အံ့ဘုန်းမြတ် ၃၀ ဇွန် ၂၀၁၀ (ဒီဗွီဘီ)
ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတသစ် ဘင်နစ်နိုနွိုင်နွိုင်အကွီနိုက ဒီကနေ့မှာ ပြုလုပ်တဲ့ သူ့ရဲ့သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဖီလစ်ပိုင်နိုင်ငံရဲ့ (၁၅) ယောက်မြောက် သမ္မတဖြစ်တဲ့ သမ္မတသစ် ဘင်နစ်နိုနွိုင်နွိုင်အကွီနိုက တရားမျှတမှုမရှိဘဲ နိုင်ငံရေးကို အာဏာရရေးအတွက် အသုံးချ တာမျိုးကို လက်ခံနိုင်မှာမဟုတ်ဘူးလို့ မြန်မာအရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒီအကြောင်း ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာဌာန အတွင်းရေးမှူး ကိုညိုအုန်းမြင့်က အခုလို ဆိုပါတယ်။
“တရားမမျှတဘဲ အတင်းနိုင်ငံရေးအရ နိုင်ငံရေးကို အသုံးချပြီးတော့ ကိုယ့်အာဏာရရေးအတွက် အသုံးချတဲ့ အရာမျိုး တွေရှိရင်လည်း လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ သူ့ရဲ့ ဒီနေ့ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ကျနော်တို့တက်ရောက်ခဲ့တဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ သူအတိအလင်း ထုတ်ဖော် ပြောသွားတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ ထင်တိုင်းကျဲ နိုင်ငံရေးပြုပြင်ပြောင်း လဲမှုကို သူ့အနေနဲ့ အာဆီယံနိုင်ငံတွေအပေါ်မှာ ဦးဆောင်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတစုံတရာ ဖြစ်ပေါ်အောင် ကြိုးပမ်းမယ်လို့ ကျနော်မျှော်လင့်ပါတယ်။”
ဒါအပြင် သမ္မတသစ် နွိုင်နွိုင်အကွီနိုရဲ့ ဖိလစ်ပိုင်လစ်ဘရယ်ပါတီကနေ ဦးဆောင်ပြီး အရှေ့တောင်အာရှနိုင်ငံတွေထဲက ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့အခက်အခဲတွေနဲ့ တွေ့ကြုံရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ဒေသတွင်းနိုင်ငံတွေက လစ်ဘရယ်ပါတီတွေနဲ့ ဒီမိုကရေစီပါတီတွေကနေ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူး ဆောင်ဘွဲ့ ချီးမြှင့်ဖို့ကိုလည်း အဆိုတင်သွင်းခဲ့ တယ်လို့လည်း ကိုညိုအုံးမြင့်က ပြောပါတယ်။
“ကျနော်တို့ ဒီအာရှတိုက်ထဲမှာရှိနေတဲ့ လစ်ဘရယ်နဲ့ ဒီမိုကရေစီအဖွဲ့ကနေ ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်ဖို့အတွက် လစ်ဘရယ်ပါတီကနေ ဒါအပေါ်မှာ တင်ပြလာတာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကွယ်လွန်သွားတဲ့ သမ္မတဟောင်း ကိုရာဇွန်အကွီနိုလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ကြည်ညိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်မှုတွေကို လေးစားမှု သူတို့အနေနဲ့ ပြရမယ်ဆိုတဲ့ဟာ ဒီနေ့ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်တာလည်း ဖြစ်တယ်။”
သမ္မတသစ် ဘင်နစ်နိုနွိုင်နွိုင်အကွီနို ဦးဆောင်တဲ့ ဖိလစ်ပိုင်နိုင်ငံ အစိုးရသစ်အနေနဲ့ မြန်မာဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးလိမ့်မယ်လို့လည်း ကိုညိုအုန်းမြင့်က ဆိုပါတယ်။
“သူ့အနေနဲ့ ဗမာပြည်အတွက် အဓိကကျမယ့် ဗမာပြည်မှာ ဒီမိုကရေစီဆိတ်သုဉ်းမှုကို တဖက်တလမ်းက ဆောင်ရွက်ပေးမယ် လို့ ပြင်ပအစည်းအဝေးလို့ ခေါ်တဲ့ ကိုအော်ဒစ်တာမီတင် (အစည်းအဝေး) မှာ ဗမာပြည်ရဲ့ ဒီမို ကရေစီရဖို့အတွက်ကို သူတို့အနေနဲ့ အဓိကဆောင်ရွက်ပေးမယ်လို့ ကျနော်တို့ကို အာမခံပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ ဗမာပြည်အပေါ်မှာ ရှုတ်ချတာ၊ ကန့်ကွက်တာထက်စာရင် ဗမာပြည်ကိုအဓိက တွန်းအားပေးနိုင်တဲ့ ဗမာပြည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မဖြစ်ဘူးဆိုတာ အားလုံး လက်ခံထားတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ မျှော်လင့်ချက် ရှိသေးတယ်လို့ ပြောနိုင်ပါတယ်။”
သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရဲ့ နိုင်ငံခြားရေးရာ ဌာန အတွင်းရေးမှူး ကိုညိုအုန်းမြင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သမ္မတသစ် နွိုင်နွိုင်အကွီနိုဟာ စုစုပေါင်း ထောက်ခံမဲ ၄၂ ရာခိုင်နှုန်း (၁၅ ဒသ မ ၂ သန်း) နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး သူရဲ့ သမ္မတရာထူးကို ဒီကနေ့ကနေ စတင်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။
Leave a Reply