အံ့ဘုန်းမြတ် ၁ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)
နအဖစစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လက်အောက်က စာပေစိစစ်ရေးနဲ့မှတ်ပုံတင် ဌာနက ပြည်တွင်းထုတ် ဂျာနယ်တွေမှာ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုသတင်း၊ အင်တာဗျူးနဲ့ဆောင်းပါးတွေကို စိစစ်ဖြတ်တောက်မှုတွေ ပိုမိုဆိုး ရွားလာတဲ့အပေါ် မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ (PDP) က အိပ်ဖွင့်ပေးစာတစောင် ထုတ်ပြန်ပြီး လျှော့ပေါ့ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့လလယ်ပိုင်းကစလို့ ပြည်တွင်းထုတ် သတင်းဂျာနယ်တွေမှာ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အကြောင်းအရာတွေကို ပုံနှိုပ်ဖော်ပြခွင့်တွေနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်လာတာနဲ့ ပတ်သက်ပြီး မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ (PDP) က လျှော့ပေါ့ပေးဖို့ ဒီကနေ့မှာ တောင်းဆိုလိုက်တာပါ။ ဒီလိုတောင်းဆို လိုက်တာနဲ့ ပတ်သက်ပြီး ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ကိုနေမျိုးဝေက အခုလို ပြောပါတယ်။
“ဘယ်အချက်ကို ဘယ်လောက် အတိုင်းအတာအထိ ငြိစွန်းတဲ့အတွက် ဒီဟာကို စကားလုံးကို ပယ်ရတယ်။ ဒီစာပိုဒ်ကို ပယ်ရတယ်။ ဒီခေါင်းစဉ်ကို ဖြုတ်ရတယ်ပေါ့နော်၊ အဲဒီလိုမျိုးသိမှ ဖြစ်တော့မယ်။ ဒါ စာပေစိစစ် ရေးဘက်က အဲဒီလောက် တော့ ပူပေါင်းဆောင်ရွက်မှု ပေးရတော့မယ်။ ဂျာနယ်တွေနဲ့ နိုင်ငံရေးပါတီတွေကို၊ မပေးရင် စာပေစိစစ်ရေးဆိုတာ မလိုတော့ဘူ။ ကျနော်တို့က တကယ်တော့ သတင်းလွတ်လပ်ခွင့်တွေ ရသင့်ပြီလေဗျာ။ သို့သော် ကျနော်တို့က စာပေစိစစ်ရေးကို အများကြီးနားလည်လို့ရတယ်။ နားလည်ပေးရင် အဲဒီဘက်က အဲဒီလောက်တော့ ပြန်လည်ပူးပေါင်း ဆောင်ရွက်မှု လုပ်မှဖြစ်မှာ။”
ဒါ့အပြင် စာပေစိစစ်ရေးအနေနဲ့ ဒီလိုသာ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး စိစစ်ဖြတ်တောက်မှုတွေကို ဆိုးဆိုးရွားရွား လုပ်နေဦးမယ်ဆိုရင် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ကို ပြန်စဉ်စားရတော့မယ့် အခြေအနေဖြစ်လာပြီလို့လည်း ကိုနေမျိုးဝေက ဆိုပါတယ်။
“ဒီစာပေလွတ်လပ်ခွင့်နဲ့ ဒီသတင်းမီဒီယာ တွေကနေ မတင်ပြရရင် ကျနော်တို့ ဘယ်လို လုပ်ရမလဲ။ ဒီရွေးကောက်ပွဲကြီးကို ဒီအတိုင်း ဆက်လိုက်နေရမှာလား။ ရွာပြန်ပြီး ငှက်ပျောစိုက် ရမလား စဉ်းစားရမလို ဖြစ်သွားတယ်။ အဲဒါရရင် ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲကို တူတူတန်တန် ရွေးကောက်ပွဲ အနေနဲ့ သွားရတာ ကျနော်တို့လည်း ရှက်စရာ မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့ သွားရတဲ့လူတွေ စိတ်သန့်တာပေါ့။ အဲဒီလိုမျိုး ခံစားရတယ်ဗျ ကျနော်တို့။”
လက်ရှိအခြေအနေမှာ စာပေစိစစ်ရေး ညွှန်ကြားရေးမှူးသစ် ဗိုလ်မှူးမျိုးမြင့်မောင် ဦးဆောင်တဲ့ စာစစ်မှူး ၁၂ ဦးပါ အသစ် ဖွဲ့စည်းထားတဲ့ သတင်းအဖွဲ့က နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုသတင်း၊ ပါတီခေါင်းဆောင်တွေရဲ့အမြင် အင်တာဗျူးတွေ အပါအ၀င် နိုင်ငံရေးဆောင်းပါးနဲ့ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတွေကို ဒီလဆန်းကစပြီး ပိုမိုတင်းတင်းကျပ်ကျပ် ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့လည်း စာနယ်ဇင်းလောကသားတွေက ဆိုပါတယ်။
Leave a Reply