အံ့ဘုန်းမြတ် ၁၆ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
လာမယ့် တနင်္လာနေ့မှာ ကျရောက်မယ့် ၆၃ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ချုပ်မှာ မပြုလုပ်နိုင်ဘဲ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ နေအိမ်မှာ ကျင်းပမယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပပြုလုပ်နေကျဖြစ်တဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် အုတ်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ မပြုလုပ်နိုင်တော့တာပါ။ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနေအိမ်မှာပဲ အာဇာနည်နေ့ ဟောပြောပွဲနဲ့အတူ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“အဖွဲ့ချုပ်ရုံးမှာ ဘာမှ အခမ်းအနား ကျင်းပဖို့ မရှိပါဘူး။ အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ လူငယ်တွေကို အာဇာနည်ကြီး တွေနဲ့ ထိတွေ့ဖူးတဲ့ လူကြီးများ၊ အန်အယ်လ်ဒီချည်းပဲ မဟုတ်ပါဘူး။ အပြင်ကလည်းပဲ ပါတယ်။ သူတို့ကို တွေ့ဆုံပြီးတော့ သူတို့ အတွေ့အကြုံလေးတွေ ဖလှယ်ပေးမယ်။ ပြောပြပေးမယ်၊ အဲဒီ အစီအစဉ်ကိုတော့ အန်ကယ်လ် ဦးတင်ဦးအိမ်မှာ ကျင်းပမှာပါ။”
အခုနှစ် အာဇာနည်နေ့ အခမ်းအနားကို အရင်နှစ်တွေကအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ မကျင်းပနိုင်တာနဲ့ ပတ်သက်လို့လည်း ဦးဉာဏ်ဝင်းက
“အဓိကအချက်က အန်အယ်လ်ဒီရဲ့ ရပ်တည်မှုဟာ ကျနော်တို့ ဥပဒေရ ကြိုးစားဆောင်ရွက်နေတယ်။ Legal Process နဲ့ သွားနေတယ်။ အဲဒါ မပြီးပြတ်သေးတဲ့အတွက် မကျင်းပတာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီ အနေနဲ့ကတော့ မိမိရဲ့ အခြေအနေအရ အခုနပြောတဲ့ Legal Process မပြီးလို့ မကျင်းပရဘူး။ ပြည်သူလူထုတွေကတော့ ဒီဟာနဲ့ ပတ်သက်ပြီး တော့ သူတို့ အသီးသီးခံစားချက် ရှိပါလိမ့်မယ်။ အဓိက အဲဒါပါပဲ။ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ကတော့ Legal Process မပြီးပြတ်သေးတဲ့အတွက် မကျင်းပတာ ဖြစ်ပါတယ်။”
အလားတူ အမြို့မြို့အနယ်နယ်မှာရှိတဲ့ အဖွဲ့ချုပ်ဝင်တွေကလည်း ၆၃ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီထဲက မိထ္ထီလာအဖွဲ့ချုပ်ဝင် ဒေါ်မြင့်မြင့်အေးက အာဇာနည်နေ့အခမ်းအနား ကျင်းပပြုလုပ်မယ့် အစီအစဉ်တွေကို အခုလိုပြောပါတယ်။
“မိထ္ထီလာကတော့ လုပ်နေကျအတိုင်းပဲ အဖွဲ့ချုပ်ရုံးမှာ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပမယ်။ ဘုန်းကြီး ဆွမ်းကပ်မယ်။ အာဇာနည်ဆွမ်း တရားနာမယ်။ နောက်ပြီး ဘုန်းကြီး ဆွမ်းကပ်ပြီးတော့ ဧည့်ပရိသတ်တွေလည်း ကျွေးမယ်။ အာဇာ နည်နေ့ အခမ်အနားကို ပြုလုပ်မယ်။ မိထ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ မလိုင် မြို့နယ်တွေက သေချာပေါက် လာမယ်ပေါ့လေ။”
နအဖက ကျင်းပမယ့် အာဇာနည်နေ့ အခမ်းအနားကိုတော့ ရွေးကောက်ပွဲဝင်ဖို့ပြင်နေတဲ့ နိုင်ငံရေးပါတီတွေကို တက်ရောက် အလေးပြုခွင့်နဲ့ လွမ်းသူ့ပန်းခွေချ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးဖခင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ တက်ရောက်ဖို့ ဖိတ်ကြားခြင်း မရှိသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး မကြာသေးခင်ကမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေလည်းဖြစ်သူ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
“ကျနော် နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်မှာတော့ အဲဒီလို ဖိတ်ကြားခြင်း ရှိ မရှိ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် တခွန်းမှ မပြောခဲ့ပါဘူး။ အဲဒီတော့ ရှိ မရှိကို ကျ နော့်အနေနဲ့ ပြောရင်တော့ မသိဘူး။ ဒါပေမယ့်လို့ အဲဒီလို အချုပ်အနှောင်ကာလမှာ အချုပ်အနှောင်ဘ၀နဲ့ အလေးပြုရတာမျိုးကို ဒေါ်အောင်ဆန်းစုကြည် မလိုလားဘူး ဆိုတာကိုတော့ ကျနော်သိပါတယ်။”
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်ဟာ ၁၉၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနားမှာ ပြည်သူတွေနဲ့အတူ ချီတက်အလေးပြုဖို့ စီစဉ်ခဲ့ပြီး န၀တစစ်အစိုးရက ပစ်ခတ်နှိမ်နင်းမယ်လို့ ခြိမ်းခြောက်တာကြောင့် လူထုအထိနာမှာကို စိုးရိမ်ပြီး အစီအစဉ်ကို ဖျက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအနေနဲ့ နေအိမ် အကျယ်ချုပ် စတင် ထိန်းသိမ်းခဲ့ပါတယ်။
Leave a Reply