စာပေ, ပညာရေး, ယဉ်ကျေးမှု, လူငယ်ရေးရာ, အနုပညာ, ဆောင်းပါး

အလွယ်ဖတ် ဖလော်ဆော်ဖီတချို့ရဲ့ ဒဿန


အံ့ဘုန်းမြတ် (၂၈၊ ဇွန် ၂၀၁၀)

ကျွန်တော် ဆောင်းပါးနဲ့ အတွေးအမြင်တွေ မရေးဖြစ်တာတော်တော်ကြာနေပြီ၊ မရေးဖြစ်ဆို စာလည်း ပြန်မဖတ်နိုင်အောင်ကို အလုပ်တွေများနေတာကြောင့်ပါ။ ဒီကနေ့တော့ စာရေးဖို့စဉ်းစားတော့ ကျွန်တော်တို့ လူငယ်တွေ ချက်တင်တွေထဲမှာ အပြန်အလှန် အများဆုံးပြောဖြစ်ကြတဲ့ အကြောင်းအရာတွေထဲက တချို့ကို စာချရေးဖို့ စိတ်ကူးရလာပါတယ်။ ဒါကတော့ စာတွေကို ကျွန်တော်တို့ထက် အများကြီးပိုဖတ်ထားတဲ့ သူတွေအတွက် မရည်ရွယ်ပဲ စာကျွန်တော်တို့လောက် ဖတ်မထားတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး တက်သလောက် မှတ်သလောက်နဲ့ “အလွယ်ဖတ် ဖလော်ဆော်ဖီတချို့ရဲ့ ဒဿန” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးဖို့စိတ်ကူးရလိုက်ပါတယ်။ ဒီမှာတော့ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ ထိတွေ့ဆက်ဆံ ပတ်သက်နေကြရတဲ့ သိပ္ပံဆိုင်ရာနည်းပညာတွေ၊ သမိုင်းဆိုင်ရာဖြစ်စဉ်နဲ့ အဖြစ်အပျက်တွေ၊ ပညာရေးစနစ်နဲ့ ပညာရေးဆိုင်ရာ သဘောတရားတွေ စတဲ့စတဲ့ အကြောင်းအရာတွေက ကျွန်တော်တို့ လူအဖွဲ့အစည်းနဲ့ ဘယ်လောက်အထိ ပတ်သက်ဆက်နွယ်မှုတွေရှိနေလဲ အပြန်အလှန် အကျိုးပြုနိုင်အောင် ဘယ်လိုလုပ်ကြလဲ ဆိုတာတွေကို မိတ်ဆက်အနေနဲ့ ပြန်လည်စဉ်းစားနိုင်ကြအောင် ရေးသားသွားမှာဖြစ်ပါတယ်။

၁။ သိပ္ပံဆိုင်ရာ ဖလော်ဆော်ဖီ ဒဿန

သိပ္ပံဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်းပြောမယ်ဆိုရင် ပထမဆုံးအနေနဲ့ သိပ္ပံပညာရှင်နဲ့ သိပ္ပံပညာရှင်တွေရဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို စပြောရမှာဖြစ်ပါတယ်။ တချို့ဒဿနကျမ်းတွေမှာတော့ သိပ္ပံပညာရှင်နဲ့ သိပ္ပံပညာ ရှင်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး “သိပ္ပံပညာရှင်တွေဟာ သူတို့ကျွမ်းကျင်ပိုင်နိုင်တဲ့ ပညာရပ်တွေနဲ့ အကြောင်း အရာ၊ အချက်အလက်တွေကို အတွေ့အကြုံအာရုံတွေမှာ အခြေခံပြီး လက်တွေ့စမ်းသက် ပြုလုပ်ကြတယ်” လို့ ဆိုပါတယ်။ အဲ့ဒီလို လုပ်ဆောင်နိုင်မှ သိပ္ပံပညာလို့ ယူဆကြပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ ပညာရပ်အရ လုပ်ဆောင် ဖန်တီးမှုအသစ်တွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ပတ်သက်လာရင် အရာရာကို အာရုံနဲ့ တိုက်ရိုက်ထိတွေ့ သိမြင်နိုင်မှုမှာတော့ အားနည်းချက် ရှိကြတယ်လို့လည်း သိပ္ပံပညာရှင်တွေကို ဒဿနပညာရှင်အချို့က ဝေဖန်ကြတာမျိုး တွေလည်းရှိပါတယ်။

ဒီနေရာမှာကျွန်တော်တို့အနေနဲ့ သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့ဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အကျိုးဆက် တွေ ကို အာရုံသိနဲ့တိုက်ရိုက်သိမြင်နိုင်တဲ့ အရာတွေမှာ အားနည်းတယ်ဆိုတော့ အတွေးက တမျိုး ဖြစ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် နျူးကလီးယား သီအိုရီကို ထုတ်ဖော်ခဲ့တဲ့ အိုက်စတိုင်းဟာ သူရဲ့ ဖန်တီးမှုနဲ့ပတ်သက်ပြီး အကျိုးဆက် အဆိုးနဲ့အကောင်း တွဲလျှက်ရှိနေနိုင် မယ်ဆိုတာ အာရုံသိနဲ့ သိမယ်ဆိုပေမယ့် ဘယ်လောက်အထိ အကျိုးဆက် အဆိုးတွေရှိမယ်ဆိုတဲ့အပိုင်းတွေ မှာတော့ အားနည်းချက်တွေရှိနေနိုင်ပါတယ်။ တကယ်လို့သာ သူမှာ ဒီအချက်နဲ့ပတ်သက်ပြီး အားမနည်းခဲ့ဘူးဆိုရင် သူ နျူကလီးယားသီအိုရီကို ထုတ်ခဲ့တော့မှာ မဟုတ်ပါဘူး။ အဲ့ဒီလိုသာ သူ မထုတ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွက် ကောင်းကျိုးတွေဖြစ်တဲ့ နျူးကလီးယားစွမ်းအင်ကို ဆေးပညာမှာသုံးတာ၊ လျှပ်စစ်ဓာတ်အားမှာသုံးတာ ဒါမျိုးတွေကို ရရှိနိုင်ကြတော့မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဖလော်ဆော်ဖီကျမ်းရင်းတစ်ခုမှာတော့ “သိပ္ပံပညာရှင်တွေ ဟာ သူတို့ရဲ့စူးစမ်း လေ့လာချက်တွေကို လက်တွေ့စမ်းသပ်တာ မလုပ်ခင် ချင့်ချိန်တွေးဆဖို့ လိုအပ်ပြီး။ အဲ့ဒီလို တွေးဆတဲ့ နေရာမှာ ပြဿနာတွေပေါ်ပေါက်လာရင် ဒဿနပညာရှင်တွေက ဝေဖန်ချင့်ချိန်တွေးဆပြီး ကူညီဖြေရှင်း အဖြေရှာပေးကြ ရတယ်။” လို့ဆိုထားပါတယ်။ ဒါအပြင် ဒဿနပညာရှင်တွေအနေနဲ့ သိပ္ပံပညာရပ်တွေကို ဘယ်လို အသုံးပြုသင့်တယ်။ အသုံးပြုအပ်တယ်ဆိုတဲ့ အချက်ကိုလည်း လူ့အဖွဲ့အစည်းရဲ့ ပြဌာန်းချက်စံနှုန်းတွေချိန်ထိုးတွက်စပြီး ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ အနုပညာ၊ ကိုယ်ကျင့်တရားစတဲ့ပညာရပ်တွေနဲ့ ဆက်စပ်ပုံဖော်ပေးတဲ့နေရာမှာလည်း ပါဝင်နေပါတယ်။

ဒီသဘောတရားတွေနဲ့ပတ်သက်ပြီး အလွယ်ပြောမယ်ဆိုရင် ကျွန်တော်တို့ဒီဘက်ခေတ်မှာ အိုင်တီနည်းပညာလို့ သိပ္ပံပညာတွေ နေစဉ်နဲ့အမျှ အသစ်အဆန်းတွေ ထွက်ရှိနေပါတယ်။ ဒါတွေကို ကျွန်တော်တို့ လူ့မှုအဖွဲ့အစည်းအတွင်း ဘယ်လို အသုံးပြုကြမလဲ။ အပေါ်မှာပြောခဲ့သလို သိပ္ပံပညာရှင်တွေ၊ အိုင်တီနည်းပညာရှင်တွေက သူတို့တာဝန်ကို သူတို့ကျေပွန်တဲ့ အနေနဲ့ နည်းပညာအသစ်အဆန်းတွေကို ထုတ်ဖော်နိုင်ခဲ့ကြတယ်ဆိုပေမယ့် အဲ့ဒီနည်းပညာတွေကို ကျွန်တော်တို့ လူငယ်တွေ ကိုယ်နဲ့သက်ဆိုင်တဲ့ ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ ကိုယ်ကျင့်တရား၊ အနုပညာ၊ ရှိမှုသိမှုပညာ စတဲ့အရာတွေနဲ့ ဆက်စပ်ပြီး ဘယ်လိုပုံဖော်ကြမလဲ ဆိုတာ စဉ်းစားဖို့လိုလာပါပြီ။

၂။ သမိုင်းဆိုင်ရာ ဖလော်ဆော်ဖီ ဒဿန

သမိုင်းဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်း ကျွန်တော်တို့ ပြောမယ်ဆိုရင်လည်း သမိုင်းပညာနဲ့ သမိုင်းပညာရှင်တွေ အကြောင်းက စပြောရမှာပါပဲဖြစ်ပါတယ်။ သမိုင်းနဲ့ သမိုင်းပညာရှင် ဆိုတဲ့အရာတွေကို ဒဿနရှု့ထောင်ကနေ ပြောရမယ်ဆိုရင်တော့ လူသားတွေနဲ့ပတ်သက်နွယ်နေတဲ့ ဖြစ်ပျက်ခဲ့ပြီးသမျှအကြောင်းအရာတွေကို အနာဂတ် လူ့ဘောင် အဖွဲ့အစည်းအတွက် သင်ခန်းစာအဖြစ်၊ အတွေ့အကြုံအဖြစ် ယူဆောင်လာတဲ့အရာလို့ အကြမ်းပြင် အဓိပ္ပါယ်ဖွင့်ဆို လို့ရမယ်ထင်ပါတယ်။ သမိုင်းပညာရှင်ရဲ့ အခန်းကဏ္ဍကတော့ လူသားတွေရဲ့ အတိတ်က အဖြစ်အပျက်တွေကို ရှာဖွေဖော်ထုတ် ပေးဖို့ဆိုတဲ့ တာဝန်ကို ယူထားကြတဲ့ ပုဂ္ဂိုလ်တွေလို့ဆိုရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သမိုင်းပညာရှင်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဆရာကြီးဒေါက် တာသန်းထွန်းဆိုတဲ့ဘူးတဲ့ သမိုင်းပညာရှင်တစ်ယောက်ရဲ့ ရပ်တည်ချက်တွေ ကတော “သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။” လို့ ဆိုပါတယ်။

ဒီနေရာမှာ သမိုင်းဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်းမှာတော့ အထက်က ပြောခဲ့သလို သမိုင်းပညာရှင်တွေ ထုတ်ဖော်ခဲ့ကြတဲ့ လူသားတွေနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အတိတ်ကအဖြစ်အပျက် သင်ခန်းစားတွေက အယူအဆ သဘောတရားတွေကို ဒဿနအမြင်က ဆင်ခြင်သုံးသပ် ဝေဖန်စမ်းစစ်တဲ့ အခန်းကဏ္ဍကို ရောက်ရှိလာတာဖြစ်တယ်လို့ ဒဿနကျမ်းရင်း တချို့မှာ ဆိုပါတယ်။ ပြောရမယ်ဆိုရင်တော့ သမိုင်းဆိုင်ရာ သဘောသဘာဝနဲ့ပတ်သက်နေတဲ့ ပြဿနာရပ်တွေကို ဒဿနပညာက ဖြေရှင်းပြဖို့ဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ လူသားတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ အတိတ်က အဖြစ်အပျက်တွေကို ဒဿန ပညာရှင်တွေက လက်ရှိလူ့အဖွဲ့အစည်းရဲ့ ပြဌာန်းချက်စံနှုန်းတွေချိန်ထိုးတွက်စပြီး ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ အနုပညာ၊ ကိုယ်ကျင့်တရားစတဲ့ပညာရပ်တွေနဲ့ ဆက်စပ်ပုံဖော်ပေးတဲ့နေရာမှာ ပါဝင်နေပါတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ် လူ့အဖွဲ့အစည်းမှာ သမိုင်းနဲ့ပတ်သက်ပြီး အတိတ် ခေတ်သမိုင်း၊ မျက်မှောက်ခေတ်သမိုင်းနဲ့ အနာဂတ်ခေတ်သမိုင်းဆိုပြီးရှိတဲ့ နေရာမှာ အတိတ်ခေတ် သမိုင်းက အတွေ့အကြုံနဲ့ အားနည်းချက်တွေကို မျက်မှောက်ခေတ်သမိုင်းမှာ လူ့အဖွဲ့အစည်းရဲ့ ပြဌာန်းချက် စံနှုန်းတွေနဲ့ ချိန်ထိုးစဉ်းစားပြီး အနာဂတ်သမိုင်းအတွက် အလုပ်လုပ်ဆောင်ပေးကြရမယ့် တာဝန်တွေရှိလာပါပြီ။

သမိုင်းကြောင်းတလျှောက်မှာတော့ သမိုင်းဆိုင်ရာ ဒဿနပညာရှင်တွေက လူသားတွေရဲ့ လွတ်လပ်မှုကို တိုင်းတာဆုံးဖြတ် ပေးတာတွေကို ပြုလုပ်ခဲ့ကြရုံသာမက လူသားတစ်ယော်ချင်းဆီ (သမိုင်းဇာတ်ကောင်တစ်ယောက်ချင်းဆီရဲ့) လူ့ဘောင် အဖွဲ့အစည်းထဲမှာ ကိုယ်ကျင့်တရားအရ ဘယ်လိုဆောင်ရွက်ပြုမူခဲ့ကြတယ်ဆိုတာကိုလည်း ဖော်ထုတ်ပေးခဲ့ကြတာတွေ့ရပါ တယ်။ ဒီနေရာမှာ ကျွန်တော်တို့လူငယ်တွေအနေနဲ့ သမိုင်းကို မှတ်တမ်းတင်တဲ့ သမိုင်းပညာရှင်လို့ အခန်းကဏ္ဍကပဲ ရပ်တည် ကြမလား၊ ဒါမှမဟုတ် သမိုင်းကိုဖန်တီးသူတွေအဖြစ် သမိုင်းရဲ့လိုအပ်ချက်ကြောင့် မွေးဖွားလာရတဲ့ သမိုင်းဇာတ်ကောင်တွေ ဖြစ်ဖို့ ပြင်ဆင်ကြမလား။ ဒါမှမဟုတ် သမိုင်းဇာတ်ကောင်တွေရဲ့ အဖြစ်အပျက်တွေကို သမိုင်းမှတ်တမ်းတင်သူတွေပေးတဲ့ သင်ခန်းစားတွေကို လက်တွေ့လူမှုဘ၀မှာ ချိန်ထိုးတွက်ဆပြီး အနာဂတ်အတွက် ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ ကိုယ်ကျင့်တရား၊ အနုပညာ၊ ရှိမှုသိမှုပညာ စတဲ့အရာတွေအတွက် ပုံဖော်ပေးကြမယ့်လူတွေအဖြစ် လုပ်ဆောင်ကြမလားဆို တာ မေးခွန်းထုတ်ဖို့ လိုအပ်လာပါပြီ။

၃။ ပညာရေးဆိုင်ရာ ဖလော်ဆော်ဖီ ဒဿန

ပညာရေးဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်း ကျွန်တော်တို့ပြောမယ်ဆိုရင် ပညာရေးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရင် ပြောကြရမှာဖြစ်ပါတယ်။ ပညာရေးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဒဿနဗေဒကျမ်းရင်းအချို့မှာတော့ လူအဖွဲ့အစည်းအသီးသီး က အနာဂတ်လူငယ်လူရွယ်တွေအနေနဲ့ ဘ၀ရပ်တည်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ ဘာသာရပ်အလိုက်သင်ကြားပို့ချ ပေးတဲ့ အရာအဖြစ် အကြမ်း ပြင်းရှု့မြင်နိုင်မယ်လို့ ဆိုကြပါတယ်။ လူ့အဖွဲ့အစည်းတိုင်းအတွက် အနာဂတ်လူငယ်တွေအတွက်  ဘ၀ရပ်တည်နိုင်ရေးကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပေးတဲ့အလုပ်ဟာ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ ပညာရေးကို နိုင်ငံအသီးသီးက အစိုးရတွေက အဓိကအားဖြင့် ဦးဆောင်ဦးရွက်လုပ်ကြပြီး နိုင်ငံအတွက် လိုအပ်တဲ့ ခေါင်ဆောင်ကောင်း တွေကို ဘယ်လိုပညာရေးစနစ်က မွေးထုတ်ပေးနိုင်မလဲဆိုတာကို ပညာရေးဆိုင်ရာ ဒဿနပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး သင်ကြားရေးပုံစံတွေ၊ ပြဌာန်းချက်တွေကို ရေးဆွဲပြီး နှစ်ရှည်စီမံကိန်းတွေနဲ့ ပြုစုပျိုးထောင်မှုပြုလုပ်ကြတာတွေ့ရပါတယ်။

ဒီနေရာမှာ ပညာရေးဆိုင်ရာ ဖလော်ဆော်ဖီဒဿနရဲ့ အခန်းကဏ္ဍကို ရောက်လာပါပြီ နိုင်ငံတကာနဲ့ ကမ္ဘာအရပ်ရပ်မှာ အကောင်းမွန်ဆုံး သင်ကြားရေးပုံစံတွေ စနစ်တွေနဲ့ လူ့အဖွဲ့အစည်းရဲ့အဓိကကျတဲ့ လူငယ်တွေကို ပြုစုပျိုးထောင်မှုတွေ ပြုလုပ်ပေးနေချိန်မှာ ကိုယ့်နိုင်ငံက အသက်မွေးဝမ်းကြောင်း ပညာအဆင့်နဲ့ ရပ်တည်နေရင် ကိုယ်နိုင်ငံရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ထုတ်ကုန်ဆိုတာ လုပ်ငန်းတစ်ခုကို လည်ပတ်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ပညာရှင်မျိုးတွေကို မွေးထုတ်ပြီးသား ဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်မှာပဲ တဖက်က လိုအပ်တဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာတွေကနေ အဆင့်မြင့်ပြီး အဆင့်မြင့် ပညာတွေကို သင်ကြားပြီး လူငယ်တွေကို ခေါင်းဆောင်ဖြစ်လာနိုင်တဲ့ အခြေအနေ မျိုးကိုလည်း မွေးထုတ်ဖို့ လိုအပ်လှပါတယ်။ အဲ့ဒီအခန်းကဏ္ဍကို ပညာရေးဆိုင်ရာ ဒဿနပညာရှင်တွေက ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။

ဒီနေရာမှာတော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့အစိုးရက ဘယ်လိုပညာ သင်ကြားရေး ပုံစံမျိုးတွေနဲ့ သင်ကြားပေးလိုက်တယ်။ နိုင်ငံအတွက် တကယ်လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေး ထက်မြတ်တဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်မယ့် ပညာရေးပုံစံနဲ့လား ဘယ်လိုဟာမျိုးနဲ့ သင်ကြားပေးလိုက်တယ် ဆိုတာ ဝေဖန်ဆန်းစစ်နိုင်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ တကယ်လို့သာ ကိုယ့်ရဲ့ ဝေဖန်ဆန်းစစ်ချက်ဟာ ပြီးပြည့်စုံတဲ့ အဖြေကို မပေးနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ကျွန်တော်တို့ လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် သိပြီး ကြိုးစားကြဖို့ပဲရှိပါတယ်။ အစိုးရကိုယ်တိုင်က ပညာရေးစနစ်မှာ အားနည်းချက်တွေ ရှိနေအောင် ပြုလုပ်ထားတဲ့အခြေအနေမှာ အတွေးအခေါ်ပညာရှင်တွေက ပညာရေးစနစ်ရဲ့ အပြင်ဘက်ကနေ လူငယ်တွေအတွက် စိတ်ဓာတ်အဟာရအဖြစ် ပညာနို့ချို တိုက်ကျွေးနိုင်ကြဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ရော ကိုယ်သင်ကြားလာခဲ့ရတဲ့ ပညာရေးစနစ်ဟာ တကယ်ပဲ အကျိုးရှိတဲ ပညာရေးစနစ်လား၊ ဒီလိုမဟုတ်ပဲ အားနည်းချက်တွေရှိနေတဲ့ ပညာရေးစနစ်လားဆိုတာ ဝေဖန်ဆန်းစစ်နိုင်ကြဖို့လိုပါတယ်။ ဒီလိုဆန်းစစ်နိုင်မှ ကိုယ့်အတွက် ဘာအရေးကြီးသလဲ။ ဘာလိုအပ်သလဲ ဆိုတာကိုလည်း နားလည်လက်ခံပြီး ကြိုးစားကြရမှာဖြစ်ပါတယ်။

၅။ အနှစ်ချုပ်

အထက်မှာပြောခဲ့တဲ့ အကြောင်းအရာတွေကို ခြုံပြီးသုံးသပ်လိုက်ရင် သိပ္ပံဆိုင်ရာနဲ့ အကျွမ်းဝင်တဲ့ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ ကွန်ပျူတာဆော့ဝဲယားတွေ၊ ၀က်ဘ်ဆိုက်တွေ၊ ဘလော့ခ်တွေ၊ လူမှုရေးအွန်လိုင်းကွန်ယက်တွေမှာ အိုက်ဒီယိုလောဂျီတွေအများကြီးနဲ့ လိုက်ပါနိုင်အောင် ကြိုးစားလေ့လာလိုက်စား နေကြရတယ်ဆိုတာတော့ အမှန်ပဲဖြစ်ပါလိမ့်မယ်။ ဒီလို လေ့လာကြတဲ့အခါမှာ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ဖို့နဲ့ ဒီနည်းပညာတွေကို ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ နိစဓူဝ အကြောင်းအရာတွေနဲ့ ချိန်ထိုးပြီး ကျွန်တော်တို့ သက်ဝင်ယုံကြည်တဲ့ ဘာသာတရား၊ ကျွန်တော်တို့နဲ့ မပတ်သက်ချင်လဲ ပတ်သက်နေရမယ့် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး၊ ကျွန်တော်တို့ကိုယ်တိုင် နေစဉ်နဲ့အမျှ ဖြတ်သန်းနေကြရတဲ့ သမိုင်းဖြစ်စဉ်တွေ၊ တစ်ယောက်နဲ့တစ်ယောက် မတူညီကွဲပြားခြားနားနေတဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စံနှုန်းတွေ၊ အနုပညာခံစားချက်တွေစတဲ့ စတဲ့အကြောင်းအရာတွေနဲ့ ချင့်ချိန်ပေါင်းစပ်ပြီး ကျွန်တော်တို့လူငယ်တွေဟာ သမိုင်းမှတ်တမ်းတင်သူတွေ၊ ဒါမှမဟုတ် သမိုင်းကိုဖန်တီးသူတွေအဖြစ်ဒါမှမဟုတ် အနာဂတ်လူဘောင်အတွက် ကိုယ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကိုသင်ခန်းစာယူပြီး ခိုင်မာတဲ့ပညာရေးစနစ်တစ်ရပ်ပေါ်ပေါက်လာအောင်၊ ဒါမှမဟုတ် လိုအပ်နေတဲ့ပညာရေးကွက်လပ်ကို ဖြည့်စည်းပေးနိုင်တဲ့သူတွေဖြစ်အောင် ဖော်ဆောင်နိုင်ကြစေဖို့ တိုက်တွန်းရင် ဒီစာကို နိဂုံးချုပ်လိုက်ချင်ပါတယ်။ အပေါ်မှာ ရေးသားခဲ့တဲ့ အကြောင်းအရာတွေဟာ မြန်မာတက္ကသိုလ်တွေမှာ သင်ကြားဖို့ ပြဌာန်းထားတဲ့ ဒဿနိကဗေဒဘာသာရပ် ပြဌာန်းစာအုပ်အချို့နဲ့ ဒဿနိကဗေဒက ဆရာတချို့ရဲ့ လမ်းဘေးဟောပြောပို့ချမှုတွေကို ကိုးကားပြီး ရေသားထားတာဖြစ် တယ်ဆိုတာ ၀န်ခံအပ်ပါတယ်။

အံဘုန်းမြတ်

About ahuntphonemyat

Journalist.

Discussion

2 thoughts on “အလွယ်ဖတ် ဖလော်ဆော်ဖီတချို့ရဲ့ ဒဿန

  1. ကို အံ့ဘုန်းမြတ် အသက်ဘယ်လောက်ရှိပြီလဲ သိချင်ပါတယ်

    Posted by Moe Aung | June 16, 2011, 6:22 pm
  2. 28 ပါ ခင်ဗျာ။

    Posted by ahuntphonemyat | June 30, 2011, 5:32 am

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: