အံ့ဘုန်းမြတ် ၁၁ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
အသစ်ထူထောင်ထားတဲ့ နိုင်ငံရေးပါတီတချို့ ပူးတွဲလှုပ်ရှားမှု ကော်မတီအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဖြတ်သန်းဖို့ ပြင်ဆင်နေကြပါတယ်။ ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP)၊ အမျိုးသားဒီမိုကရေစီအင်အားစု(NDF) နဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) စတဲ့ နိုင်ငံရေးပါတီတွေနဲ့ အခြားတိုင်းရင်းသား ပါတီတချို့ ပူးတွဲလှုပ်ရှားမှုကော်မတီ အနေနဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းဖို့ ပြင်ဆင်နေ ကြတာပါ။ ဒီလိုပြင်ဆင်နေတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက အခုလို ပြောပါတယ်။
“၂၀၁၀ ရွေးကောက်ပွဲကို ပါတီတခုတည်းကနေပြီး လွှတ်တော်ကိုယ်စား လှယ် ၁၀၀၀ လောက် ရှိတာကိုး။ လွှတ်တော် သုံးရပ်လုံး ဆိုရင်လေ။ အဲဒါ အလုပ်တာဝန် ခွဲဝေပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့ အတွက်ကို ညှိနှိုင်း နေတာလေ။ အဲလိုမျိုးမှ မလုပ်ဘူးဆိုရင် မလွယ်တော့ ဘူးလေ။ မမီနိုင် တော့ဘူးလေ။ အန်ဒီအက်ဖ်ရယ်၊ ဒီမိုကရက်တစ်ပါတီရယ်၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီရယ်၊ ရခိုင်တိုးတက်ရေးပါတီရယ်၊ အဲဒီပါတီတွေအပြင် ချင်းတို့ဘာတို့ တွေ့ရဦးမယ်၊ မွန် တွေ့ရဦးမယ်။ အဲဒီပါတီတွေ အားလုံးတွေ့ပြီးမှ အဲဒီပါတီတွေ အားလုံးပြန်ဆုံမှာလေ။ အခု ကိုယ်တို့ ပါတီက လိုက်တွေ့တဲ့ သဘောပဲ ရှိသေးတာ။”
ဒီအစီအစဉ်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဆွေကလည်း အခုလို ဆိုပါတယ်။
“ဒီမိုကရေစီပါတီအချင်းချင်းက အချင်းချင်း ယှဉ်ပြိုင်ဖို့၊ ထိပ်တိုက်တိုးဖို့အတွက် ကျနော်တို့ မလုပ်နိုင်ဘူး။ အချင်းချင်း ထိပ်တိုက်မတိုးတဲ့နည်းနဲ့ ကျနော်တို့ သွားဖို့လိုပါတယ်။ ရွေးကောက်ပွဲဝင်တဲ့ နေရာမှာနေရာတွေ ကွက်လပ်မကျန်ရအောင်၊ ထပ်သွားတာမျိုး မဖြစ်ရအောင်၊ ညှိနှိုင်းပြီးသွားရင် ကောင်းမယ်ဆိုတဲ့ သဘောထားကို လက်ခံကြပါတယ်။ ဒါပေမယ့် ဥပဒေစည်းကမ်းအရ ဂျွိုင်းအက်ရှင် (ပူးတွဲလှုပ်ရှားမှု) လောက်ပဲ ရွေးကောက်ပွဲမတိုင်ခင်မှာ လုပ်လို့ရမယ် ထင်တယ်။”
ဒီလို ပူးတွဲလှုပ်ရှားမှုကော်မတီကနေ ဖော်ဆောင်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီတော့လည်း ကိုဖြိုးမင်းသိန်းက ခုလို ဆိုပါတယ်။
“နိုင်ငံရေးကိစ္စတွေ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေ အားလုံးကို ပူးပေါင်း ဖြေရှင်းမယ်။ ပြဿနာတရပ်တရပ် ပေါ်တိုင်းမှာ ပူးပေါင်းဖြေရှင်းကြမယ်ဆိုရင် ပိုကောင်းတယ်။ အဲဒါကို လုပ်မှာပါ။ ကော်မရှင်ကိစ္စလည်း ဆွေးနွေးတဲ့အထဲမှာ ပါတယ်လေ။ ကော်မရှင်နဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က ပြောဆိုဆွေးနွေးစရာ ပါတီတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေ ရှိမယ်ဆိုရင် စုပေါင်းတိုင်ပင်ပြီးတော့ ပြောကြမယ်ဆိုတဲ့ဟာပေါ့။”
ပူးတွဲလှုပ်ရှားမှုကော်မတီအနေနဲ့ လှုပ်ရှားမယ့် အစီအစဉ်တွေဟာ နိုင်ငံရေးပါတီများ လုပ်ထုံးလုပ်နည်းဥပဒေတွေနဲ့ ကိုက်ညီ တာကြောင့် ကော်မရှင်ကနေ ကန့်သတ်နိုင်ဖွယ် မရှိဘူးလို့လည်း အဲဒီ ပါတီခေါင်းဆောင်တချို့က ဆိုပါတယ်။
Leave a Reply