အံ့ဘုန်းမြတ် ၁၅ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ စွယ်စုံရအနုပညာရှင် ကိုဇာဂနာရဲ့ ဖခင် စာပေပညာရှင် ဆရာနန်းညွန့်ဆွေ (အသက် ၈၇ နှစ်)ရဲ့ ဈာပနကို ဒီနေ့ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဆရာကြီးနန်းညွန့်ဆွေဟာ မနေ့ညနေ ၅ နာရီမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး ဈာပနကို ဒီနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့တာပါ။ ဆရာကြီးရဲ့ ဈာပနကို ပဏိစ္စရာမ ကျောင်းတိုက်က သံဃာအပါး ငါးဆယ်ကျော်က လာရောက် ပို့ဆောင်ခဲ့ သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် အဖွဲ့ချုပ်ဝင်တွေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာ လောကသားတွေနဲ့ စာနယ်ဇင်းလောကသားတွေလည်း လာရောက်ပို့ဆောင်ခဲ့ကြတယ်လို့ ဆရာကြီးရဲ့ သားဖြစ်သူ ကိုတေဇက ပြောပါတယ်။
“ရန်ကင်းအိမ်ကနေ ကျနော်တို့ ၁၀ နာရီထွက်တယ်ပေါ့နော်။ ရေဝေးမှာ ကျနော်တို့ ၁၁ နာရီ သဂြိုဟ်တာပေါ့။ အမေတို့အဖေတို့ ကိုးကွယ်နေတဲ့ ပဏိစ္စရာမကျောင်း ပေါ့နော် မြောက်ဥက္ကလာ အဲဒီက ကျောင်းတိုက်က သံဃာအကုန်လုံးက ကြွလာတယ်။ အဖေကိုပေါ့ သံပေါက်တွေ ကဗျာတွေ ရွတ်တယ်။ ရွတ်ပြီးတော့ နောက်တခါကျတော့ ဆရာတော်ကနေပြီးတော့ တိုင်ပေးတယ်။ လူတွေက အဖေ့ကို ကန်တော့ကြပြီး မီးသဂြိုဟ်စက်ထဲ တခါတည်း တန်းထည့် လိုက်တာ။ လာတာတွေ ကတော့ အများကြီးပဲ စာပေရော၊ ရုပ်ရှင်ရော ပြီးတော့ ဂီတလည်း ပါတယ်ခင်ဗျ။ များပါတယ်။ တော်တော်များများ အုံနဲ့ကျင်းနဲ့ကို လာကြတာပါ။”
ဈာပနကို ဆရာကြီး နန်းညွန့်ဆွေရဲ့ သားဖြစ်သူ မြစ်ကြီးနားထောင်မှာ အကျဉ်းကျခံနေတဲ့ ဒါရိုက်တာ၊ လူရွှင်တော် ကိုဇာဂနာ ကတော့ မတက်ရောက် နိုင်ခဲ့ပါဘူး။ ဒီလို မလာရောက်နိုင်ခဲ့တဲ့ အပေါ်ကိုလည်း ကိုတေဇက
“မောင်သူရကိုလည်း ရှိစေချင်တာပေါ့။ ဘာဖြစ်လို့လဲဆို အမေ့တုန်းကလည်းပဲ သူ မရှိခဲ့ရဘူးပေါ့။ မရှိခဲ့ရတဲ့ အခါကျတော့ သူ့အပြောကိုတော့ ရတာပေါ့။ ရတယ်ဆိုတော့ သူက ဘယ်လိုလဲ ဆိုတော့ ညီဂျော် (ကိုတေဇ) တဲ့ မင်းကတော့ ကုသိုလ်တွေ ဘာတွေ ရနေပြီပေါ့ကွာတဲ့။ သူပြန်ထွက်လာမယ်ဆိုရင် အဖေ့ကို သူတွေ့ချင်သေးတယ်ပေါ့နော်။ အဖေ့ကို ဂရုစိုက်ပေးပါ ဘာညာနဲ့ဆို အခု အမေဆုံးတာ ၁ နှစ်နဲ့ ၃ လ မြောက်မှာ အဖေက ထပ်ဆုံးတယ်။ သူ့ကတော့ အခုလောက်ဆိုရင်တော့ သိလောက်ပါပြီပေါ့နော်။ သိလောက်ပြီ ဆိုပေမယ့်လည်း ဘာမှလည်း သူလည်း မလုပ်ပေးနိုင်တော့ ဘူးပေါ့။ ဒီကိုလည်းပဲ သူ လာလို့မရဘူပေါ့နော်။ အဲဒါလေး တချက်ကိုတော့ ကျနော်အရမ်းတော့ ဖီးလ်ဖြစ် (ခံစားရ) တာပေါ့။ လာလည်း လာစေချင်တာပေါ့။ သူ့လည်း တွေ့လည်း တွေ့စေချင် တာပေါ့။ အဲဒီလိုမျိုးတွေ ဖြစ်တာ။”
အလားတူ ကိုဇာဂနာဟာ မနှစ်က မိခင်ဖြစ်သူ စာရေးဆရာမကြီး ယုဝတီ ကြည်ဦးရဲ့ ဈာပနအခမ်းအနားတုန်းကလည်း ကိုဇာဂနာ မတက်ရောက် နိုင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ အဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို လိုက်လံတွေ့စုံစဉ် ဆရာနန်းညွန့်ဆွေနဲ့ တွေ့ဆုံခဲ့ချိန်တုန်းက ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးတင်ဦးက အခုလို အောက်မေ့ ပြောဆိုပါတယ်။
“ပြန်ခါနီလေးမှာ ပြောလိုက်တာလေးတော့ ကျနော် စိတ်ထိခိုက်သွားတယ်ဗျ။ အဲဒါ ဘာလဲဆိုတော့ သူမသေခင်မှာ သူ့သား ဇာဂနာကိုတော့ တွေ့လိုက်ချင်ပါတယ်တဲ့။ အဲဒီလို ပြောလိုက်တာလေးကတော့ ကျနော် ခုထက်ထိ နားထဲမှာ ကြားယောင်နေ သေးတယ်ဗျာ။ ကျနော်လည်း အဲဒါ စိတ်မကောင်းဘူး။ ကျနော်လည်း နှုတ်ဆက်တဲ့အနေနဲ့ပေါ့ အဘရယ် ချုပ်တာ ရှိရင်တော့ လွှတ်တာ ရှိရမှာပေါ့။ တွေ့ရမှာပေါ့ဗျာလို့၊ ဒီလိုတော့ အဖြေပေးတာပေါ့၊ အဖြေပေးသော်လည်းပဲ အဖြေပေးရတဲ့ ပုဂ္ဂိုလ်အနေနဲ့ကတော့ စိတ်ထဲမှာတော့ ကျနော်တို့ အများကြီးထိခိုက်တာပေါ့။”
ဆရာကြီး နန်းညွန့်ဆွေကို ၁၉၂၃ ခုနှစ်၊ ပြည်ခရိုင်၊ ဆင်မြီးဆွဲမြို့၊ ရပ်သာရွာမှာ အဖ ဦးသက်၊ အမိ ဒေါ်ရွှေဆိုင်တို့မှ မွေးဖွားပြီး အမည်ရင်း ဦးအောင်သိန်း ဖြစ်ပါတယ်။
၁၉၄၈ – ၅၃ ခုနှစ်တွေမှာ ပထမ ပြန်ကြားရေးဌာန၊ ဒုတိယ ရုပ်ရှင်နှင့် ပြဇတ်ဌာနခွဲတို့တွင် ပြစက်ဆရာ၊ ရုပ်ရှင်အဖွဲ့ အရာရှိ၊ ၁၉၅၃ ခုနှစ်မှ စပြီး ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဗိမာန်တွင် သုတေသနမှူး အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
၁၉၆၁ ခုနှစ်မှာ မေတ္တာတေးသံကဗျာများ၊ ၁၉၇၈ ခုနှစ်တွင် စာဆိုမာန် ကဗျာများ စာအုပ်တွေကို ရေးသား ထုတ်ဝေခဲ့ပါတယ်။ ဒါအပြင် လွှတ်တော်မှတ်တမ်း၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းကြီး၊ ဦးကုလားရာဇဝင် ဆုံးမစာပေါင်းချုပ်ကြီး၊ မုဒုလက္ခဏာပျို့၊ မင်္ဂလာစေတီ မော်ကွန်း၊ ဇယဒီသပျို့၊ နဝရတ်ပျို့၊ မောင်းထောင် ဦးကျော်လှ သံချိုပေါင်းချုပ် စာအုပ်တွေကိုလည်း တည်းဖြတ် ထုတ်ဝေခဲ့ပါတယ်။
ဆရာကြီးဟာ ဂီတ ဝါသနာရှင်တဦး ဖြစ်သလို ခေတ်ဟောင်း၊ ခေတ်သစ် ဂီတ ဆောင်းပါးတွေ၊ အတ္ထုပ္ပတ္တိစာအုပ်တွေ ကိုလည်း ရေးသား ပြုစုခဲ့ပါတယ်။ ဒါအပြင် ကုန်းဘောင်ခေတ်စာဆိုတွေ စာတမ်းတွေနဲ့ မြန်မာ့ယဉ်ကျေးမှုစာတမ်းတွေကိုလည်း ရေးသား ဖတ်ကြားခဲ့ဘူးပါတယ်။
ဆရာကြီးဟာ မြန်မာနိုင်ငံ စာရေး ဆရာ အသင်း တွဲဖက် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း အမှုဆောင်နှင့် ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဇနီးသည် သခင်မ ဒေါ်လှကြည် (စာရေး ဆရာမ ကြည်ဦး) ဖြစ်နဲ့ သား မောင်ဝဏ္ဏ၊ မောင်တေဇနှင့် မောင်သူရ (လူရွင်တော် ဇာဂနာ) စတဲ့ သားသုံးယောက် ထွန်းကားခဲ့ပါတယ်ခင်ဗျာ။
ကိုကျော်သူ ပေးပို့လာတဲ့ ဆရာနန်းညွန့်ဆွေ (၈၇) နှစ်ရဲ့ ဈာပနအခမ်းအနား မြင်ကွင်းဓာတ်ပုံတွေကို မှတ်တမ်းအနေနဲ့ ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။
Leave a Reply