အံ့ဘုန်းမြတ် ၁၆ ဇွန် ၂၀၁၀ (ဒီဗွီဘီ)
ဝါရင့်စာရေးဆရာ ဆရာဖေမြင့်နဲ့ သတင်းစာဆရာ ဆရာမောင်ဝံသတို့ ဦးဆောင်ပြီး မြန်မာ့လူငယ်စာဖတ်ပရိသတ်တွေ နိုင်ငံရေးကို ပိုမိုစိတ်ဝင်စား လာစေဖို့အတွက် နိုင်ငံရေးအသားပေး ဂျာနယ်တစ်စောင် မကြာခင်မှာ ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။ ‘ပြည်သူ့ခေတ်’ လို့ အမည်ရတဲ့ ဂျာနယ်ကို လာမယ့် ဇူလိုင်လ ပထမပတ်မှာ စတင် ထုတ်ဝေမှာပါ။ ဂျာနယ်ရဲ့ ထုတ်ဝေခွင့်ကို ဆရာဖေမြင့်ရဲ့ အမည်နဲ့ ရရှိထားပြီး အယ်ဒီတာအဖွဲ့မှာတော့ အယ်ဒီတာချုပ်အဖြစ် ဆရာဖေမြင့်၊ ဒု-အယ်ဒီ တာချုပ် ကိုမော်လင်း၊ တာဝန်ခံအယ်ဒီတာအဖြစ် ကိုမင်းနိုင်စိုး၊ အတိုင်ပင်ခံအယ်ဒီတာတွေအဖြစ် မောင်ဝံသနဲ့ စာပေလောက ဦးမျိုးညွန့်၊ သရဖူကိုရဲတို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။ ဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ‘ပြည်သူ့ခေတ်’ ဂျာနယ်ရဲ့ အတိုင်ပင်ခံအယ်ဒီတာတဦးဖြစ်တဲ့ ဆရာမောင်ဝံသက အခုလို ပြောပါတယ်။
“ကျနော်တို့ကတော့ ပြည်တွင်းပြည်ပ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြီးတော့ အယူအဆရေးရာ၊ စာပေရေးရာ၊ ယဉ်ကျေးမှု အဲဒီလိုကဏ္ဍတွေ ခွဲထားတယ်။ လောလောဆယ် ကျနော်တို့တိုင်းပြည်မှာ လိုနေတာတော့ နိုင်ငံရေး အသိပညာပေးတာ။ နိုင်ငံရေးအသိပညာပေးတာကို တတ်နိုင်မျှတော့ ကျနော်တို့ ကြိုးစားပြီးထည့်မှာ၊ ကျနော်တို့ ဦးတည်တဲ့ စာဖတ်ပရိတ်သတ် ထဲမှာ လူငယ်တွေကိုလည်း အဓိက ထားတယ်။ လူငယ်တွေအတွက် အစီအစဉ်လည်း သတ်သတ် ကဏ္ဍသုံးခုခွဲထည့် ထားမယ်၊ အဲဒီအတွက်ကို ဦးစားပေးထည့်ဖို့ အစီအစဉ် ရှိပါတယ်။”
မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလောကမှာ စာပေစိစစ်ရေးရဲ့ ဆင်ဆာဖြတ်တောက်မှုတွေနဲ့ သာတူညီမျှမှုမရှိတဲ့ လုပ်ဆောင်ချက် တွေကြောင့် စာနယ်ဇင်းအားလုံး လွတ်လပ်ပွင့်လင်းစွာ ဖော်ပြခွင့်မရရှိကြတဲ့ အခြေအနေမှာ နိုင်ငံရေးအသားပေးဂျာနယ် ထုတ်ဝေဖို့ ပြင်ဆင်လာတာနဲ့ ပတ်သက်ပြီးတော့လည်း ဆရာမောင်ဝံသက
“စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်တာတော့ ဒါကျနော်တို့ သာမန်အားဖြင့် တိုင်းသူပြည်သားတွေလည်း သိပါတယ်။ ဒီအခြေအနေမှာပဲ လိုက်လျောညီထွေ ကျနော်တို့က နိုင်ငံရေးအသိပညာပေးတာကို အဓိက ဇောက်ချလုပ်မှာကိုး၊ ဒါက ပညာပေးတဲ့လုပ်ငန်းအဖြစ်နဲ့ဆိုရင် ဆင်ဆာရှစ်တွေ ဘာတွေ သိပ်ပြီးတော့ ညှိစရာ အကြောင်းမရှိပါဘူး။ အဲလိုမျှော်လင့်တယ်။ ငြိတယ်ဆိုရင်လည်း မထည့်နဲ့ဆိုလည်း မထည့်ဘူးပေါ့။”
ဒါ့အပြင် ‘ပြည်သူ့ခေတ်’ ဂျာနယ်အနေနဲ့ လက်ရှိအစိုးရက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအကြောင်းကို အဓိကထား ဖော်ပြမှာ မဟုတ်ဘဲ တိုင်းပြည်မှာ လိုအပ်နေတဲ့ အသိပညာပေးရေးကို ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ဆရာမောင်ဝံသ က ဆိုပါတယ်။
“ကျနော်တို့က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်းများစွာထဲမှာ အစိတ်အပိုင်း တခုပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍက ထိုက်သင့်သလောက်ပဲ ထည့်မှာပါ။ ကျနော်တို့ ရွေး ကောက်ပွဲကို ဦးတည်ပြီး ဒီဂျာနယ်ထုတ်တာ မဟုတ်ဘူး။ ကျနော်တို့က တိုင်းပြည်မှာ လိုအပ်နေတဲ့ နိုင်ငံရေးအသိပညာ ပေးရေး အဲဒီတာဝန်ကို ကျနော်တို့လည်း အုတ်တချပ် သဲတပွင့်အဖြစ် ထမ်းဆောင်တာပါ။”
ဆရာမောင်ဝံဟာ မြန်မာ့အလင်း၊ ဟံသာဝတီနဲ့ ဗိုလ်တထောင်သတင်းစာတို့ရဲ့ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး အတွေးအမြင်စာစဉ်ကို ၁၉၄၈ အောက်တိုဘာလမှာ စတင်ကာ စီစဉ် ထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင်ဆရာမောင်ဝံသဟာ နိုင်ငံရေးလောကအတွင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်း စည်းရုံးရေးမှူး၊ ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင်နဲ့ တတ်သိပညာရှင်၊ ဗဟိုအဖွဲ့ဝင်အဖြစ် ထမ်းဆောင်ခဲ့ဖူးသူတဦးလည်း ဖြစ်ပါတယ်။ အယ်ဒီတာချုပ် ဆရာဖေမြင့်ကတော့ လူငယ်ထုအတွက် စိတ်ရဓာတ်ရေးရာ လှုံ့ဆော်တဲ့ စာအုပ်တွေနဲ့ မူရင်းဝတ္ထုတို၊ ဘာသာပြန်ဝတ္ထုတို၊ အတ္ထုပ္ပတ္တိစတဲ့ စာအုပ်တွေကို အဓိကရေးသားခဲ့တဲ့ လူငယ်ထုအပေါ် သြဇာကြီးမားတဲ့ စာရေးဆရာတဦး ဖြစ်ပါတယ်။
Leave a Reply