သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ရွေးကောက်ပွဲဆိုင်ရာသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်


အံ့ဘုန်းမြတ် ၁၇ ဇွန် ၂၀၁၀ (ဒီဗွီဘီ)

‘နအဖ’ စစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီအချို့ကို ပြည်ပ ပညာရှင်တချို့နဲ့ ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းတချို့က ရွေးကောက်ပွဲဆိုင်ရာသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲနဲ့ ဟောပြောမှု တချို့ရှိတယ်လို့ သိရပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေကို ပြည်ပပညာရှင်အချို့ ပြည်တွင်းအခြေစိုက် ထုတ်ဝေလျှက်ရှိတဲ့ The Voice ဂျာနယ်က ဦးဆောင်တည် ထောင်ထားတဲ့  Myanmar Egress က ရွေးကောက်ပွဲဆိုင်ရာသင်တန်း၊ အလုပ်ရုံ ဆွေးနွေးပွဲနဲ့ ဟောပြောမှုတွေ ပြုလုပ်နေပါတယ်။

ဒီလ ၁၆ ရက်နေ့က ချက်ကိုစလိုဗတ်ကီးယား နိုင်ငံသူ ဗရော်နီကာက ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတချို့ရဲ့ ခေါင်းဆောင် တွေနဲ့ ဂျာနယ်လစ်တွေကို နိုင်ငံတကာရွေးကောက်ပွဲ အတွေ့အကြုံများဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံတကာရွေးကောက်ပွဲ အတွေ့အကြုံနဲ့ ‘နအဖ’ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို နှိုင်းယှဉ်ပြီး ဟောပြောဆွေးနွေးခဲ့ကြတယ်လို့ တက်ရောက်ခဲ့တဲ့ ပုဂ္ဂိုလ်တချို့ ကပြောပါတယ်။ ဟောပြောပွဲအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တက်ရောက်ခဲ့တဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ကိုနေမျိုးဝေက

“ကျနော် တို့က ရွေးကောက်ပွဲကို ဘယ်လိုစောင့်ကြည့်မလဲ။ ကျနော်တို့သိတာ workshop (အလုပ်ရုံဆွေးနွေးပွဲ)ပေါ့။ ဘယ်လိုလဲဆိုတော့ Operation (ပြုလုပ်ပုံ) ပိုင်းလို့ ကျနော် တို့ကထင်တာ။ Operation အပိုင်းဆိုတာ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ကျနော်တို့ အစုအဖွဲ့တွေဖွဲ့ကြမယ်။ တာဝန်တွေခွဲဝေကြမယ်လို့ထင်ပြီး ကျနော်တို့က သွားတက်တာ။ တကယ်သွားတက်တဲ့အခါကျတော့ သူတို့က Operation ဘယ်လို လုပ်ကြမလဲလို့ ဆွေးနွေးတာမဟုတ်ဘဲနဲ့ နိုင်ငံတကာမှာ ရှိတဲ့ ရွေးကောက်ပွဲတွေရဲ့ စံနှုန်းတွေကို ပြဆိုတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘာပါလို့ ပြဆိုတယ်၊ အဲဒါပဲ။ အဲဒီစံနှုန်းတွေနဲ့ မကိုက်ညီရင် တရားမမျှတဘူးပေါ့နော်၊ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုရင် ဘယ်လိုနှုန်းစံတွေ ရှိရမယ်ဆိုတဲ့ ဘာသာရပ်စကားနဲ့ပြောရရင် အပြန့်လိုက်ဟောပြောချက်ပေါ့ဗျာ အဲဒီလို ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့နဲ့ အလုပ်မဖြစ်ဘူးပေါ့။”

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ကိုနေမျိုးဝေ ပြောခဲ့တာပါ။ အလားတူ The Voice ဂျာနယ်က ဦးဆောင်တည်ထောင်ထားတဲ့ Myanmar Egress က ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပို့ချခဲ့တာနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက အခုလို ပြောပါတယ်။

“ကျနော်တို့မှာ မနေ့ကအထိပေါ့နော်။ ၄ ရက်တိုင်တိုင် Myanmar Egress ကနေပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သင်တန်းလာပေးတယ်။ အဲဒီမှာ သူတို့က တော်တော်စုံတယ်။ ရွေးကောက်ပွဲမှာ ဘာတွေလုပ်ရမယ်၊ ဘာတွေ လုပ်သင့်တယ်။ တော်တော်ကို စုံစုံလင်လင် သူတို့ စာရွက်စာတမ်းတွေ အများကြီးပေးခဲ့ပါတယ်။”

ဒီလို သင်ကြားပို့ချတဲ့နေရာမှာ နိုင်ငံရေးပါတီတွေအနေနဲ့ လူထုအကြားစည်းရုံးရေး ဆိုင်ရာပညာ၊ မဲဆွဲစည်းရုံးရေးအတွက် ပြင်ဆင်ရမယ့်အချက်တွေနဲ့ စည်းရုံးရေး ပညာ၊ နိုင်ငံရေးမဟာဗျူဟာချမှတ်မှုနဲ့ နိုင်ငံရေးပါတီ စီမံခန့်ခွဲမှုစတဲ့ ဘာ သာရပ်တွေကို သင်ကြားပြီး ပါတီဝင် ၄၀ နီးပါး ဒီသင်တန်းမှာ တက်ရောက်ခဲ့ကြ တယ်လို့လည်း ဦးသုဝေကပြောပါတယ်။ ဒီလိုနိုင်ငံရေးပညာတွေကို လက်ရှိကြုံတွေနေရတဲ့ မြန်မာနိုင်ငံရေးမှာ ဘယ်အတိုင်းအတာအထိ အသုံးချနိုင်မယ်ဆိုတဲ့ အပေါ်ကိုလည်း ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက

“တချို့ဟာ တွေကတော့ Practical (လက်တွေ့အသုံးပြု) ဖြစ်တဲ့ ဟာတွေကတော့ ကျနော်တို့ Apply (ကျင့်သုံးတာ) လုပ်လို့ ရတယ်ပေါ့နော်။ သူတို့က သင်တန်းပေးတဲ့နေရာမှာ နောက်ပြီးတော့ မဲပေးပုံပေးနည်းကို ပုံနဲ့ ဘာနဲ့ သူတို့က လုပ်ပေးထားတာ တွေရှိတယ်နော်၊ အဲဒါမျိုးတွေပေါ့၊ ကျနော်တို့ Apply လုပ်လို့ ရသမျှတော့ ကျနော်တို့ Apply လုပ်မှာပေါ့နော်။”

လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ အစိုးရ၀န်ထမ်းတွေကို ရွေးကောက်ပွဲ လုပ်ငန်းဆိုင်ရာ သင်တန်းတွေ ပို့ချနေပေမယ့် မဲဆန္ဒရှင် ပြည်သူတွေအတွက် မဲပေး စနစ်နဲ့ပတ်သက်တဲ့ ပညာပေးမှုမျိုး မရှိသေးတာ တွေ့ရပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: