သတင်း, အထ္ထုပ္ပတ္တိ, နိုင်ငံရေး

ဝါရင့်နိုင်ငံရေးသမားကြီး ဦးအောင်မြင့်၏ ဈာပနအခမ်းအနား


အံ့ဘုန်းမြတ် ၁၆ ဇွန် ၂၀၁၀  (ဒီဗွီဘီ)

ဒီလ ၁၄ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ အသက် ၈၇ နှစ်အရွယ်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီး ဦးအောင်မြင့်ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့မနက် ၁၀ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာ မီးသဂြိုဟ်ခဲ့ပါတယ်။ ဈာပနအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတို့နဲ့အတူ အဖွဲ့ချုပ်ဝင်တွေ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ ကြပါတယ်။ ဦးအောင်မြင့်ရဲ့ ဈာပနအခမ်းအနားမှာ မြင်တွေ့ရတာနဲ့ ပတ်သက်ပြီး ၀ါရင့်နိုင်ငံရေးသမားကြီး ဦးအုန်းမောင်က အခုလို ပြောပြပါတယ်။

“ဦးတင်ဦးတို့ ဦးဝင်းတင်တို့ အကုန်လုံး လာကြပါတယ်။ အန်အယ်လ်ဒီက လူတွေနဲ့ တော်တော်လေး စည်စည်ကားကားပါပဲ။ ခါတိုင်းဆိုရင် သခင်လွင် ကွယ်လွန်တော့လည်းပဲ သူပဲ ဘယ်သူ့ဆုံးဖြတ်ချက် မပါဘဲနဲ့ သူပဲ သခင်လွင်အကြောင်းတွေကို ဘာ တွေကို ထပြောတာပဲ။ သခင်ချစ်မောင် ဆုံးတော့လည်း ဒီလိုပဲ။ သခင်စိုးမြင့် ဆုံးတုန်းကဆိုရင် အလံတွေဘာတွေ သခင်အလံတို့ အန်အယ်လ်ဒီအလံတို့ လွှမ်းတာတွေ ကျနော်တို့ လုပ်ပေးတယ်လေ။ ဦးအောင်မြင့်ကျတော့ ဘာအလံမှ မလွှမ်းနိုင်ဘူး။ သူ့ညီကလည်း သိပ်သဘောမတူလို့ သူ့ရဲ့ကိုယ်ရေးအကျဉ်းကို ရေးပြီး ဝေတာတွေ ဘာတွေလည်း မရှိ ဘူးပေါ့ဗျာ။ ရိုးရိုးပဲ ဈာပန အခမ်းအနား ပြီးသွားပါတယ်။”

ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ၀ါရင့်နိုင်ငံရေး သမားကြီးတွေအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ အစဉ်တစိုက် တောင်းဆိုခဲ့ကြပေမယ့် အောင်မြင်မှုမရသေးခင် အဖွဲ့ဝင် တဦးထက်မံကွယ်လွန်သွားတဲ့အပေါ် ဦးအုန်းမောင်က ၀မ်းနည်းစကား ပြောကြားခဲ့ပါတယ်။

“ဖြစ်လာတာ မဖြစ်လာတာကတော့ တပိုင်းထားပေါ့။ တွေ့ဆုံဆွေးနွေးရေး မဖြစ်ဘဲနဲ့တော့ တိုင်းပြည်က မကောင်းနိုင် သေးဘူး၊ ဒီမိုကရေစီမရနိုင်သေးဘူး၊ ငြိမ်းချမ်းရေး မရနိုင်ဘူး။ ဒီနေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မလုပ်ရင် မရနိုင်ဘူးလို့ ကျနော်တို့က စွဲစွဲမြဲမြဲ ယုံကြည်ထားတယ်။ ဦးအောင်မြင့်က ဖြစ်ပြီးတော့ အခု သုံးလေးရက်နဲ့ ဆေးရုံတင်လိုက်တာ၊ ဆေးရုံမှာပဲ ကွယ်လွန်သွားတော့ ကျနော်တို့ အနေနဲ့ကတော့ ရှင်မရတဲ့အထဲမှာ အဂ္ဂလူထွက်တဲ့ သဘောဖြစ်နေတာပေါ့။ အဲဒါနဲ့ ပတ်သက်လို့ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျနော်တို့ ၀ါရင့်အနေနဲ့လည်း အားယုတ်တာပေါ့ဗျာ။”

ဝါရင့်နိုင်ငံရေးသမားကြီး ဦးအောင်မြင့်ဟာ ၁၉၄၆ ခုနှစ် ဆိုရှယ်လစ်ပါတီမှာ ပါဝင်ဆောင်ရွက်ခဲ့ပြီး၊ ၁၉၅၀ ခုနှစ် သခင်လွင်နဲ့ သခင်ချစ်မောင်တို့ ဆိုရှယ်လစ်ပါတီက နှုတ်ထွက်ပြီး အလုပ်သမား၊ လယ်သမား အစည်းအရုံးကို ထူထောင်ရာမှာလည်း သခင်လွင်နဲ့အတူ အလုပ်သမားအစည်းအရုံးမှာ ခေါင်းဆောင်တဦးအနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု အချိန်ကာလအတွင်းမှစပြီး သခင်သိန်းဖေ၊ သခင်ချန်ထွန်းစတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ပါဝင်လျှက် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေကို မကွယ်လွန်မီအချိန်အထိ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: