အံ့ဘုန်းမြတ် ၁၇ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
ရန်ကုန်အခြေစိုက် ကဗျာဆရာတွေစုပေါင်းပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် လာမယ့် တနင်္လာနေ့မှာ ကျရောက်မယ့် ၆၃ ကြိမ်မြောက် အာဇာနည်နေ့က စတင်ပြီး သစ်ပင်စိုက်ပျိုးမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။ ကွန်လွန်ပြီး ဖြစ်တဲ့ ခေတ်အဆက်ဆက်က မြန်မာကဗျာဆရာကြီးတွေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး မဟော်ဂနီအပင် တွေကို ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ဓမ္မစေတီကျောင်းတိုက်မှာ စတင်စိုက်ပျိုးကြမှာပါ။ စိုက်ပျိုးရတဲ့ ရည်ရွယ် ချက်ကို ဦးဆောင်ပြုလုပ်နေသူ တဦးဖြစ်တဲ့ ကဗျာဆရာ ဆရာမောင်လင်းရိပ်က အခုလို ပြောပါတယ်။
“အခုဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင် ကိစ္စမှာ ကျနော်တို့လည်း တနိုင်တ ပိုင်ပါတဲ့ သဘောပါပဲ။ သစ်ပင်တွေကို ပိုပြီးတော့ တန်ဖိုးထားဖြစ်၊ ပိုပြီး သံယောဇဉ် ရှိဖြစ်အောင်ဆိုပြီး ကျနော်တို့က ‘စာပေအနုပညာတောအုပ်က အရိပ်ကောင်း ကောင်းပေး တဲ့ သစ်ပင်ကြီးတွေ’လို့ တင်စားပြီး ကွယ်လွန်တဲ့ ကဗျာဆရာကြီးတွေရဲ့ အမည်ကို အထိမ်းအမှတ်အဖြစ် ပေးထားတာပါ။”
ရန်ကုန်အခြေစိုက် ကဗျာဆရာတွေအနေနဲ့ ဒီနှစ်မိုးရာသီအတွင်း မဟောဂနီအပင် တရာကျော်အထိ စိုက်ပျိုးဖို့ ရည်ရွယ် ထားပြီး ဆရာသစ္စာနီ၊ ဆရာမောင်စိမ်းနီစတဲ့ ကဗျာဆရာတွေနဲ့အတူ ရန်ကုန်အခြေစိုက် ကဗျာဆရာ အတော်များများ ပါဝင်ကြမယ်လို့လည်း ဆရာမောင်လင်းရိပ်က ပြောပါတယ်။ ဒီလိုသစ်ပင်စိုက်ပျိုးကြတဲ့အပေါ်ကိုလည်း ဆရာမောင်လင်းရိပ်က
“သဘာဝပတ်ဝန်းကျင်ပေါ်ကို ကျနော်တို့ မထိန်းသိမ်းဘဲနဲ့ ကျနော်တို့ အနိုင်အထက် ပြုခဲ့လို့ အခု အဲဒီပြုတဲ့အကျိုးကို ခံစားနေရတာပါ။ အဲဒီ ခံစားနေရတာအတွက်ကို အခု အချိန်မနှောင်းသေးခင် ကျနော်တို့က သဘာဝပတ်ဝန်းကျင်ကို ပြန်ပြုစုဖို့ ကဗျာဆရာတွေအနေနဲ့ မဟုတ်ဘဲနဲ့ လူတွေအနေနဲ့ပဲ ကျနော်တို့ ကိုယ့်ပတ်ဝန်းကျင်ကို သာယာအောင် တတ်နိုင်သလောက် ပြန်ပြီးပေးဆပ်နေတာပါ။ အဲတော့ အဲဒီအလုပ်ထဲမှာ ကျန်တဲ့သူတွေ အကုန်လုံးလည်း ကိုယ်တတ် နိုင်တဲ့နည်း တတ်နိုင်တဲ့ အတိုင်းအတာအလျှောက် ပါကြမယ်ဆိုရင် အချိန်က မနှောင်းသေးပါဘူးဆိုတာကို ပြောချင်ပါတယ်။”
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တထောင့်တနေရာကနေ သစ်ပင်စိုက်ပျိုးမှုကို ပြုလုပ်လာကြတဲ့ ကဗျာဆရာတွေကိုယ်စား ကဗျာဆရာ မောင်လင်းရိပ် ပြောကြားခဲ့တာပါ။ ရန်ကုန်အခြေစိုက်ကဗျာဆရာတွေဟာ လွန်ခဲ့တဲ့ လပိုင်းတွေကလည်း နာဂစ်ရံပုံငွေအဖြစ် ကဗျာစာမူတွေ ရောင်းချပြီး လှူဒါန်းခဲ့ကြတာမျိုးတွေ ပြုလုပ်ခဲ့ကြသလို သောက်သုံးရေရှားပါးမှုကို ခံစားနေရတဲ့ ပြည်သူတွေအတွက်လည်း ပန်းချီဆွဲပြီး ရံပုံငွေရှာဖွေ လှူဒါန်းခဲ့ကြပါသေးတယ်။
Leave a Reply