အံ့ဘုန်းမြတ် (၁၇ ဇူလိုင် ၂၀၁၀) (ဒီဗွီဘီ)
အနုပညာလောကကနေ အနားယူပြီး သာသနဘောင်မှာ ရဟန်းအဖြစ် ခံယူထားတဲ့ ၀ါရင့်ရုပ်ရှင်သရုပ်ဆောင် ဦးကျော်ဟိန်း ကွယ်လွန်တယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်။ ဦးကျော်ဟိန်း ရဟန်းဘွဲ့ ဦးကိတ္တိသာရ ဟာ ရန်ကုန်တိုင်း၊ မှော်ဘီမှာရှိတဲ့ သူ့ကိုယ်ပိုင်ကျောင်းမှာ သတင်းသုံးနေတယ် လို့ အရင်က ဇနီးဖြစ်သူ ဒေါ်မီးမီးက ပြောပါတယ်။ ဦးပဉ္ဖင်း ဦးကျော်ဟိန်းဟာ အနုပညာလောက အနားယူပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ စတင်ကာ သာသနဘောင် ၀င်ရောက်ခဲ့တာဖြစ်ပြီး မကြာခဏဆိုသလို လူဝတ်လဲပြီဟု ကောလဟာလ သတင်းတွေ ထွက်ပေါ်ခဲ့သလို အခုလည်း ပျံလွန်တယ်လို့ ကော်လဟာလ သတင်းတွေ ထွက်ပေါ်ခဲ့တာလည်းဖြစ် ပါတယ်ခင်ဗျ။
အခြားအနုပညာနဲ့ဆိုင်တဲ့ သတင်းတွေ ဘက်မှာတော့ တေးသံရှင် စိုးပိုင်ရဲ့ “စိတ်နှင့် စိမ်းတယ်လို့ မှတ်မှာလား” တိတ်နဲ့ ဗွီစီဒီကာရာအိုကေ ဒီလ (၂၁) ရက်နေ့မှာ ချိုကြည်သာ တေးသံသွင်းကနေ ဖြန့်ချီ ဖို့ရှိနေပြီး ဒီအယ်လ်ဘန်မှာ ချစ်စိတ်တဝေေ၀၊ အမုန်းသူဌေးမလေး၊ လှတမျက်နှာ၊ ရွှေတံခါးကြီးဖွင့်ပါဦး စတဲ့ မြန်မာသံတေးသီချင်း (၁၂) ပုဒ်ပါမယ်လို့ သိရပါတယ်။
ဂီတနဲ့ဆိုင်တဲ့ အခြားသတင်းတစ်ခုကတော့ လာမယ့် ရှေ့လ (၇) ရက်နေ့မှာ မြန်မာပြည် Hip Hop ဂီတလောကမှ တေးသံရှင် အယောက် ၄၀ ကျော်က မသန်စွမ်းသူများရံပုံငွေအဖြစ် သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ဂီတဖျော်ဖြေပွဲပြုလုပ်မှာဖြစ်ပါတယ်။ ဒီဂီတဖျော်ဖြေပွဲမှာတော့ ထူးထူးခြားခြားအနေနဲ့ Hip Hop အမျိုးအစားတေးသီချင်းတွေကို Lazy Club တေးဂီတအဖွဲ့က တီးခတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
နောက် သတင်းတစ်ပုဒ်ကတော့ တေးသံရှင်ကောင်းဆက်က “အတ္တ” လို့ အမည်ပေးထားတဲ့ ဂီတနောက် ခံ လုံးချင်းစာအုပ်သစ်ကို ထုတ်ဝေဖို့ရှိနေပြီး လာမယ့် (၂၂) ရက်နေ့မှာ မိတ်ဆက်ဖို့ရှိနေပါတယ်။
စာပေနယ်ဘက်က သတင်းတွေဘက်မှာတော့ ရန်ကုန်အခြေစိုက်ကဗျာဆရာတွေ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်တွေစိုက်ပျိုးဖို့ရှိနေသလို အလှူရှင်တွေအနေနဲ့လည်း ထည့်ဝင်လှူဒါန်းနိုင် ကြတယ်လို့ ဖိတ်ခေါ်ထားပါတယ်။
ဒီတပတ်အနုပညာသတင်းတွေမှာ နောက်ဆုံးအနေနဲ့ အနုပညာရှင်နှစ်ဦးရဲ့ မင်္ဂလာသတင်းနဲ့ အဆုံးသတ်လိုက်ချင်ပါတယ်။ ပြည်သူတွေရဲ့ အားပေးမှုကို အသီးသီးရရှိနေကြသူတွေဖြစ်ကြတဲ့ သရုပ်ဆောင်ပြေတီဦးနဲ့ သရုပ်ဆောင်အိန္ဒြိာကျော်ဇင်တို့ မကြာခင်မှာ နှစ်ဖက်မိဘတွေ သဘောတူ စေ့စပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်ဦးစလုံးက တရားဝင်သဘောမျိုးပြောဆိုတာမျိုးမရှိသေးပဲ ငြင်းဆိုတာမျိုးတော့မရှိဘူးလို့ ပြည်တွင်းက အနုပညာဂျာနယ်က အယ်ဒီတာအချို့ ပြောပြကြတယ်ဆိုတာ ပြောရင်း ဒီတပတ် အနုပညာ သတင်းတွေ ကို အဆုံးသတ်လိုက်ချင်ပါတယ်။
Leave a Reply