Archive for

သစ်လုံးတင်ယဉ် တိမ်းမှောက် သေဆုံးဒဏ်ရာရရှိခြင်းမရှိ


မင်းမနိုင် (ရန်ကုန်မှ ရေးသားပေးပို့သည်။) (၂၀၁၀ ဇူလိုင် ၃၀)

ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဂန္ဓီမှတ်တိုင်အနီးတွင် ဒီနေ့မနက် (၁၁) နာရီခွဲက သစ်လုံးတင် ကားတစ်ဆီး တိမ်းမှောက်ပြီး သစ်လုံးများ လမ်းမအပေါ် လွင့်စင်ကျခဲ့ပါတယ်။ ဖြစ်စဉ်မှာ မြတ်နိုးသူကုမဏီပိုင်သစ်တွေကို သယ်ဆောင်ပြီး ကချောင်းဝကနေ သီလ၀ါဆိပ်ကမ်းကို ပို့ဆောင်ဖို့လာတဲ့ ယဉ်အမှတ် (၅င/၅၈၂၈) ဟာ သစ်လုံး၉လုံးတင်ဆောင်လာပြီး မဟာဗန္ဓုလမ်းနှင့် ဗိုလ်တစ်ထောင်လမ်းမီးပွိုင်မှာ မီးပွိုင့်လွတ်လိုက်သည့်အချိန်ညာဘက်ဆွဲကွေ့လိုက်စဉ် သစ်လုံထိမ်း သံကြိုးပြတ်ပြီး သစ်လုံးများ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။  ယဉ်မောင်းမှာ ယာဉ်မောင်းက ၃၁ နှစ်အရွယ်ရှိ ကိုမျိုးမင်းဖြစ်ပြီး ယဉ်စည်းကမ်းထိမ်းသိမ်းရေးကော်မတီက တရားဆွဲဆိုထားပါ တယ်။ ဒီလို သစ်လုံးများပြုကျ ယဉ်တိမ်းမှောက်တာနဲ့ပတ်သက်ပြီး မျက်မြင်တစ်ဦးက

“ဒီနားမှာ သစ်လုံးကားတွေ ခဏခဏဖြစ်တာကျွန်တော်တို့တွေရတယ်။  ပြီးခဲ့တဲ့တစ်ခေါက်ဖြစ်တုန်းကလည်း အဲဒီနားမှာပဲ ဖြစ်တာပါပဲ။ စည်ပင်က လမ်းမပြင်တာကြာပြီလေ။ လမ်းတွေဆိုးတာက အဓိကပြဿနာပဲ။ လမ်းနဲ့အညီ သစ်ကားတွေက သံကြိုးတွေ ခိုင်ခိုင်ခန့်ခန့်ဖြစ်အောင် လုပ်မထားတာလည်းပါတာပေါ့။ တော်သေးတာပေါ့။ အဲ့ဒီအချိန်က အနီးအနားမှာ ဘာမှမရှိလို့” လို့ ပြောပါတယ်။

နိုင်ငံရေးပါတီများ စာစောင်တွေ ဆက်လက်ထုတ်ဝေရန်ရှိနေ


အံ့ဘုန်းမြတ် ၂၉ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အသစ်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ အချို့ပါတီစာစောင်တွေ ဆက်လက် ထုတ်ဝေဖို့ရှိနေတယ်လို့ သိရပါတယ်။ ဦးသုဝေခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဌာနချုပ်က ‘ဒေါင်းအိုးဝေ’ စာစောင်၊ မန္တလေးတိုင်းရုံးခွဲက “ကဒေါင်းရွေးကောက်ပွဲ” စာစောင်စတဲ့ စာစောင်တွေ ထုတ်ဝေဖို့ရှိနေတာပါ။ ဒီလိုထုတ်ဝေဖို့ ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက အခုလို ပြောပါတယ်။

“ကျနော်တို့အခု အစီအစဉ်လုပ်တာကတော့ ဂျာနယ်သဘောပေါ့နော် အပတ်စဉ်ထုတ်နိုင်အောင်လို့ ကြိုးစားတာပေါ့နော်။ ဘယ်လောက်ဖြစ်မလဲတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရရဲ့ ချို့ယွင်းချက်တွေမှားတာတွေ ထောက်ပြရမှာပဲ ဒါတွေကို ပြင်စေချင်တယ်လို့ပြောရမှာပဲ အဲဒါတွေက ဥပဒေနဲ့ငြိတယ် မငြိဘူးဆိုတာလဲမပြောတတ်ဘူး။ ကျနော်တို့က စာစောင်မထုတ်သေးတော့ အရေးယူမလား မယူမလားမသိဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ကတော့ အဲဒီအတိုင်းပြောရမှာပဲ။”

အလားတူ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးအေးလွင်ဦးဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နဲ့ ဦးရဲထွန်းဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပြည်ထောင်စုမြန်မာနိုင်ငံစတဲ့ပါတီတွေလည်း ပါတီစာစောင်တွေ အသီးသီးထုတ်ဝေဖို့ ရှိနေကြပါတယ်။ ပါတီစာစောင်မှာ ဖော်ပြမယ့် အကြောင်းအရာတွေကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က အခုလိုဆိုပါတယ်။

“အဓိကကတော့ ဒီဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ်မှာ ကျနော်တို့ ပါတီရဲ့သဘောထားအမြင်တွေနဲ့ တုန့်ပြန်မှုတွေကိုပဲ အဓိကထားပြီး လုပ်ဖြစ်မယ် ထင်ပါတယ်။ နောက်ပြီးတော့ ပါတီရဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို အကန့်လိုက် အကန့် လိုက်ပေါ့ အဲဒါမျိုး ကျနော်တို့ထုတ်ဖေါ်တာတို့ ဒီအပေါ်မှာ ကျနော်တို့ ဒီလှုပ်ရှားမှု လုပ်တဲ့နေရာမှာ နိုင်ငံရေးဖြစ်စဉ် တွေပေါ့ဗျာ။ ကျနော်တို့ပါတီရဲ့လှုပ်ရှားမှုဖြစ်စဉ်တွေ ဒါတွေကို သတင်းဖော်ပြတာမျိုး၊ အဲဒါမျိုးတွေပဲ လုပ်ဖြစ်ဖို့များမှာပါ။”

ဒါအပြင် ဦးထွန်းအောင်ကျော်ဦးဆောင်တဲ့ ‘ခေတ်သစ် ပြည်သူပါတီ’ နဲ့ အခြားနိုင်ငံရေးပါတီအသီးသီးလည်း ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနမှာ မှတ်ပုံတင်ကြေး တသိန်း၊ အာမခံငွေ ငါးသိန်းတင်ပြီး (န/သ) ခေါ် နိုင်ငံရေးပါတီများပုံနိုပ်ထုတ်ဝေခွင့် လျှောက်ထားပြီးမှ ထုတ်ဝေနေကြရ တာလည်းဖြစ်ပါတယ်။ ဒီလိုလျှောက်ထားပြီး ဒီလ ၂၆ ရက်နေ့မှာ ပထမဆုံးထုတ်ဝေလာတဲ့ ‘ပြည်ထောင်စုဒီမိုကရေစီပါတီ’ ရဲ့ ‘Union’ စာစောင်နဲ့ပတ်သက်ပြီး စာပေစိစစ်ရေး က ဒီပါတီရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး စိစစ်ရေးမူဝါဒတွေကို ထပ်ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကို ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးသိန်းတင်အောင်က

“သူတို့လူကြီးတွေကလည်း ပါတီစာစောင်ဆိုတာ ‘တစည’ စာစောင်မျိုးပဲ ထင်နေတာကိုး၊ အဲဒါနဲ့ပဲသွားပြီးတော့ စံချိန်ထိုးနေ တာပေါ့။ ဒါကို ကျနော်တို့က ရှင်းပြလိုက်တယ်။ အဲဒီလိုပုံစံမျိုးကတော့ စိတ်မ၀င်စားဘူးလို့၊ အဲဒါ တစည စာစောင်လည်း ဘယ်ပြည်သူမှမဖတ်ဘူးလို့၊ အဲဒီတော့ ကျနော်တို့ကလည်း ပါတီစာစောင် ဆိုပေမယ့်လည်း ခင်ဗျားတို့အခက်အခဲကို နားလည်ပါတယ်လို့၊ ဒါပေမယ့်လည်း ပြည်သူက စိတ်ဝင်စားအောင်ရယ်၊ ကျနော်တို့ပေးချင်တဲ့အကြောင်းအရာလေးတွေ ရောက်အောင် ပါအောင်လည်းပဲ လုပ်ရမှာပဲ။ ကျနော်တို့က ပညာပေးတာ၊ အသိပညာပေးတာလေးတွေ ထည့်ချင်တယ်။ ပါတီရဲ့ အခုနပြောတဲ့ ကြော်ငြာစာစောင်မျိုး အဲတာမျိုးတော့ မလုပ်ချင်ဘူးလို့၊ အဲဒါဆို ဘယ်သူမှ စိတ်မ၀င်စားဘူး။ ပါတီတွင်း လူတောင်စိတ်မ၀င်စားဘူး။ အခုစာစောင်အပေါ်မှာတော့ ဘယ်စာသားကိုမှလည်း သူတို့တားမြစ် ပိတ်ပင်တာတို့၊ ဖြုတ်ခိုင်းတာတို့၊ ပြင်ခိုင်းတာတို့၊ အရေးယူတာတို့မရှိဘူး။”

နိုင်ငံရေးပါတီတွေအနေနဲ့ ကော်မရှင်နဲ့ စီစစ်ရေးဆိုင်ရာ မူဝါဒတွေထဲက ‘နအဖ’ အစိုးရအဆင့်ဆင့်နှင့် နိုင်ငံတော်အစိုးရတို့ကို မဆန့်ကျင်ရ၊ တပ်မတော်ကို ထိပါးပုတ်ခတ်သွေးခွဲခြင်းမပြုရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိပါးစေရန် သွေးထိုးလှုံဆော်မှုမပြုရ၊ လိုအပ်ချက်အရ ထုတ်ပြန်ထားသောအမိန့်များကို မဆန့်ကျင်ဖို့ စတဲ့အချက်တွေကို အဓိကလိုက်နာကြရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် ပညာပေးအဖွဲ့ ဖွဲ့စည်းခွင့်မရ


အံ့ဘုန်းမြတ် ၂၉ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

နအဖစစ်အစိုးရကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် မရရှိဘူးလို့ သိရပါတယ်။ အမျိုးသားနိုင်ငံရေးသမားကြီး ဦးဝင်းနိုင် ဦးဆောင်ပြီး လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လေ့လာစောင့်ကြည့် ပညာပေးအဖွဲ့ ဖွဲ့စည်းဖို့ အသင်းအပင်းဖွဲ့စည်းခွင့် ဥပဒေတွေအညီ သက်ဆိုင်ရာက ခွင့်မပြုသေးတာပါ။ ဒီလို ခွင့်ပြုချက် မရှိတာနဲ့ ပတ်သက်ပြီး အဖွဲ့အစည်း ဖြစ်မြောက်ရေး ဦးဆောင်ပြုလုပ်နေသူ အမျိုးသားနိုင်ငံရေး ဦးဝင်းနိုင်က အခုလို ပြောပါတယ်။

“အဲဒါကို သူတို့လုံးဝ ကျနော်တို့ကို အကြောင်းမပြန်ပါဘူး။ တခုက ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲ စောင့်ကြပ်ကြည့်ရှုရေးပေါ့ Election watch dog organization ကို နိုင်ငံတကာက တခြားနိုင်ငံကလူတွေကို လာခွင့်မပေးရင်တောင်မှ ကျနော့်တို့ကို လုပ်ခွင့်ပေးပါဆိုပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆီကို စာရေးတယ်။ နောက်တခုက မဲဆန္ဒရှင်တွေအနေနဲ့ ဘယ်လို မဲပေးရမယ်။ ဘယ်လို မဲပေးခွင့်တွေရအောင် လုပ်ရမယ်။ ကိုယ့်မဲကို လုံခြုံအောင် ဘယ်လိုထိန်းသိမ်းရမယ် စတဲ့ ပညာပေးလုပ်ငန်း အစီအစဉ်တွေ ကျနော်လုပ်ချင်ပါတယ်။ ဒါလုပ်ခွင့်ပေးပါဆိုပြီး စာ ၂ စောင်ရေးခဲ့ပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာက စာ ၂ စောင်လုံးကို ဘာမှ အခုအချိန်အထိ မပြန်ပါဘူးခင်ဗျ။”

အဖွဲ့ ဖွဲ့စည်းဖို့ လွန်ခဲ့တဲ့ တလကျော်က စာရေးသား တောင်းဆိုခဲ့တာဖြစ်ပြီး ဒီနေ့အထိ အကြောင်းမကြားသေးဘူးလို့လည်း ဦးဝင်နိုင်က ဆိုပါတယ်။ ဒီလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်ရေးအတွက် စောင့်ကြည့်ပညာပေးအဖွဲ့ ဖွဲ့စည်းခွင့် မပေးတဲ့အပေါ်ကိုလည်း ဦးဝင်းနိုင်က

“အကြောင်းတရားတွေ ရှိပါတယ်။ အကြောင်းတရားတွေ ဆုံစည်းလာရင် ဖြစ်ပေါ်လာတဲ့ အကျိုးတရားကို ရှောင်လို့မရတာ ရှိတယ်။ ဒါကျနော်တို့ ဗုဒ္ဓဘာသာတင် မဟုတ်ပါဘူး။ ကမ္ဘာ့နိယာမ မှာလည်း ဒီလိုပါပဲ။ အဲတော့ အခုဟာကတော့ အ ကြောင်းတရားတွေက အကျိုးတရားတွေကို ဖြစ်ပေါ်စေမယ်ဆိုတဲ့နေရာမှာ ကောင်းတဲ့ အလားအလာတော့ သိပ်မရှိတော့တဲ့ အတွက် ဆိုးကျိုးတွေသာ ပိုများလာလိမ့်မယ်လို့ပဲ ကျနော်ယေဘူယျပဲ ပြောပါရစေ။ အဲတော့ ဒါကတော့ တော်တော်ကို စိတ် မချမ်းသာစရာ၊ ကောင်းတဲ့ လက်ရှိ အခြေအနေပေါ့ဗျာ။”

ဦးဝင်းနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ဧပြီလဆန်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဇွန်လဆန်းမှာ တရားဝင် စာရေးသားပေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အမျိုးသားရေး ဦးဝင်းနိုင်ဟာ ၂၀၀၇ ခုနှစ် ကုန်ဈေးနှုန်းကြီးမြင့်မှု ကျဆင်းရေးကို ကိုထင်ကျော်နဲ့အတူ ဆောင်ရွက်ခဲ့ပြီး ၂၀၀၇ စက်တင်ဘာ သံဃာလှုပ်ရှားမှုအတွင်းမှာလည်း လူရွှင်တော် ကိုဇာဂနာ၊ သရုပ်ဆောင် ကိုကျော်သူတို့နဲ့အတူ ရဟန်းသံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့တာကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ မကြာခဏ ခံခဲ့ရတဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားသမ္မတကင်ဂျုံအီ အထ္ထုပ္ပတိစာအုပ်များအား သိမ်းဆည်းဖျက်ဆီး


အံ့ဘုန်းမြတ် ၂၇ ဒီဗွီဘီ ၂၀၁၀ (ဒီဗွီဘီ)

မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးတာဝန်ရှိသူတွေက မြန်မာစာရေးဆရာ ဟိန်းလတ်ပြုစုရေးသား ထုတ်ဝေတဲ့ မြောက်ကိုရီးယားသမ္မတ မစ္စတာကင်ဂျုံအီရဲ့ အထ္ထုပ္ပတိစာအုပ်တွေကို ဈေးကွက်ကနေ ပြန်သိမ်းပြီး ဖျက်ဆီး ပစ်လိုက်ပါ တယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနစတဲ့ အစိုးရဌာနတွေရဲ့ အကူအညီနဲ့ ရန်ကုန်အခြေစိုက် မြောက်ကိုရီးယားသံရုံးတာဝန်ရှိသူတွေက ဆရာဟိန်းလတ်ရဲ့ ‘ကင်ဂျုံအီး သို့မဟုတ် မြောက်ကိုရီးယားရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီး’ အမည်နဲ့ ထုတ်ဝေတဲ့ ဈေးကွက်အတွင်းက စာအုပ် ၅၀၀ ကျော်ကို သိမ်းဆည်းဖျက်ဆီးလိုက်ပါတယ်။ ဒီဖျက်ဆီးမှုကို စာရေးသူနဲ့ ထုတ်ဝေသူတွေရှေ့မှောက်မှာ ဖျက်ဆီးပစ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကို စာရေးသူနဲ့ရော ထုတ်ဝေသူနဲ့ပါ နီးစပ်တဲ့ ရန်ကုန်က စာပေထုတ်ဝေသူ တဦးက အခုလို ပြောပြပါတယ်။

“ဘယ်လိုပြောလည်းဆိုတော့ သံရုံးကကန့်ကွက်တယ်။ သံရုံးကနေ စိစစ်ရေး၊ စိစစ်ရေးကနေ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဌာနကနေ စိစစ်ရေး၊ သူတို့က ပူးပေါင်းဆောင်ရွက်ပါလို့ပြောတယ်။ ပူးပေါင်းဆောင်ရွက်ပါဆိုတော့သိမ်းတဲ့ ဟာက လျော်ကြေးမပေးဘူးလို့ပြောတယ်။ ဒီအတိုင်း သိမ်းပြီး ဖျက်ဆီးလိုက်တယ်။ ဒီဘက်က အစိုးရဆိုဒ်ကတော့ ပူးပေါင်း ဆောင်ရွက်ပါလို့ပဲ ညွှန်ကြားတာ၊ ဘာလုပ်ပေးပါလို့တော့မပြောဘူး။ သူကိုယ်တိုင်လည်းကြောက်တာပေါ့။ ကြောက် တယ်ဆိုတာ သူကိုယ်တိုင်လည်း အစိုးရနဲ့ နည်းနည်းအဆင်ပြေချင်တယ်။ တပိုင်းက ဟိုဘက်က နိုင်ငံကလည်းလက်ရှိ အစိုးရနဲ့လည်း အဆင်ပြေနေတယ်။ ချစ်ကြည်ရေးလည်း လုပ်နေတယ်။”

‘ကင်ဂျုံအီ’ စာအုပ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေကိုလည်း အဲ့ဒီ စာပေထုတ်ဝေသူကပဲ အခုလို ဆက်ပြောပါတယ်။

“သူက အနောက်တိုင်းဟာတွေလည်းပါတယ်။ သူတို့နိုင်ငံထုတ်တာတွေ လည်းပါတယ်။ သူတို့မကြိုက်တဲ့ဟာတွေကို တချို့က လှန်ရေးထားတယ်။ သူတို့က သူတို့သံရုံးက ထုတ်တဲ့ဟာတွေလောက်ပဲ လက်ခံစေချင်တယ်ပြောတယ်။ ဥပမာ အရပ် ၅ ပေ ၂ လက်မတို့ ဘာတို့ သူက ရုပ်ရှင်ချစ်ရုံတင်မဟုတ်ဘူး။ သူကိုယ်တိုင် ရုပ်ရှင်ရိုက်တယ်ဆိုတာမျိုးတွေ လက်မခံနိုင်ဘူး။ အဆိုးမြင် နည်းနည်းပါတဲ့ဟာမျိုးပေါ့။ ပုံရိပ်ဆောင်းသွားနိုင်တဲ့ဟာမျိုးတွေ သူတို့က လုံးဝလက်မခံနိုင်ဘူး။ အချို့ ဟာတွေမရေးဘူးပေါ့။ သူ့အချက်အလက်တွေ ရှိထားတယ်။ အစားအကောင်း ကြိုက်တယ်တို့ဘာတို့ သူက နိုင်ငံတကာခေါင်းဆောင်တွေရှေ့ဆိုရင် ဂျုံမှုန့်လေး ဘာလေးစားပြတာပေါ့။ တကယ်တန်းကျတော့ စားကောင်းသောက်ဖွယ်ကိုကောင်း ကောင်းချက်ပြီးတော့ စားဖိုမှူးနဲ့ ကောင်းကောင်းချက်ပြီးတော့စားတာ၊ အဲဒါမျိုးတွေကိုတော့ ထည့်မရေးဘူးပေါ့။”

အခုချိန်ဟာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ကောင်းမွန်နေချိန်ဖြစ်တာကြောင့် သံရုံးရဲ့ ဒီလုပ်ရပ်အပေါ် စာရေးဆရာနဲ့ ထုတ်ဝေ သူတွေက စောဒကမတက်ပဲ မြန်မာကျပ်ငွေသိန်း ၂၀ ကျော်ဖိုး ဆုံးရှုံးခံခဲ့ရတာလို့လည်း သူကထင်မြင်ချက်ပေးပါတယ်။ စာအုပ်ဖျက်ဆီးမှုအပေါ် ရန်ကုန်မြို့အခြေစိုက် မြောက်ကိုရီးယားသံရုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့်မရပါဘူး။ အခုလိုမျိုး တပါးနိုင်ငံသံရုံးက ကိုယ့်နိုင်ငံတွင်းထုတ်ဝေတဲ့စာအုပ်ကို ဖျက်ဆီးတဲ့ဖြစ်ရပ်မျိုး မကြုံခဲ့ဖူးဘူးလို့ မြန်မာစာရေးဆရာ အသိုင်းအ၀ိုင်းတွေက ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နှစ်အတန်ကြာ သံတမန်ဆက်ဆံရေး ရပ်ဆိုင်းထားရာက လွန်ခဲ့တဲ့ နှစ်နှစ်ကမှ မြန်မာနိုင်ငံမှာ သံရုံးပြန်လည်ဖွင့်လှစ် ခဲ့ပါတယ်။ လက်ရှိ အခြေအနေမှာတော့ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားအစိုးရတို့အကြား နျူးကလီးယားနည်းပညာအပါအ၀င် လက်နက်ရောင်းဝယ်မှုတွေရှိနေ တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်နေပြီး နိုင်ငံတကာက နှစ်နိုင်ငံဆက်ဆံရေးကို အနီးကပ်စောင့်ကြည့်နေချိန်လည်း ဖြစ်ပါတယ်။

ဖားကန့်တံတားကျိုး၍ လူရှစ်ဦးထက်မနည်းသေဆုံး


အံ့ဘုန်းမြတ် ၂၇ ဇူလိုင် ၂၀၁၀ (ဒီဗွီဘီ)

မြန်မာနိုင်ငံရဲ့ အဓိကကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ ဘေလီတံတားကျိုးရာ သေဆုံးပျက်ဆီးမှု တွေရှိခဲ့တယ်လို့ သိရပါတယ်။ ဥရုချောင်းကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ဖားကန့်မြို့လယ်ရှိ ဘေလီတံတား ဒီလ ၂၅ ရက်နေ့ နေ့ခင်းပိုင်းက ကျိုးကျခဲ့ပါတယ်။ ဒီလိုကျိုးကျခဲ့တာကြောင့် တံတားပေါ်ဖြတ်ကူးနေတဲ့ မြေသယ်ယဉ်တစ်စီး၊ ဆိုင်ကယ်သုံးစီးနဲ့ တံတားပေါ်လမ်း လျှောက်နေကြတဲ့ လူအချို့ပါဝင်ပြီး သေဆုံးသူ ၈ ဦး လောက်ရှိမယ်လို့ ဖားကန့်မြို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“၈ ဦးကတော့ ကျိန်းသေလောက်ပါတယ်။ ကျိုးကျတော့ လူကထိခိုက်ပြီး ရေနစ်သေတဲ့သဘောပါ။ ရိုးရိုးသာမန် ဖြတ်သွားဖြတ်လာလူလား။ အဲဒီကားပေါ် က လူလား။ နောက်ကားသမားတယောက်လည်း မတွေ့သေးဘူးလို့ပြောတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့ဖြစ်တော့ ကျောင်းသားတွေ ကျောင်းတက် ကျောင်းဆင်းမရှိတာ တော်တော်လေးလည်းကံကောင်းပါ တယ်။ ကျနော်သိသလောက်တော့ မြေသယ်ကားတစီးနဲ့ ဘင်ကားတစီးပါတယ်။ အောက်ကျတဲ့ကားကတော့ ဆွဲတင်ပြီးသွားပြီ။ သူတို့က တံတားပြန်ဆောက်ဖို့လုပ်ငန်းတွေ လုပ်နေကြတယ်။”

ကျိုးကျခဲ့တဲ့ ဘေလီတံတားဟာ ကိုက် ၁၀၀ ခန့် အရှည်ရှိတဲ့ သံဘောင်၊ ပျဉ်ခင်းတံတားဖြစ်ပြီး ဥရုချောင်းတဘက်တချက်ရှိ ဌက်ပျောတောရပ်ကွက်နဲ့ မရှီး ကထောင်းရပ်ကွက်တွေကို ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတားလည်းဖြစ်ပါတယ်။ ဒီ တံတားကို ကျောက်စိမ်းကုမ္ပဏီတွေက မြေသယ်၊ ကျောက်သယ်ကားတွေ စဉ်ဆက်မပြတ်အသုံးပြုနေပြီး တံတားပြုပြင်ထိန်းသိမ်းမှု အင်မတန်နည်းပါးတယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။

“ပြုပြင်ပြောင်းလဲမှုက ပြီးခဲ့တဲ့နှစ် တခါကျိုးတုန်းကတော့ ပြုပြင်ထားပါတယ်။ နောက်ပိုင်းအနေနဲ့ တွေ့ရှိသလောက်ကတော့ သံကအောက်မှာ ခင်းထားတဲ့ အတွက်လေ သစ်သားကျိုးရင်တော့ သံကကျွတ်နေတော့ မခံနိုင်ဘူး။ သံဘောင်တံ တားကြီးကိုတော့ ပြုပြင်ပြောင်းလဲမှုတော့ ကျနော်လည်းမတွေ့ရဘူးလေ။”

လွန်ခဲ့တဲ့ သတင်းပတ်တွေထဲမှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေ ဖားကန့်ကျောက်စိမ်းဒေသတွင်းဖြစ်ပွားခဲ့ပြီး ငှက်ပျောတော၊ မရှီးကထောင်း၊ ဆိုင်းတောင်၊ အေးမြသာယာစတဲ့ရပ်ကွက် ရေလွှမ်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အလားတူ လုံးခင်းမှာလည်း ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေ ၆၀ နီးပါး ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Categories

%d bloggers like this: