အံ့ဘုန်းမြတ် ၆ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
ဆယ်စုနှစ် တစ်ခုကျော် ဂျာနယ်တွေမှာ အစဉ်အဆက် ထည့်သွင်းဖော် ပြခဲ့ရတဲ့ အစိုးရအာဘော် ပေါ်လစီဆောင်းပါးတွေကို ထည့်သွင်းဖော်ပြစရာ မလိုတော့ဘူးလို့ စာပေစီစစ်ရေးက တရားဝင် ပြောကြားထားတယ်လို့ သိရပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်မှာရှိတဲ့ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကနေ နေ့စဉ်ထုတ် သတင်းစာတွေမှာ ဖော်ပြပြီးသား ‘နအဖ’ စစ်အစိုးရအာဘော် ပေါ်လစီဆောင်းပါးတွေကို ဖော်ပြဖို့ ညှန်ကြားလာရာ အခုတော့ ဖော်ပြဖို့ မလိုတော့ဘူးလို့ ဂျာနယ် တာဝန်ရှိသူတွေကို ပြောကြားလိုက်တာပါ။ ဒါပေမယ့် ပြည်ထဲရေး၊ ပြန်ကြားရေးနဲ့ အခြားအစိုးရဌာနတွေက အချိန်အခါ အလိုက် ဖော်ပြပေးဖို့ ညှန်ကြားတာမျိုးတွေကိုတော့ ဂျာနယ်တွေအနေနဲ့ တိတိကျကျဖော် ပြပေးကြရမှာ ဖြစ်ပါတယ်။ ဒီလို စာပေစိစစ်ရေးကနေ ညှန်ကြားလိုက်တဲ့အပေါ် သတင်းဂျာနယ် တာဝန်အယ်ဒီတာတဦးက အခုလို အပြုသဘောနဲ့ ကြိုဆိုလိုက်ပါတယ်။
“ကောင်းပါတယ် ဒီဟာကိုတော့ ကြိုဆိုပါတယ်။ အရင်တုန်းကဆိုရင် သူတို့ ဒီစီစစ်ရေးက ချပေးတဲ့ ဆောင်းပါးတွေကို ထည့်ထည့်ပေးနေရတယ်။ ဘာပဲပြောပြော ဂျာနယ်မှာတမျက်နှာ ဦးစားပေးပြီးတော့ ထည့်ပေးနေရတယ်။ အခုတော့ ဒီဂျာနယ်က ကိုယ်လုပ်ချင် တဲ့ဟာလေးတွေ ကိုယ်ထည့်ချင်တဲ့ဟာလေးတွေ ထည့်ခွင့်ရဖို့ တမျက်နှာ ပိုထွက်လာတော့ ဒီဟာကို အပြုသဘောနဲ့ ကြိုဆိုပါတယ်။”
အခြားဂျာနယ် အယ်ဒီတာတစ်ဦးကလည်း အခုလို ဆိုပြန်ပါတယ်။
“ဒီဟာကို ဘာကြောင့် သူတို့ မထည့်နဲ့တော့လို့ ပြောတာလဲတော့ မသိဘူးပေါ့။ အကြောင်းပြချက်တော့ မသိဘူး။ ဒါပေမယ့် ဒီလိုမျိုး မထည့်ရတော့ဘူးဆိုတဲ့အတွက် သူတို့က အဲဒီလိုမျိုး တခုလျှော့ပေးလိုက်တဲ့အတွက်တော့ ကျေးဇူးအများကြီး တင်ရတယ်။ ဘာဖြစ်လို့လည်းဆိုရင် ဂျာနယ်တစောင်မှာ အကွက်တကွက်လေး အသေးလေး ၂ လက္မ ၂ ကော်လံအကွက် တကွက်ကအစ သိပ်တန်ဘိုးရှိတယ်။ နေရာက သိပ်ပြီးတော့ တန်ဘိုးရှိပါတယ်။ အဲဒီအချိန်မှာ သူတို့က အမြဲတမျက်နှာ အပြည့်ယူထားတဲ့ဟာကို မယူတော့ဘူးလို့ ဆိုပြီးတော့ လုပ်လိုက်တာဟာ ဒီပုဂ္ဂလိကဂျာနယ်တွေအပေါ်မှာ သူတို့က ဘိုင်ဖို့စ် (အမိန့်) နဲ့ ခိုင်းထားတဲ့ဟာ တခု ပြန်ရုပ်လိုက်တဲ့အတွက် ကောင်းပါတယ်။ ကောင်းလည်း အကောင်းပဲ မြင်ပါတယ်။”
ဂျာနယ်တွေမှာ ဒီလို ပေါ်လစီဆောင်းပါးတွေ ဖော်ပြစရာ မလိုတော့ဘူးလို့ ညှန်ကြားလိုက်တာဟာ ဂျာနယ်တွေမှာ ဆောင်းပါးတွေနဲ့ ၀ါဒဖြန့်တာ မထိရောက်ဘူးလို့ အစိုးရအနေနဲ့ သဘောပေါက်သွားတာ။ စိစစ်ရေးရဲ့ တင်းကျပ်တဲ့ မူဝါဒတွေ အကြောင်း ဝေဖန်မှုတွေများလာတဲ့အတွက် အလျှော့ပေးမှုတခုအနေနဲ့ ဖြစ်မယ်လို့ စာနယ်ဇင်းလောကသား အချို့ကသုံးသပ်ကြပါတယ်။ ဒီလို စိစစ်ရေးက လျှော့ပေးလိုက်တဲ့အပေါ် စာနယ်ဇင်းလောကသား အားလုံးနီးပါး က အပြုသဘောနဲ့ ကြိုဆိုကြပေမယ့်လည်း လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားလာမယ့် အခြေအနေမျိုးတွေ ရှိလာနိုင်မလား ဆိုပြီးတော့လည်း စိုးရိမ်နေကြပါတယ်။ ဒါကြောင့် စာပေစိစစ်ရေးအနေနဲ့ အစိုးရရဲ့ မူဝါဒအပြောင်းအလဲပေါ်မှာ မူတည်ပြီး ဒီထက်ပိုပြီး အပြုသဘောဆောင်တဲ့ လိုက်လျှောမှုတွေကို ပြုလုပ်ပေးဖို့လည်း စာပေလောကသား အတော်များများက တောင်းဆိုကြတာမျိုးတွေလည်း ရှိနေပါတယ်။ အဲ့ဒီထဲက လက်ရှိ ရင်ဆိုင်နေတဲ့ နိုင်ငံရေးအကြောင်းတွေကို စိစစ်ဖြတ် တောက်မှုတွေ ရှိနေတဲ့အပေါ်ကိုလည်း သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာတဦးကပဲ အခုလို တောင်းဆိုထားပါတယ်။
“ဒီအခု နိုင်ငံရေးပါတီတွေ မဲဆွယ်နေတဲ့ ကာလဆိုတော့ မဲပေးမယ့် ပြည်သူတွေကို ကျနော်တို့က နိုင်ငံရေးပါတီတွေ အကြောင်းကို သိစေချင်တာပေါ့နော်။ ဒီပါတီ ဆိုးတယ်၊ ကောင်းတယ်ဆိုတာကတော့ ပြည်သူက ဆုံးဖြတ်ပေါ့။ ကျနော်တို့ကတော့ ကိုယ်ရတဲ့ သတင်းအချက်အလက်တွေကို တင်ချင်တာ၊ အဲဒီမှာ ကျနော်တို့ တင်တဲ့ သတင်းအချက် အလက်လေးတွေကို မဖြတ်မတောက်ဘဲနဲ့ ခွင့်ပြုပေးရင်တော့ ပိုကောင်းမယ်လို့ တောင်းဆို ပါတယ်။”
မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးစနစ်ကို ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက်ပိုင်း ၁၉၆၄ ခုနှစ် ၀န်းကျင်လောက်မှာ စတင်ကျင့်သုံးခဲ့တာဖြစ်ပြီး အဲ့ဒီနောက် ‘န၀တ’ နဲ့ ‘နအဖ’ စစ်အစိုးရ လက်ထက်တွေမှာ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ လက်အောက်ကနေတဆင့် ပုဂ္ဂလိကဂျာနယ်၊ မဂ္ဂဇင်း၊ စာဆောင်၊ တေးစီးရီးတွေကို စစ်ဆေး စီစစ် ဖျက်တောက်ပြီး တရားဝင်ပုံနှိပ်ထုတ်ဝေခွင့် ခွင့်ပြုနေတဲ့ ဌာနတခုလည်း ဖြစ်ပါတယ်။
Leave a Reply