အံ့ဘုန်းမြတ် ၂၂ ဇွန် ၂၀၁၀ (ဒီဗွီဘီ)
ကော်မရှင်မှာ ဧပြီလတည်းက ပါတီထူထောင်ခွင့် လျှောက်ထားခဲ့တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီကို ဒီကနေ့အထိ ပါတီထူထောင်ခွင့် ခွင့်ပြုချက် ချမပေးသေးတာကြောင့် ကော်မရှင်က နိုင်ငံရေးပါတီချင်း ခွဲခြားဆက်ဆံတဲ့ သဘော ဖြစ်လာနေပြီလို့ ဒီပါတီရဲ့ ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
ခိုင်မာတဲ့ အကြောင်းပြချက်မရှိပဲ ကော်မရှင်က ပါတီထူထောင်ခွင့် ခွင့်ပြုချက်ချမပေးပဲ ကြံ့ကြာနေတဲ့အပေါ် ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ရဲ့ ခေါင်းဆောင် ဒေါက်တာတူးဂျာက အခုလို ပြောကြားလိုက်တာပါ။

“တခြားပါတီတွေကတော့ သူတို့ပါတီ တရားဝင်ဖြစ်ပြီးတော့မှ သူတို့ပါတီ လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေကြ တဲ့အချိန်မှာ ကျနော်တို့က ပါတီဖွဲ့ခွင့်တောင် မရသေးတဲ့အတွက် ကျနော်တို့ ပါတီဝင်ထုအနေနဲ့ကော ဒေသခံ ပြည်သူတွေအနေနဲ့ကော စိတ်ရဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း တစုံတရာ ရှိလာတာပေါ့။ အခြားပါတီတွေနဲ့ အခွင့်အရေးတန်းတူမှုမရရှိတဲ့ ခံစားမှုမျိုးလည်း ပေါ်လာတာပေါ့။ ဘာဖြစ်ဖြစ် ကျနော်တို့ကတော့ စိတ်ရှည်ပါတယ်။ ဒါလူကြီး တွေကတော့ ကျနော်တို့လည်း စိတ်ရှည်ဖို့ ပြောထားပါတယ်။ အခုလည်း စောင့်ပါလို့ ပြောထား ပါတယ်။ စကားလည်း ပြောထားတယ်ဆိုတော့ စိတ်ရှည်ရှည်နဲ့ စောင့်ရမယ့် အနေအထားရှိပါတယ်။”
ပါတီထူထောင်ခွင့်မရသေးတဲ့အတွက် ပြည်နယ်အတွင်း ပါတီရဲ့ စည်းရုံးလှုပ်ရှားရေး မလုပ်နိုင်သေးပဲ ပါတီရဲ့ လုပ်ငန်းစဉ် အားလုံးကို ရပ်ဆိုင်းထားရတယ်လို့လည်း ဒေါက်တာတူးဂျာ က ပြောပါတယ်။ လက်ရှိ အခြေအနေမှာ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကနေ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) အပြင် ညီညွတ်သော ဒီမိုကရေစီပါတီ ကချင်ပြည် နယ် (UDP) နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ကိုလည်း ခိုင်လုံတဲ့ အကြောင်းပြချက်မရှိပဲ ပါတီထူထောင်ခွင့် မပေးသေးပါဘူး။ ဒီလိုမပေးတာနဲ့ပတ်သက်ပြီး ကချင်နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်းမှာတော့ ဒီပါတီတွေဟာ (KIO) ခေါ် အပစ်ရပ် ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ (NDA-K) ခေါ် ဒီမိုကရေစီသစ်တပ်မတော် (ကချင်) အဖွဲ့တွေနဲ့ ပတ်သက်သက်မှု ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကော်မရှင်က ပါတီထူထောင်ခွင့် မပေးသေးတာလို့ ခန့်မှန်း မှု အချို့ရှိပေမယ့် ကော်မရှင်ကတော့ တိတိကျကျ ပြောကြားခြင်းမရှိသေးဘူးလို့ ( KSPP) ရဲ့ ခေါင်းဆောင် ဒေါက်တာ တူးဂျာက ပြောပါတယ်။
“အစိုးရပိုင်းက ပုဂ္ဂိုလ်တချို့ကလည်း ဒီလိုထင်မြင်ယူဆတာတော့ ဒီလိုအတွေးရှိတဲ့ ပုဂ္ဂိုလ်လည်း ရှိကောင်းရှိမယ်။ ဒါပေမယ့် ကျနော်တို့ အမြင်ကျတော့ ဒါမဆိုင်ဘူးလို့ ပြောချင်တယ်။ ကျနော်တို့ဘက်ကတော့ အဖွဲ့အစည်းနဲ့ ဘာမှပတ်သက်မှုမရှိဘူး။ ဒီဥပဒေဘောင်အတွင်းမှာ ဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ ပါတီလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့မှ ဒီအဖွဲ့အစည်းတွေရဲ့ အသွင်ကူးပြောင်းရေးနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောချင်တယ်။”
ဒါအပြင် ကချင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ လည်း ဒေါက်တာတူးဂျာက
“အခု ဒီရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်း အစိုးရသစ်ပေါ်လာရင် အစိုးရသစ်ရဲ့ လုပ်ငန်းမှာ ဥပဒေပေါ် အစိုးရရဲ့ယန္တရားကိုသာ လည်ပတ်သွားရမှာဘဲ။ လုပ်ဆောင်သွားရမှာဘဲ။ ပြီးတော့အစိုးရရဲ့ သတ်မှတ်တဲ့ ပေါ်လစီဥပဒေနဲ့ အတိုင်းအတာ အစိုးရက လုပ်ဆောင်သွားရမှာဖြစ်တော့ ခုနက အဖွဲ့အစည်းတို့ ဘာတို့ဘက်ကလည်း အစိုးရအနေနဲ့က အစိုးရချမှတ်ထားတဲ့ ဥပဒေအတိုင်းဘဲ သူတို့နဲ့ စကားပြောရမှာဖြစ်ပါတယ်။”
ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ရဲ့ ခေါင်းဆောင် ဒေါက်တာတူးဂျာ ပြောကြားခဲ့တာပါ။ ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ ကချင်ပြည်နယ်တိုးတက် ရေးပါတီ KSPP ဟာ ကချင်ပြည်နယ်အတွင်း ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ဖို့ ‘နအဖ’ စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်မှာ ဧပြီလ ၅ ရက်နေ့တည်းက အမှတ်စဉ် ၇ နဲ့ လျှောက်ထားခဲ့တဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ‘နအဖ’ စစ်အစိုးရ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ဒီပါတီ ၃ ခုကိုပဲ တည်ထောင်ခွင့် ချပေးဖို့ ကျန်ရှိနေတာဖြစ်ပြီး ကျန်တဲ့ ၃၄ ပါတီကို ထူထောင်ခွင့်ချပေးပြီးပြီး ပါတီအချို့ကတော့ ပါတီမှတ်ပုံတင်ခွင့်တွေ ဆက်လက် လျှောက်ထားလျှက်ရှိနေကြပါတယ်။
Leave a Reply