖြစ်ပြီး သီရိမင်္ဂလာဈေးရှိ ဆိုင်ခန်း ၂၀၉၃ ခန်းစာအတွက် အတိအကျ ဆောက်လုပ်ပြီး ဈေးသည်တွေအနေနဲ့ ထပ်ပြီး ဆိုင်ခန်းခ ပေးသွင်းစရာ မလိုဘူး လို့လည်း မြို့တော်စည်ပင် သတင်းရပ်ကွက်တချို့က ဆိုပါတယ်။ အခုဆောက်လုပ်နေတဲ့ ဈေးသစ်ရှိ အဆောက်အအုံတွေဟာ အထပ်နိမ့်ပြီး သွပ်မိုးတွေ ဖြစ်နေတာကြောင့် ကုန်စိမ်းပစ္စည်းတွေအတွက် အပူဒဏ်ခံရနိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေ ရှိနေ သလို ယာဉ်ရပ်နားစခန်းနဲ့ ဈေးဆိုင်ခန်းတွေက ပေ ၆၀၀ လောက် ကွာဝေးနေတာကြောင့် ဈေးသည်တွေအတွက် အခက်အခဲ ရှိနေတယ် လို့လည်း ကုန်စည်ဒိုင်ပိုင်ရှင်က ဆိုပါတယ်။
“ကျနော်တို့နဲ့ တိုင်ပင်ပြီး ဆောက်ခြင်းလည်း မရှိဘူးဗျာ။ အမှန်တကယ်ဆိုရင် ဈေးတခု ပြောင်းမယ်ဆိုရင် ဈေးသူဈေးသား ထဲက သင့်တော်မယ့်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ဘယ်လို ဆောက်သင့်တယ်။ ဘယ်လိုဖြစ်သင့်တယ်။ မဖြစ်မနေ ပြောင်းရမယ်ဆိုရင် ဒီလို ဖြစ်သင့်တာပေါ့ဗျာ။ ပြောရမယ်ဆိုရင် အဲလို တိုင်ပင်ဆွေးနွေးခြင်းလည်း မရှိဘူး။ သူတို့က ဆောက်ပြီးမှ ဒီအဆောက်အဦးပေါ်မှာပဲ အံ့ဝင်အောင် ပြောင်းပေးရမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဈေးသူဈေးသား အတော် များများကလည်း အဲဒီအပေါ်မှာ နည်းနည်းတော့ မကျေနပ်ဘူးပေါ့ဗျာ။”
သီရိမင်္ဂလာဈေးအပါအ၀င် ကြည့်မြင်တိုင်ဈေး၊ စံပြငါးဈေးစတဲ့ဈေးတွေ ပြောင်းရွှေ့ရမယ်လို့ သတင်းတွေ လွန်ခဲ့တဲ့ လပိုင်းတွေက ထွက်ပေါ်ခဲ့တာကို မြို့တော်ဝန် အောင်သိန်းလင်း ကိုယ်တိုင် မဟုတ်မှန်ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ငြင်းဆိုခဲ့ပြီးမှ အခုလို ပြောင်းရွှေ့ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။
Leave a Reply