သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ရံပုံငွေရှာရေး ကန့်သတ်ချက်များ ကော်မရှင်က ထပ်မံထုတ်ပြန်


အံ့ဘုန်းမြတ် ၉ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

နအဖစစ်အစိုးရ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကနေ ပါတီရံပုံငွေ ရှာဖွေရေးတွေနဲ့ ပတ်သက်ပြီး ကန့်သက်ချက်တွေ ထပ်ထုတ်ပြန် လိုက်တာကြောင့် နိုင်ငံရေးပါတီတွေ အကျပ်တွေ့ နေကြပါတယ်။ ဒီလ ၈ ရက်နေ့ရက်စွဲနဲ့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က နိုင်ငံရေးပါတီ ရံပုံငွေရှာဖွေရေး၊ အလှူခံကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ထပ်မံကန့်သက်ချက်တွေ ကြောင့် နိုင်ငံရေးပါတီသစ်တွေ ရပ်တည်ရေး အကျပ်အတည်း တွေ့လာကြရတာပါ။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအေးလွင် က ကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ခုလို ဝေဖန်ပါတယ်။

“ခိုင်းတာတွေ လျှောက်လုပ်နေလို့ကတော့ ဒါကော်မရှင် မဟုတ်တော့ဘူးဗျ။ အခိုင်းစေတွေ ဖြစ်သွားပြီး။ အဲဒီတော့ အခုက ဖြစ်လာတဲ့ ပုံစံတွေက ဒီပုံစံတွေ တဖြည်းဖြည်း ဖြစ်လာပြီ။ အခု စည်ပင်သာယာက ခိုင်းတယ်ဗျာ လိုက်လုပ်တယ်ဗျာ။ စာထွက်တာ စည်ပင်သာယာက ခိုင်းလို့ ထွက်တာဗျ။ တခါ ဟိုတခါက အလံတွေ ထောင်တဲ့ကိစ္စ ရဲချုပ်(ရဲတပ်ဖွဲ့) က ပြောလို့လို့ ပြောတယ်။ အဲဒါတွေက ကျနော်တို့က နိုင်ငံတော်ကို ပျက်ပြားအောင် လုပ်နေတာလည်း မဟုတ်ဘူး။ ဆူပူအောင် လုပ်နေတာလည်း မဟုတ်ဘူးလေ။ ကျနော်တို့ ပါတီလုပ်ငန်းတွေကို ကျနော်တို့ လုပ်နေတာပဲ၊ အဲဒီတော့ အဲဒါတွေကို လိုက်ပိတ်ပင်နေမယ်ဆိုရင် ကော်မရှင်က အငှားတရားခံ ဖြစ်သွားပြီဗျာ။ အဲဒါကို မပြင်ရင်တော့ ၂၀၁၀ ရွေးကောက်ပွဲကတော့ ဘာမှ အဓိပ္ပာယ်ရှိမှာလည်း မဟုတ်ဘူး။ အဲဒီလို အဓိပ္ပာယ်မရှိတဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ရလဒ်တွေကလည်း ပြည်သူလူထုအတွက် ဘာမှ မျှော်လင့်ချက် ထားစရာ မရှိဘူးလို့ ကျနော်ကတော့ အဲဒီလို ထင်တယ်။”

ကိုအေးလွင် ဦးဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နဲ့ ကိုရဲထွန်းဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) စတဲ့ ပါတီနှစ်ခု လွန်ခဲ့တဲ့ရက်ပိုင်းတွေက စည်ပင်သာယာပိုင် ဈေးတချို့မှာ အလှူခံခဲ့ပြီးတဲ့နောက်ပိုင်း ကော်မရှင်က အခုလို နိုင်ငံရေးပါတီများ ရံပုံငွေရှာဖွေရေးနဲ့ ပတ်သက်ပြီး ထပ်မံ ကန့်သက်လိုက်တာ ဖြစ်ပါတယ်။ ဒီလို ကန့်သတ်လိုက်တာဟာ အရပ်သားတွေ ဦးဆောင်တဲ့ နိုင်ငံရေးပါတီတွေကို မကြီးထွားလာအောင် ကန့်သက်လိုက်တာ ဖြစ်တယ်လို့လည်း ကိုအေးလွင်က ပြောပါတယ်။

“ကျနော်တို့ နိုင်ငံရေးပါတီရယ်လို့ ဖြစ်လာရင် အားလုံးက သူနိုင်ကိုယ်နိုင်ပေါ့ဗျာ။ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အနိုင်ရဖို့ ကြိုးစားကြရမှာ။ အဲဒီ ယုတ်မာတဲ့ နည်းလမ်းတွေ၊ အောက်လမ်း နည်းတွေပေါ့ဗျာ၊ ဖိအားပေး အကျပ်ကိုင်တဲ့ နည်းတွေ၊ ကြီးနိုင်ငယ်ညှင်းနည်းတွေပေါ့ဗျာ။ ကြီးတယ်ဆိုတာကလည်း မတအားသဖြင့် ကြီးအောင်လုပ်ထားတယ်ဗျာ။ ငယ်တယ် ဆိုတာကလည်း မတရားသဖြင့် လုပ်ပြီးတော့ ငယ်အောင် လုပ်ထားတယ်ဗျာ။ အဲဒီမှာ ပြိုင်ပွဲလုပ်မယ် ဆိုရင်တော့ မမျှတတော့ ဘူးခင်ဗျ။ ၂၀၁၀ ရွေးကောက်ပွဲက ဘာမှ အဓိပ္ပာယ် ရှိမှာလည်း မဟုတ်ဘူး။ အဲဒီအတိုင်းသွားရင်တော့ ကျနော် တို့ကတော့ အဲဒီအတိုင်းပဲ မြင်တယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ပါတီဝင်တွေ ဈေးတချို့မှာ အလှူခံခဲ့တဲ့အပေါ် တရားစွဲဆိုဆင့်ခေါ်ထားတာနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံရေးပါတီများ ဥပဒေအရ ဆောင်ရွက်ခြင်း ဖြစ်တာကြောင့် ပါတီကို တိုက်ရိုက်ဆင့်ခေါ်ဖို့ အဲဒီ ခရိုင်စည်ပင်ရုံးကို အကြောင်းပြန်စာ ပို့ထားတယ်လို့လည်း ကိုအေးလွင်က ပြောပါတယ်။ ဒါ့အပြင် ဒီသတ်မှတ်ချက်တွေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကော်မရှင်ကနေ မှတ်တင်ခွင့်ပြုလိုက်တဲ့ မြန်မာ့ဒီမိုကရေစီကွန်ဂရက်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ကိုဝေမှူးသွင်ကလည်း အခုလို ပြောပါတယ်။

“အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ ဗိုလ်သန်းရွှေက ၀င်္ကဘာ ဆောက်ပေး ထားတယ်။ အဲဒီအထဲမှာ ကြွက်ကလေးတွေကို ပြေးခိုင်းထားတယ်။ ကြွက်ကလေးက ဒီဝင်္ကဘာထဲမှာ လည်နေအောင် ပြေးရမှာပဲ။ သူပေးထားတဲ့ အကန့်အသက်နဲ့ ဒီလမ်းကို ပိတ်ထားတယ်ဆိုရင် ဒီလမ်းက သွားလို့မရဘူး။ ဟိုဘက်လမ်းသွား အဲဒီ တပေါက်တည်းပဲ ရှိတယ်။ ဗြောင်သိသိကြီးနဲ့ ကစားနေရတာ။ ဘယ်လို သုံးသပ်မိသလဲဆိုတော့ ဒီဟာကို သိသိကြီးနဲ့ ကျနော်တို့က ကစားရတာ ဖြစ်သွားပြီ။ သူက နိုင်ငံရေးပါတီများ မှတ်ပုံတင်ကို အချိန်မရွေး ဖျက်သိမ်းပစ်နိုင်တယ်။ ရုတ်သိမ်းပိုင်ခွင့်ရှိတယ် ကော်မရှင်မှာ။ သူတို့ စည်းမျဉ်း စည်းကမ်းတွေနဲ့ မညီလို့ရှိရင် ရွေးကောက်ပွဲတောင် မရောက်သေးဘဲနဲ့ ပါတီကပျက်မယ့်သဘော ဖြစ်နေတယ်။ အလှူခံ ကောက်တာကအစ အကန့်အသက်တွေနဲ့ အကုန်လုပ်ထားတယ်။”

ဒီလို အခြေအနေမျိုးမှာပဲ နိုင်ငံရေးပါတီတွေအနေနဲ့ ဖြတ်သန်းရမယ့် အခြေအနေတွေကိုလည်း မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ကိုနေမျိုးဝေက အခုလိုဆိုပြန်ပါတယ်။

“လူထု ပါဝင်ပတ်သက်မယ့်ဟာက ငွေနဲ့ ပါဝင်ပတ်သက်မယ်။ လူနဲ့ ပါဝင်ပတ်သက်မယ်၊ အဲဒီ ပတ်သက်မှုက ကြောက်နေရင် တော့ ကျပ်တယ်ကျပ်တယ် ဆိုပြီးတော့ အစိုးရကိုချည်းပဲ နင်းပြောလို့ မရဘူးဗျ။ ဒီဥပဒေတွေကိုပဲ နင်းပြောလို့ မရဘူး။ အဲဒီ ကျပ်နေတဲ့ လူထုပါဝင်ပတ်သက်ဖို့ ကြောက်နေတယ်ဆိုတဲ့ အရှိတရားကို လက်ခံပြီးတော့ အဲဒီဟာကို လွန်ဆန်အောင် လုပ်ရမှာ။ ကျနော်တို့က ဘာလုပ်ရမလဲဆိုတော့ ဘဏ်အကောင့်တွေ ဘာတွေဖွင့် ကြေညာဗျာ။ နောက်ပြီးတော့ ဖြတ်ပိုင်းလေး ကိုင်ပြီးတော့ ကိုယ့်ပါတီဝင်တွေကနေပြီးတော့ နီးစပ်ရာနီးစပ်ရာမှာ အလှူခံလို့ ရတယ်ဗျာ လုပ်လို့ရပါတယ်။ ကျနော် ထင်ပါတယ်၊ ကန့်သက်တယ်ဆိုတာ အဲဒီလိုမျိုး အုပ်စုလိုက်ကြီးတွေ ဖလားကြီးတွေနဲ့ အလှူခံတဲ့ ပုံစံတို့မျိုးကို တားတယ်လို့ ထင်တယ်။”

လက်ရှိ အခြေအနေမှာတော့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကနေ နိုင်ငံရေးပါတီများ လုပ်ထုံးလုပ်နည်း ဥပဒေတွေကို ပြီးခဲ့တဲ့လတွေက ထုတ်ပြန်ကြေညာ ပြီးတဲ့နောက်ပိုင်း အခုလိုကန့်သက်ချက်တွေကို ထပ်မံ ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: