အံ့ဘုန်းမြတ် ၂၃ ဇွန် ၂၀၁၀ (ဒီဗွီဘီ)
ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ဒီနေ့ထုတ်ပြန်လိုက်တဲ့ တင်းကျပ်တဲ့ ပါတီဝင် စုဆောင်းရေးနဲ့ စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်တွေကြောင့် စည်းရုံးရေးအခက်အခဲ တွေ့ရမယ့် အခြေအနေဖြစ်နေတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောကြားလိုက် ပါတယ်။ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ စည်းရုံးရေးဆင်းတဲ့အခါ ပါတီအလံမကိုင်ဆောင်ရ၊ စီတန်းလှည့်လည်ခြင်း မပြုရ၊ ကြွေးကြော်ခြင်း မပြုရဆိုတဲ့အချက်တွေ အဓိကပါဝင်တဲ့ ပါတီစည်းရုံး ရေးနဲ့ ပုံနှိပ်ထုတ်ဝေရေးတွေအတွက် တင်းကျပ်တဲ့ ညွှန်ကြားချက်အသစ် တွေကို ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ တားမြစ်ချက် ၁၄ ချက်ပါတဲ့ ဒီညွှန်ကြားချက်ကို ၂/၂၀၁၀ ညွှန်ကြားချက်လို့ အမည်ပေးထားပြီး ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒီလိုစည်းကမ်းသက်မှတ်ချက်တွေနဲ့ ထပ်မံကန့်သက် လိုက်တာနဲ့ ပတ်သက်ပြီး အမျိုးသားနိုင်ငံရေး ဦးဝင်းနိုင်က
“ဒီနေ့သတင်းစာထဲမှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဟောပြောခွင့် ကိုတောင်မှ ကြိုတင်ရမယ်ဆိုတော့ ကျနော်တို့ ဘယ်လိုလုပ်ပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့မှုရအောင် လုပ်နိုင်မလဲ ဒီရွေးကောက်ပွဲဝင်တဲ့လူတွေ။ အဲဒါကြောင့်မို့ ဒီကိစ္စ ကတော့ဖြင့်ရင် ကျနော်ကတော့ တိုက်ရိုက်ပဲ ပွင့်ပွင့်လင်းလင်းပြောချင်တယ်လေ၊ ဒါက မဖြစ်သင့် မဖြစ်ထိုက်တဲ့ စည်းမျဉ်း တွေပဲ အဲလိုပဲ ပြောရမှာပေါ့။”

ဒါ့အပြင် ဒီလိုကန့်သတ်ချက်တွေကို ကော်မရှင်က ထပ်မံတင်းကျပ်လိုက်တဲ့အပေါ် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်တွေကို တောင် ပြန်လည်သုံးသပ်ရတော့မယ့် အခြေအနေ ဖြစ်သွားပြီလို့ ပြည်ထောင်စုအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအေးလွင် က ဆိုပါတယ်။
“ဥပဒေတွေကို သေချာတော့ သုံးသပ်ဖို့ လိုဦးမယ်ပေါ့ဗျာ။ တရားသဖြင့် ကန့်သတ်မှုမဟုတ်ဘဲနဲ့ ဘာမှလုပ်လို့ကိုင်လို့ မရအောင် အဲလိုမျိုးလုပ်တဲ့ သဘောမျိုးလို့ ကျနော်တို့ဘက်က မြင်တယ်ဆိုရင်တော့ ပါတီထောင်ထား တာလည်း ပြန်သုံးသပ်တော့မယ်။ လုပ်ချင်မှလည်း လုပ်တော့မယ်။ ကိုယ့်ပါတီကို အများပြည်သူက စိတ်ဝင်စားအောင်၊ သိအောင် ဒါကတော့ ပါတီတွေက လုပ်ရမှာပဲ။ အဲလိုလုပ်တဲ့နေရာမှာ အများပြည်သူရဲ့ စိတ်အားထက်သန်စွာနဲ့ လက်ခံလာတဲ့အပေါ်မှာ မူတည်ပြီးတော့ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ အဲလိုမျိုး ကန့်သတ်လာတဲ့ သဘောမျိုးဆိုရင်တော့ ဒါရည်ရွယ်ချက် မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့ အဲလိုပဲ သုံးသပ်ရမှာပါ။”
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ အခြေစိုက်ပြီး ဖွဲ့စည်းထားတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်မြင့် ကလည်း
“အမှန်ကတော့ ကျနော်တို့က သူတို့ကို အကြောင်းကြားရုံပဲ အကြောင်းကြားရမှာ၊ အကြောင်းကြားပြီးရင် ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ စည်းရုံးသွားရမှာ၊ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရဆိုရင် ကျနော်တို့ကို လည်ပင်းညှစ်ပြီး အော်ခိုင်းသလို ဖြစ်နေတယ်၊ ကျနော်တို့ကတော့ ဆန္ဒရှိသလောက် ခြေလှမ်းကတိုးမှာပဲ၊ တွေ့လာတဲ့ဟာလည်း ကျနော်တို့က ရှင်းရမှာပဲ။ ဒီလိုပဲ ရင်ဆိုင်ဖို့ ပြင်ထားပါတယ်။”

မကြာသေးခင်ကမှ ပါတီထူထောင်ခွင့် ခွင့်ပြုချက်ရရှိခဲ့တဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဟောင်းတချို့ ထူထောင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု အနေနဲ့ကတော့ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံညှိနှိုင်းခွင့် ပေးစေချင်တယ်လို့ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။
“ရွေးကောက်ပွဲ ကာလမတိုင်ခင်မှာ ဖြစ်ပျက်နေတဲ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုနဲ့ ပတ်သက်တဲ့အပိုင်းတွေမှာ တပါတီတည်း ပြောတာထက် ပါတီပေါင်းစုံ ညှိပြီး ကော်မရှင်ကို တွေ့ပြီးတော့ ဒီလိုအခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်နေရပါတယ်။ ဒါတွေကို တရားမျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်အောင် ကော်မရှင်က ဆောင်ရွက်မယ်ဆိုရင် မှတ်ပုံတင်ခွင့် ရပြီးတဲ့ ပါတီအသီးသီးနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံဖို့ အင်မတန်မှ လိုအပ်တယ်ဆိုတဲ့အကြောင်းကို ဒီနေရာက အထူးပဲ ကျနော်ပြောချင်ပါတယ်။”
နိုင်ငံရေးပါတီတွေအနေနဲ့ ဒီညွှန်ကြားချက်၊ တားမြစ်ချက်၊ သတ်မှတ်ချက်၊ စည်းကမ်းချက်တွေကို လိုက်နာခြင်းမရှိရင် တည်ဆဲဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အရေးယူခြင်းခံရမယ်လို့လည်း ဖော်ပြထားပါတယ်။
Leave a Reply