နိုင်ငံရေးပါတီများ အာဇာနည်နေ့ တက်ရောက် ဂါရ၀ပြုခွင့်ရရှိ


အံ့ဘုန်းမြတ် ၁၅ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

လာမယ့် တနင်္လာနေ့မှာ ကျရောက်မယ့် ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်လိုတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ မနက်ဖြန် နောက်ဆုံးထား အမည်စာရင်း ပေးသွင်းကြရမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်ပါတယ်။ နအဖရဲ့ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်အခြေစိုက် နိုင်ငံရေး ပါတီ ၂၁ ပါတီကို အာဇာနည်နေ့ အခမ်းအနား တက်ရောက်လိုက တက်ရောက် နိုင်တယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ဖိတ်ခေါ်ထားတာပါ။ တက်ရောက်လိုတဲ့ ပါတီအနေနဲ့ တိုင်းကော်မရှင်ရုံးမှာ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး တက်ရောက်မယ့် ပါတီခေါင်းဆောင် ၇ ဦး စာရင်းနဲ့အတူ လျှောက်ထားကြရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က တာဝန်ကျ ၀န်ထမ်းတဦးက ပြောပါတယ်။

“ကျမတို့်မှာ တင်ရတဲ့ ပါတီ ၂၁ ပါတီ အားလုံး ခေါ်ထားတာပေါ့နော်။ ရန်ကုန်မှာ အခြေစိုက်တဲ့ ပါတီအားလုံး ၂၁ ပါတီပေါ့။ အခု အဲဒီပါတီတွေတက်ဖို့ အတွက်ကို တိုင်းရုံးမှာ လျှောက်လွှာပုံစံ လာယူခိုင်းထားတယ်။ အဲဒီမှာလည်း စည်းကမ်းချက်တွေ ထည့်ထားပေးတယ်။ ကျမတို့ လျှောက်လွှာတွေပဲ လာပြီးတော့ လက်ခံဖို့ ပြောထားပြီးပြီ။”

ကော်မရှင်ရဲ့ တက်ရောက်ခွင့် စည်းကမ်းသတ်မှတ်ချက်တွေထဲမှာတော့ ပါတီအလံနဲ့ ဆိုင်းဘုတ်တွေကို အရွယ်အစားတွေ အလိုက် အသုံးပြုခွင့်ရှိသလို အခြားစည်းကမ်းချက်တွေလည်း ပါဝင်တယ်လို့ အခမ်းအနား တက်ခွင့်ရတဲ့ ပါတီခေါင်း ဆောင်တချို့က ပြောပါတယ်။ ဒါ့အပြင် ပါတီတွေအနေနဲ့ လွမ်းသူပန်းခွေ ချခွင့်ပေးထားပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ပြည်ထောင်စုဒီမိုကရေစီပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးကိုကိုကြီးက ပြောပါတယ်။

“မှတ်ချက်အနေနဲ့ ပေးတာကတော့ ပန်းခွေချရမယ်။ ပန်းခွေကို ၁၈ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထား ပြီးတော့မှ အဲဒီ မြိုင်ကြီးငူ ဓမ္မာရုံမှာ သွားပို့ရပါ့မယ်။”

ဒီလို အာဇာနည်နေ့ကို ပထမဆုံး တက်ရောက်ခွင့် ရရှိလာတာနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီကွန်ဂရက်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ကိုဝေမှူးသွင်က သူ့သဘောထားကို ပြောပါတယ်။

“ကောင်းပါတယ်။ ကောင်းပါတယ်ဆိုတာ သူတို့က ဒီအပေါ်မှာ အသိအမှတ် ပြုတယ်။ ကော်မရှင်က ချမှတ်ထားတဲ့ အတိုင်း လုပ်မယ်ဆိုရင် သူတို့က လက်တွဲခေါ်မယ်ဆိုတဲ့ ဟာမျိုး သူတို့က မက်ဆေ့ပေးချင်ပုံ ရပါတယ်။ ကျနော်တို့ နိုင်ငံရေးပါတီ တွေကိုလေ။”

နောက် မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ကိုနေမျိုးဝေကလည်း

“နိုင်ငံရေးပါတီတွေနဲ့ တည်ဆဲအစိုးရနဲ့ ရန်ဘက်သဏ္ဍာန် မဟုတ်တော့ဘူး။ တပေါင်း တစည်းတည်းနဲ့ နိုင်ငံတော် အခမ်းအနားမှာ ပါဝင်ခွင့်ရတယ် ဆိုတာ၊ နိုင်ငံရေး ပြရုပ်လေးပေါ့။ အဲဒီမှာ တယောက်နဲ့တယောက် နိုင်ငံရေးညစ်ပတ်မှုတွေ မလုပ်ကြတော့ဘဲနဲ့ ခ၀ါချတဲ့ စိတ်ထားတွေနဲ့ အာဇာနည်ဂုံးမှာ ဦးညွှတ်ကြမယ်။ အဲလို ဦးညွှတ်ကြရင်း အဲဒီ စိတ်ဓာတ်တွေကို ရင်ဝယ်ပိုက် တယောက်နဲ့ တယောက် နိုင်ငံရေးအရ ညစ်ပတ်မှုတွေ မလုပ်ကြဘဲနဲ့ နိုင်ငံအကျိုးကိုပဲ ရှေးရှုချင်တဲ့ စိတ်တွေ ကိန်းအောင်းစေချင်တယ်။”

နအဖစစ် အစိုးရအနေနဲ့ ဒီလိုပြုလုပ်တာဟာ နိုင်ငံတကာက မြန်မာပြည်မှာ နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲ ဖြစ်ပေါ်နေပြီလို့ ထင်မှတ်အောင် ပြုလုပ်တာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး စောင့်ကြည့်အကဲခတ် တချို့က ဆိုပါတယ်။ နအဖစစ်အစိုးရဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ မကျင်းပခင်ကလည်း အခုလို နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်တာမျိုး ရှိခဲ့ပေမယ့် နောက်ပိုင်း နှစ် ၂၀ တိတိ ဖိတ်ခေါ်ခြင်း မရှိခဲ့ဘဲ အခုမှ ပြန်လည် ခေါ်ယူတာလည်း ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဒီနှစ်အာဇာနည်နေ့မှာ တက်ရောက် ဂါရ၀ပြုခွင့် ပေး၊ မပေးကိုတော့ မသိရှိသေးပါဘူး။

Leave a comment