အံ့ဘုန်းမြတ် ၂၅ ဇွန် ၂၀၁၀ (ဒီဗွီဘီ)
နအဖစစ်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်က စာပေစိစစ်ရေနဲ့ မှတ်ပုံတင်ဌာနက စာနယ်ဇင်းတွေအပေါ် အဆိုးရွားဆုံး ချုပ်ကိုင်မှုတွေ ပြုလုပ်တော့မယ်လို့ သိရပါတယ်။ အထူးသဖြင့် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အကြောင်းအရာတွေကို အတင်းကျပ်ဆုံး ချုပ်ကိုင်နိုင်ဖို့အတွက် တရားဝင်စတင်ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ စာပေစိစစ်ရေးက စာနယ်ဇင်းတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့အတွက် ညွှန်ကြားရေးမှူးသစ် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးဆောင်တဲ့ စာစစ်မှူး ၁၂ ဦးပါရှိတဲ့ အဖွဲ့ကို သတင်းအဖွဲ့အမည်နဲ့ ဖွဲ့စည်းပြီး ဒီလ ၂၈ ရက်နေ့ကနေ စတင်ပြီး စစ်ဆေးတော့မှာပါ။ ဒီအဖွဲ့ကနေ သတင်းတွေကို တပြေးညီဖြစ်စေဖို့အတွက် လက်ရှိကျင့်သုံးနေတဲ့ စိစစ်ရေးစနစ်ရဲ့ အားနည်းချက်တွေကို ဖြည့်စွက်လုပ်ဆောင် ကိုင်တွယ်မှာ ဖြစ်တယ်လို့ စာပေစိစစ်ရေး အသိုင်းအ၀ိုင်းက ပြောပါတယ်။ စာပေစိစစ်ရေးရဲ့ ပုံစံအသစ်နဲ့ ဂျာနယ်တွေကို ကိုင်တွယ်ဖို့ ပြင်ဆင်လာတာ နဲ့ပတ်သက်ပြီး သတင်းဂျာနယ် အယ်ဒီတာတဦး ပြောပြရာမှာတော့
“ကပ်ပြီးရတဲ့ သတင်းမျိုးတွေ ရှိတယ်၊ အဲဒါမျိုးကျတော့ သူတို့ဆီသွားပြီးတော့ တောင်းရတယ်။ ဒါလေးပေးပါ၊ ဟိုဟာလေးပေးပါပေါ့။ အခု အဲဒီလိုမျိုး တောင်းရင်တောင်မှ စာမျက်နှာ ၂ မျက်နှာပဲရတယ်။ ရတဲ့အပြင်ကို အဲဒီ ၂ မျက်နှာထဲမှာ သူက ပါတီနိုင်ငံရေးနဲ့ ပတ်သက်တဲ့သတင်းဆို ထည့်လို့မရဘူး။ သူတို့ပြောပုံ အရတော့ တခုနဲ့တခု မညီတဲ့အတွက်ကြောင့် သူတို့က ညှိမယ်ပေါ့။ ညှိတယ်လို့ ပြောရအောင် သတင်းစာမှ မဟုတ်တာ။ အစိုးရသတင်းစာဆိုရင် ဟုတ်တယ်လေ။ ကြေးမုံလည်းဒါ၊ မြန်မာ့အလင်းလည်းဒါ၊ အဲဒီလို ပုံစံမျိုးသူတို့က လုပ်ချင်တာ။”
လက်ရှိအခြေအနေမှာ စာပေစိစစ်ရေးက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆင်ဆာဖြတ်တောက်မှု အဆိုးဆုံးကို ရောက်ရှိနေပြီး နိုင်ငံရေးအသားပေးဂျာနယ်တချိုဆို ဆင်ဆာဖြတ်တောက်မှုတွေကြောင့် ဂျာနယ် မထုတ်ဝေနိုင်တဲ့ အခြေအနေမျိုးအထိ ရှိလာနေပါတယ်။ လက်ရှိကြုံတွေနေရတဲ့ စာပေစိစစ်ရေးရဲ့ ဆင်ဆာဖြတ် တောက်မှုတွေကို တခြားသတင်းဂျာနယ် အယ်ဒီတာတဦး ပြောပြထားတာကလည်း
“ဒီလထဲမှာ ဖြတ်တာတွေက တော်တော်လေးများလာတယ်။ အရင်ထက်ကို အခြေအနေဆိုးတယ်။ ဘာမှ လုပ်လို့မရဘူး။ ဗိုလ်မှူးအေးထွန်း လက်ထက် အခြေအနေမျိုးလောက် ပြန်ရောက်သွားတာပေါ့နော်။ ကြားထဲ ဗိုလ်မှူးတင့်ဆွေ အချိန်မှာ နည်းနည်း အပြောင်းအလဲလေး ရှိလာတာကိုး။ အခုကျတော့ အဲဒီအရင်အခြေအနေမျိုး ပြန်ရောက်သွားသလို ဖြစ်နေတယ်။ ဘာမှကို မရဘူး၊ ၉၀ ရွေးကောက်ပွဲ လုံးဝမရဘူး။ နောက်တကယ် လူတွေ သိသင့်သိထိုက်တဲ့ ကွန်စတီကျူးရှင်း (ဖွဲ့စည်းပုံအခြေခံဥပဒေ) ထဲကဟာတွေ ကောက်နှုတ်ဖော်ပြတာတို့ ဘာတို့၊ ဒီမှာ အတွေးအခေါ်တို့ဘာတို့လုပ်တာမရဘူး။”
သတင်းဂျာနယ်တွေမှာ နိုင်ငံရေးအကြောင်းအရာတွေကို ဖော်ပြခွင့် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပေမယ့် အနုပညာအသားပေး ဂျာနယ်တွေမှာတော့ တင်းကျပ်မှု လုံးဝမရှိဘဲ စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ပလေးဘွိုင်းစာစောင်နီးပါး စာစောင်တွေ ထွက်လာနိုင်ဖွယ်ရှိတယ်လို့ အနုပညာဂျာနယ် အယ်ဒီတာချုပ်တဦးက စိစစ်ရေးရဲ့ မူဝါဒကို ရှုံချလိုက်ပါတယ်။ ဒါ့အပြင် စာပေစိစစ်ရေးမှာ တာဝန်ယူထားတဲ့ ညွှန်ကြားရေးမှူးနှစ်ဦးအကြား ဂျာနယ်တွေမှာကွဲပြားပြီး အခွင့်အရေး ရရှိနေပုံကိုပဲ သတင်းဂျာနယ် အယ်ဒီတာက ဆက်ပြောပါတယ်။
“လောလောဆယ် ပြဿနာဖြစ်နေတာက ညွှန်မှူး ၂ ယောက်မှာကို ပြဿနာ ရှိနေတယ်။ နောက်လာတဲ့ ညွှန်မှူးက ရေတပ်ကလာတယ်။ စာပေ ဘက်ဂရောင်းလည်း ဘာမှမရှိဘူး။ သူ့အနေနဲ့ကတော့ စစ်တပ်ရှု့ထာင်ကနေပဲ ကြည့်တာပေါ့နော်၊ အစိုးရဘက်ကနေ စဉ်းစားပြီးတော့ ကိုင်နေတာပဲ အဲဒီသဘောမျိုးပဲ၊ ဗိုလ်မှူး တင့်ဆွေကျတော့ နည်းနည်းကြားထဲမှာ ကစားချင်တယ်။ စွန့်စားမှု နည်းနည်းလုပ်ချင်တယ်။ ဒါကတော့ သူဖတ်ပေးတဲ့ဟာရယ်၊ သူဖတ်ပေးတဲ့ဟာကလည်း သူနဲ့ အ ဆင်ပြေတဲ့လူတွေပဲ သူဖတ်ပေးတာပေါ့နော်၊ အဲဒီအခွင့်အရေးရတဲ့လူက များများလွတ်တယ်။ လူစိတ်ဝင်စားမယ့်သတင်း ထည့်လို့ရတယ်ပေါ့ အဲဒီသဘော။”
တခြားသတင်းဂျာနယ် အယ်ဒီတာတဦးကတော့ စာပေစိစစ်ရေးက တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူမှု အနည်းငယ်လောက်ပဲရှိရင် သတင်းဂျာနယ်တွေအတွက် လုပ်ကိုင်ရတာ အဆင်ပြေစေမယ်လို့ အကြံပြုပါတယ်။
“ဖြတ်ရင် ဖြတ်လို့တောက်လို့ရတယ်။ ဘာမှကို သူတို့က အခုဟာက ဖြစ်နေတာက။ နောက်ဆုံးဖိုင်နယ် လုပ်တဲ့လူက တာဝန်မခံချင်ဘူး။ ပြီးတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိဘူးလို့ထင်တယ်။ အမှန်ဆိုရင် ပေးသင့်တယ် မပေးသင့်ဘူး။ ဒီ လောက်ကတော့ လွှတ်ရမယ်။ ဒီလောက်ကတော့ ပေးလို့ရတယ်ဆိုတဲ့ အတိုင်းအတာက သူဆုံးဖြတ်လို့ ရတယ်။ အခုဟာက အဲဒီလိုတောင် မဆုံးဖြတ်ဘဲနဲ့ မပေးဘူး ဖြုတ်တယ်ဆိုပြီးတော့ပဲ အဲဒီလိုတုံးတိဖြတ်တာ။ နိုင်ငံရေးဆိုင်ရာ ဆောင်းပါးတွေ၊ နိုင်ငံရေးသတင်း လုပ်လို့ရမယ့် အနေအထား။ တင်ပြနိုင်မယ့် အနေအထား၊ ဖော်ပြနိုင်မယ့် အနေအထားက ဝေးတော့မယ်နဲ့ တူတယ်။”
ဒီလိုစာပေစိစစ်ရေးက စာနယ်ဇင်းတွေအပေါ် ပိတ်ပင်ထိန်းချုပ်လာတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့လို့ အဖွဲ့မျိုးတွေက ၀င်ရောက် စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်တာမျိုးမရှိတဲ့ အခြေအနေမျိုးမှာ မြန်မာစာနယ်ဇင်းလောကရဲ့ လွတ်လပ်ခွင့်ဟာ လုံးဝဆုံးရှုံးရတော့မယ့် အနေအထားမျိုး ဖြစ်လာပြီလို့ ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းမှာ ဝေဖန်နေကြပါတယ်။
Leave a Reply