သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ကော်မရှင်၏ ကန့်သတ်ချက်များကြောင့် နိုင်ငံရေးပါတီများ စည်းရုံးရေး ပိုမိုခက်ခဲ


အံ့ဘုန်းမြတ် ၂၁ ဇွန် ၂၀၁၀ (ဒီဗွီဘီ)

ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ထပ်မံကန့်သတ် လိုက်တာကြောင့် ပါတီတွေ စည်းရုံးရေးမှာ ပိုမိုခက်ခဲသွားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ဒီလ ၁၈ ရက်နေ့က နိုင်ငံရေးပါတီတွေကို ပေးပို့လိုက်တဲ့ အသိပေးစာမှာ ပါဝင်တဲ့ ကန့်သက်ချက်တွေကြောင့် နိုင်ငံရေးပါတီတွေ စည်းရုံးရေး ပိုမိုခက်ခဲသွားတာပါ။ ဒီအသိပေးစာထဲမှာတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီအလံနဲ့ အမှတ်တံဆိပ်တွေကို ပါတီရုံးတွေအတွင်းမှာသာ အသုံးပြုဖို့ အဓိကပါဝင်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက ပါတီတချို့ မြို့တချို့မှာ အလံလွှင့်ပြီး စည်းရုံးရေး စတင်ခဲ့ပြီးတဲ့နောက်ပိုင်း ဒီလိုကန့်သတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုဒီမိုကရေစီပါတီဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက

“စည်းရုံးရေးခရီးစဉ် တခုထွက်မယ်ဆိုရင် ပါတီတွေက ကားတွေက အလံထောင်ပြီးတော့ ထွက်ကြရတာကို။ နယ်စည်းရုံးရေး ခရီးစဉ်တွေဆိုရင် ဒီဥစ္စာတွေက မြို့တွေထဲမှာ ၀င်လာရင် ဒီဟာ ဘယ်ပါတီကနေ ဒီမြို့ကို လာစည်းရုံးနေတယ် ဆိုတဲ့ သဘောမျိုး အလှူခံထွက်တယ်ဆိုရင်တောင်မှ သာသနာ့အလံလေးထောင်ပြီး လော်စပီကာနဲ့အော်ပြီး မြို့ရွာတွေထဲကို ၀င်ရတာကိုး။ ပါတီတွေက အဲလိုအခြေအနေတောင် လုပ်ပိုင်ခွင့် မရှိတဲ့အဖြစ်မျိုး ဖြစ်နေတယ်။”

ဒီသတ်မှတ်ချက်အတွင်းမှာ ပါတီရံပုံငွေနဲ့ အလှူငွေတွေကို စည်းကမ်းတကျ ပြုစုထားဖို့နဲ့ ပါတီဝင်ဦးရေတွေကိုလည်း သတ်မှတ်ချိန်အမီ ကော်မရှင်ကို မတင်သွင်းနိုင်ရင် ပါတီထူထောင်ခွင့် ဖျက်သိမ်းခံရမယ်လို့လည်း အသိပေးပါရှိတယ်လို့ သိရပါတယ်။ ဒီသတ်မှတ်ချက်တွေဟာ ၀န်ကြီးချုပ်ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီတော့ အကျုံးဝင်ခြင်း မရှိနိုင်ဘူးလို့လည်း အခြားပါတီဝင်တချို့က ပြောပါတယ်။ ဒါ့အပြင် ကော်မရှင်ရဲ့ သတ်မှတ်ချက်တွေထဲမှာ ရပ်ကွက် ကျေးရွာတွေမှာ ပါတီရုံးခွဲ ဖွင့်ခွင့်မရှိတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေက

“ကျနော်တို့ပါတီတွေကို သူတို့က ပါတီဌာနချုပ်တို့၊ တိုင်း၊ ခရိုင်၊ မြို့နယ်အထိကို ပါတီအဖွဲ့ခွဲတွေ ထောင်ခွင့်ရှိတယ်။ ကျေးရွာတွေ ရပ်ကွက်တွေမှာ ထောင်ခွင့်မရှိဘူး။ အဲဒီမှာ ဆိုင်းဘုတ်တွေဘာတွေ မတင်နိုင်ဘူး။ အများကသိအောင်၊ အ များက လက်ခံအောင် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တာပဲ ကျုံ့သွားမှာပေါ့။”

ဦးသုဝေဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီအနေနဲ့ လက်ရှိအခြေအနေမှာ မြို့နယ် ဆယ်မြို့နယ်ကျော်မှာပဲ ပါတီရုံးခွဲ ဖွင့်လှစ်နိုင် သေးပြီး ကျန်ရှိတဲ့အချိန်အတွင်း မြန်မာတနိုင်ငံလုံးရဲ့ မဲဆန္ဒနယ် ၃၃၀ ကျော်ရဲ့ တဆယ်ရာခိုင်နှုန်းလောက်မှာပဲ ရုံးခွဲဖွင့်လှစ် နိုင်လိမ့်မယ်လို့လည်း ဦးသုဝေက ခန့်မှန်း ပြောဆိုပါတယ်။ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေ ဒီလိုအခက်အခဲတွေ့ နေရတဲ့အပေါ် ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဌ ကိုဖြိုးမင်းသိန်းက

“ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်ဆိုရင် သတင်းမီဒီယာလွတ်လပ်ခွင့်တွေနဲ့ ပါတီတွေရဲ့ စည်းရုံးလှုပ်ရှားခွင့်ကို လိုက်တင်းကျပ်နေတာဟာ ဒီရွေးကောက်ပွဲရဲ့ လွတ်လပ်တရားမျှတမှု ရှိစေတယ်ဆိုတဲ့ အင်္ဂါရပ်တွေကို ပျက်ဆီးစေနိုင်တယ်။ အဲဒီအတွက် အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ သူတို့ဆောင်ရွက်ဖို့ လိုလိမ့်မယ်လို့ မြင်တာပဲ။”

လက်ရှိအခြေအနေမှာ နအဖစစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် နိုင်ငံရေးပါတီသစ် ထူထောင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၃၇ ပါတီရှိပြီဖြစ်ပြီ အဲ့ဒီထဲက ၃၄ ပါတီကို ခွင့်ပြုချက် ချပေးပြီးဖြစ်ပြီး ကချင်ပြည်နယ်တိုးတက်ရေးပါတီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီနဲ့ ညီညွတ်သောဒီမိုကရေစီပါတီ (ကချင် ပြည်နယ်)စတဲ့ ပါတီသုံးခုကိုတော့ ကော်မရှင်က ခွင့်ပြုခြင်း မရှိသေးပါဘူး။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: