အံ့ဘုန်းမြတ် ၇ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်သူလွှတ်တော် ခေါ်ယူရေးဆိုင်ရာ အခန်းကဏ္ဍမှာ လစ်ဟာချက်တွေ ရှိနေတဲ့အပေါ် ပြန်လည်စိစစ် သုံးသပ်ပေးဖို့ ပြည်ထောင်စုဒီမိုကရေစီပါတီက တောင်းဆိုလိုက်ပါတယ်။ နအဖက ကျင်းပမယ့် ရွေးကောက်ပွဲ အပြီး ပြည်သူ့လွှတ်တော်ခေါ်ယူရေး အပိုင်းတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဥပဒေရေးရာ အဆက်အစပ် ပြက်တောက်နေ မှုတွေကို ပြန်လည်သုံးသပ်ပေးဖို့ ဒီကနေ့ ပြည်ထောင်စုဒီမိုကရေစီပါတီက နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကို အိတ်ဖွင့်ပေးစာပို့ပြီး တောင်းဆိုလိုက်တာပါ။ စာမျက်နှာ ၁၀ မျက်နှာပါ မေတ္တာရပ်ခံအိပ်ဖွင့်ပေးစာမှာ တောင်းဆို ထားတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက အခုလို ပြောပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအပြီးမှာ ဒီဖွဲ့စည်းပုံဟာ အာဏာသက်ရောက်မှု မရှိဘဲနဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်ခေါ်ယူပြီးမှ အာဏာသက်ရောက်မှုရှိမှာ ဖြစ်နေတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ဖို့ လွှတ်တော်ခေါ်ယူဖို့မှာ ဥပဒေရေးရာ ကွင်းဆက်တခု ပြုတ်သွားတယ်။ အမျိုးသားညီလာခံမှာတုန်းက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအပြီးမှာ အာဏာတည်စေရမယ်လို့ သတ်မှတ်ထားမှုကို ပြင်လိုက်တဲ့ အတွက် ဒီဥပဒေရေးရာ ကွင်းဆက် ပြုတ်သွားမလို ဖြစ်နေတယ်။ အဲဒီပြဿနာကို ပြေလည်အောင် ဘယ်လို ဖြေရှင်းမလဲလို့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီကို မေတ္တာရပ်ခံ တင်ပြတာပဲ ဖြစ်တယ်။”
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံပြီး ပါတီထူထောင်ပြီးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရှိနေတဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပေးဖို့ မေတ္တာရပ်ခံတဲ့အပေါ်ကိုလည်း ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ဒီအားနည်းချက် ဖြစ်နေတဲ့အပေါ် ဘယ်လိုပြင်မလဲဆိုတဲ့ လမ်းကြောင်း၊ ကျနော်တို့က ဥပဒေလမ်းကြောင်းပေါ်မှာရပ်တယ်။ တရားဝင်ပါတီရပ်မယ်။ ကျနော်တို့ ဒါတွေ လုပ်လို့ လက်မခံဘူးလား၊ ကျနော်တို့ပါတီ ဆက်လက်ရှင်သန်ခွင့်ကို ခွင့်မပြုတော့ဘူးလား၊ ရတယ်၊ ကျနော်တို့ ရပ်လိုက်မယ်။ ကျနော်တို့က ဘောင်အတွင်းမှာ ကျနော်တို့ လုပ်လို့ရသလောက်ကိုတော့ ကြိုးစားရမှာပဲ၊ ဒါမှမဟုတ် မကြိုးစားဘဲနဲ့ ပြုသမျှ ဒီအတိုင်းပဲ နေရမယ်ဆိုတဲ့ အခြေအနေကတော့လည်း နည်းနည်းတော့ ခက်နေတာပေါ့။”
ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးနောက် လွှတ်တော်အသီးသီးရဲ့ ပထမအကြိမ် အစည်းအဝေးကျင်းပခြင်းတွေနဲ့ ပတ်သက်ပြီး နအဖစစ်အစိုးရ အနေနဲ့ ဘယ်လိုဘယ်ပုံ အကောင်အထည်ဖော် ဆောင်ရွက်မယ် ဆိုတာကိုလည်း အထိအကျ ထုတ်ပြန်ကြေညာပေးဖို့ တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပါတီဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက
“ရွေးကောက်ပွဲကော်မရှင်ရယ်၊ တည်ဆဲအစိုးရရယ်၊ ဒီဥပဒေကို ရေးဆွဲပြဌာန်းတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲရေး ကော်မတီ တွေအကြားမှာ ပြန်ညှိနှိုင်းပြီး ဒီဆန္ဒခံယူပွဲတော့ ပြီးပြီ၊ ဒီဥစ္စာမှာ အားနည်းချက်တွေ ရှိတယ်။ ဘယ်လိုလုပ်မလဲ ညှိ နှိုင်းဆွေးနွေးပြီး ဒီဥစ္စာကို ပြန်လည်ပြင်ဆင်ဖို့ သူတို့ကြိုးစားရမှာပေါ့၊ ပြန်လည် မပြင်ဆင်ရင် ဥပဒေလမ်းကြောင်းနဲ့ အညီမဟုတ်ဘဲနဲ့ လုပ်မယ်ဆိုရင်လည်း ဒါကတော့ ကျနော်တို့ဘက်က လုပ်သင့်လုပ်ထိုက်တဲ့ အပိုင်းကို တင်ပြထားတယ် ဆိုတာကိုတော့ ကျနော်တို့က ဆုတ်ကိုင်ထားမှာလေ။”
ပြည်ထောင်စုဒီမိုကရေစီပါတီဟာ ၀ါရင့်ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုံးနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း တချို့ပါဝင်ထားတဲ့ နိုင်ငံရေးပါတီတခုဖြစ်ပြီး ပီပြင်တဲ့ အရပ်ဘက်အုပ်ချုပ်ရေးစနစ်တရပ်ကို ဖော်ဆောင်မယ်လို့ ကြွေးကြော် ထားတဲ့ နိုင်ငံရေးပါတီတခု ဖြစ်ပါတယ်။
Leave a Reply