အံ့ဘုန်းမြတ် ၁ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
ရွေးကောက်ပွဲကို ဘယ်နေ့ဘယ်ရက်မှာ ကျင်းပပြုလုပ်မယ်လို့ နအဖစစ်အစိုးရရဲ့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က တရားဝင်ကြေညာတာမျိုး မရှိသေးပေမယ့် မြန်မာနိုင်ငံရဲ့ လူဦးရေစာရင်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင် အားဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အသက် ၁၈ နှစ် ပြည့်ပြီးသူ လူဦးရေ သန်း ၃၀ ကျော် ပါဝင်နေပြီး အဲဒီထဲမှာ အများစုပါဝင်နေတဲ့ လူငယ်တွေကတော့ ဒီရွေးကောက်ပွဲနဲ့ နိုင်ငံရေး အခြေအနေတွေအပေါ် စိတ်ဝင်စားမှု နည်းပါးနေတဲ့ အခြေအနေမျိုးတွေ ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူ လူဦးရေ သန်း ၃၀ နဲ့ ခုနှစ်သိန်းကျော် ရှိနေပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်ကနေ ၃၉ နှစ် အထိ လူငယ်တွေက မဲပေးနိုင်ခွင့် ရှိသူစုစုပေါင်းရဲ့ ၅၃ ရာခိုင်နှုန်းကျော် ပါဝင်နေတာပါ။ အဲဒီထဲက ဆက်သွယ်မေးမြန်းလို့ရတဲ့ အများစုကတော့ ဒီရွေးကောက်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုရော ရွေးကောက်ပွဲကိုပါ အယုံအကြည် မရှိကြဘဲ ပြုပြင်ပြောင်းလဲရေး ဖြစ်မလာနိုင်တဲ့ ရွေးကောက်ပွဲအဖြစ် ၂၀၁၀ ရွေးကောက် ပွဲကို ရှုမြင်သုံးသပ် နေကြပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းက လူငယ်သတင်းဂျာနယ် အယ်ဒီတာတဦးရဲ့ အမြင်က
“ဒီမှာ အခုအမြင်တွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်လားဆိုတာက ဝေးတောင် ဝေးနေတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ရှိလားမရှိလားဆိုတာ သိတဲ့ လူငယ်ဘယ်နှစ်ယောက်လောက် ရှိမလဲ မသိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့၊ နယ်တွေက ကလေးတွေ မဟုတ်ဘူး။ ရန်ကုန်မှာရှိနေတဲ့ လူငယ်တွေကော။ အားလုံးပါပဲ၊ နိုင်ငံရေး ဆိုတာထက်တောင် အသင်းအဖွဲ့ဆိုတဲ့ ကိစ္စ၊ ရပ်ကွက်ထဲမှာ ရှိတဲ့ အသင်းအဖွဲ့၊ မြို့နယ်ထဲမှာရှိတဲ့ အသင်းအဖွဲ့၊ နိုင်ငံမှာရှိတဲ့ အသင်းအဖွဲ့ဆိုတာတောင် ရင်းနှီးမှု တော်တော်နည်းတယ်။”
အခြားလူငယ်စာနယ်ဇင်း ဆရာမတဦးရဲ့ ပြောပြချက်ကလည်း
“တိုင်းပြည်က လူကြီးတောင်မှ မသိတဲ့ကိစ္စ။ သူတို့က ဘယ်လိုလုပ် စိတ်ဝင်စားမလဲ။ ဥပမာ ခေတ်အဆက်ဆက်က လူတွေ တောင် သူတို့မသိဘူးလေ။ အခု လက်ရှိကိုလည်း ပြည့်စုံအောင် မသိဘူးလေ။ ဂျာနယ်မှာတွေ့ရင်တောင် မသိဘူး ကျော်လိုက်ကြတာပဲ။”
လူငယ်တွေကို ဒီလိုအခြေအနေတွေ ရောက်အောင် တွန်းပို့နေတဲ့ အခြေအနေတွေကိုလည်း အသက် ၂၈ နှစ်ရွယ် အိုင်တီပညာရှင်တယောက်က လက်ရှိနိုင်ငံရေးအခြေအနေနဲ့ နှိုင်းယှဉ်ပြီး ထောက်ပြ ဝေဖန်ထားတာကတော့
“လူငယ်တွေ စိတ်ဝင်စားလာအောင် လုပ်ပြီးတော့ လူငယ်တွေ လေ့လာလာပြီ၊ လိုက်စားလာပြီဆိုရင် အသိအမြင်က ပွင့်ပွင့်လင်းလင်း ပြောရင် ဒီအခြေအနေ အချိန်အခါက လိုက်စားသွားလို့ သိသွားရင် မြန်တယ်။ အမှန်တရားကို သိဖို့က များတယ်။ လူတိုင်းလူတိုင်း သူတို့ဘက်ကို အမြင်မှ မကြည်တာ၊ အမြင်မကြည်တော့ သိဖို့က အမှန်တရားပဲ သိဖို့ပဲ များကြတယ်လေ။ အဲတော့ အခြေအနေက သူတို့အတွက် သိပ်မကောင်းဘူး။ အဲတော့ ဟောပြောပွဲတွေ ဘာတွေ သိပ်မလုပ်ဘူးဗျ။ သူများနိုင်ငံတွေလို ပါတီဖွဲ့ပြီးသွားရင် ပါတီဝင်တွေအနေနဲ့ လိုက်ပြီး ဟောပြောပွဲ လုပ်ရမယ်၊ မဲဆွယ်ရမယ်၊ အခုတော့ ဘာမှမရှိဘူး။ လူထုလှုပ်ရှားမှုကော။”
ဒီအခြေအနေမှာပဲ နအဖစစ်အစိုးရကတော့ ရွေးကောက်ပွဲကို လာမယ့် လအနည်းငယ် အတွင်းမှာပဲ ကျင်းပပြုလုပ်တော့မှာပါ။ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က နိုင်ငံရေးပါတီ သစ် ၄၀ နီးပါးကို ဒီရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပါတီထူထောင်ခွင့် ချထားပေးပြီးလည်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေမှာ လူငယ်တွေအများစု တိုင်း ပြည်ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်သက်ပြီး စိတ်ဝင်စားမှု နည်းပါးနေတဲ့အပေါ် စာရေးဆရာ ဆရာအောင်သင်းရဲ့ အကြံပြု ချက်ကတော့
“လူငယ်တွေက ဒီရွေးကောက်ပွဲကို စိတ်ဝင်စားသည်၊ မ၀င်စားသည် ဖြစ်စေ၊ ကိုယ့်ကိုကိုယ် ဘာကြောင့် စိတ်မ၀င်စားသလဲ၊ ဘာကြောင့် စိတ်ဝင်စားသလဲ ဆိုတာ သိအောင်လုပ်ရမယ်။ နောက်ပြီးတော့ သူတို့စိတ်ထဲမှာ ဘာကြောင့် စိတ်မ၀င်စားတာကို တွေးလိုက်ရင် ရွေးကောက်ပွဲကို ဘာမှထူးမှာ မဟုတ်ဘူးလို့ သဘောထားလား။ ဘာမှ အပြောင်းအလဲဖြစ်မှာ မဟုတ်ဘူးလို့ သဘောထားလား။ သဘောထားရင် ဘာကြောင့်လဲဆိုတာ သူတို့သိရမယ်။ ကျနော်ပြောတဲ့ အဓိပ္ပာယ်က အဲဒီဟာ အခြေအမြစ်ကို ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ ဘာကြောင့် ငါဒီလိုဖြစ်သလဲလို့ မေးကြည့်။ ဘာကြောင့် စိတ်မ၀င် စားသလဲလို့ မေးကြည့်ပါ။ အဲလိုမေးကြည့်ခြင်းအားဖြင့် ကိုယ့်ကိုကိုယ်လည်း သိလာပါလိမ့်မယ်။ တိုင်းပြည်အကြောင်းကိုလည်း သိလာပါလိမ့်မယ်။”
လက်ရှိ အခြေအနေမှာ မြန်မာ့လူဦးရေဟာ ၅၉ သန်းကျော်ကို ရှိပြီး အဲဒီ ထဲမှာ အမျိုးသား ၂၉ သန်း ၄ သိန်းနီးပါးနဲ့ အမျိုးသမီး ၂၉ သန်း ၇ သိန်း ၃ သောင်း ကျော်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ထုတ်ပြန်ချက် ကိန်းဂဏန်းတွေကို ကိုးကားပြီး ၀ီးကလီးအလဲဗင်း ၀က်ဘ်ဆိုက်က ဆိုပါတယ်။
Leave a Reply