အံ့ဘုန်းမြတ် ၁၅ ဇွန် ၂၀၁၀ (ဒီဗွီဘီ)
ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့်ပြုလုပ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီကြောင့် တိုင်းရင်းသားပါတီတွေအပါအ၀င် နိုင်ငံရေးပါတီတွေ စည်းရုံး လှုပ်ရှားရေး အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။ ပြည်နယ်နှင့်တိုင်း အချို့က မြို့တွေနဲ့ ကျေးရွာတွေမှာ နဂိုရှိရင်းစွဲ ပြည် ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းက သူတို့ပါတီအတွက် ပါတီဝင်တွေကို လိုက်လံစုဆောင်းနေတာကြောင့် တိုင်းရင်းသားပါတီတွေနဲ့ အခြားနိုင်ငံရေး ပါတီတွေ စည်းရုံးရေး အခက်တွေ့နေကြရပါတယ်။ ဒီလိုတွေ့ကြုံနေရတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ အခြေစိုက်ပြီး ၀ လူမျိုးစုတွေကို ကိုယ်စားပြု ဖွဲ့စည်းထားတဲ့ ၀ အမျိုးသားစည်း လုံးညီညွတ်ရေးပါတီက ဥက္ကဋ္ဌဖြစ်သူ ဦးလုပ်ပေါင်က အခုလို ပြောပြပါတယ်။
“တောင်ပေါ်မှာရှိတဲ့ ကျေးရွာတွေ ကျနော်တို့ ၀ လူမျိုးတွေ ရှိတဲ့နေရာတွေပဲ ကျနော်တို့သွားဝင်လှုပ်ရှားပါတယ်။ ကျနော်တို့ တောင် နောက်ကျနေတယ်။ သူတို့ကတော့ ရွာတိုင်း ၀င်ပြီးသား အားလုံးစာရင်းကောက်ထားပြီးနေပြီ၊ သွားတဲ့ အခါ သူတို့ကို ကြံ့ခိုင်ရေးက အားလုံးစာရင်းလာကောက်ထားပြီတဲ့ သူတို့ပြော တယ်လေ။ ကျနော်တို့ကတော့ မှတ်ပုံတင် ကျပြီးမှ သွားရတာကိုး၊ ကြံ့ခိုင်ရေးကတော့ အစောကတည်းက ကျေးရွာတိုင်းမှာ သူတို့ စာရင်းတွေ အားလုံးတော့ လာကောက်သွား ပြီလို့ ရွာကလူတွေ ပြောကြတာပေါ့။ ကျနော်တို့ ၀ ပါတီလည်း တမျိုးပေါ့လေ၊ နိုင်ငံတော် ခွင့်ပြုတဲ့အချိန်မှာ ကျနော်တို့ထဲလည်း ပါဝင်ခွင့်ရတဲ့အကြောင်း အဲဒီလို ပြောပြရတာပေါ့။”
ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီဟာ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်မြို့နယ်၊ သန်းယန်းမြို့နယ်၊ ကျိုင်းတုံ၊ လားရှိုး စတဲ့မြို့နယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတဲ့ ပါတီတစ်ခုလည်း ဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ဆိုရင်လည်း ပြည်ခိုင်ဖြိုးအသင်းက လူဦးရေစာရင်း ကောက်ခံပြီး ပြည်ခိုင်ဖြိုး အသင်းခေါင်းဆောင်တဦးကို ပါတီဝင်ဦးရေ ၅၀ ရရှိအောင် လုပ်ဆောင်ဖို့ အထက်က ညွှန်ကြားထားတာကြောင့် အသင်းဝင်တွေပါ အခက်တွေ့နေကြတယ်လို့ ဟားခါးမြို့ခံ တွေက ပြောပါတယ်။ ချင်းပြည်နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီနဲ့ အခြားပါတီတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဟားခါးမြို့ခံ နိုင်ငံရေးစိတ်ဝင်စားသူ အငြိမ်းစားအရာရှိတဦး ပြောပြရာမှာတော့
“ဒီဘက်မှာ စည်းရုံးလှုပ်ရှားမှုက ကြံ့ခိုင်ရေးကလည်း အရင်ကြံ့ခိုင်ရေးအသင်း ဖွဲ့တုန်းက ပုဂ္ဂိုလ်တွေကို ကြံ့ခိုင်ရေးပါတီကို လွှဲမယ်ဆိုပြီးတော့ ကြားတော့ ကိုယ်စားလှယ်လောင်းတွေကတော့ တယောက်မှာ လူ ၅၀ စီ အသစ်စည်းရုံးရမယ် ဆိုပြီးတော့ တာဝန်ပေးထားတယ်လို့ ကြားတယ်။ အဲဒါ စည်းရုံးတယ် ကြားတယ်။ ကြံ့ခိုင်ရေးပဲ အရဓိကဖြစ်နေတယ်။ အဲဒီတော့ ချင်းအမျိုးသားပါတီဆိုတာကတော့ တယောက်ချင်းကို ချဉ်းကပ်တယ်။ ဒါပေမယ့် လက်ခံတဲ့ လူတွေနည်းတော့ သိပ်ထင်ထင်ပေါ်ပေါ် မတွေ့ရသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေက သိပ်စိတ်မ၀င်စားကြသေးဘူး ဖြစ်နေတယ်။”
အလားတူ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ထူထောင်ထားတဲ့ ပါတီတွေအနေနဲ့လည်း မြို့တွေပေါ်မှာ ပါတီရုံးခွဲနဲ့ စည်းရုံးရေးမှူးထားရှိဖို့အတွက် ပြည်ခိုင်ဖြိုး ပါတီဝင်တွေကြောင့် အခက်တွေ့နေရပုံကိုလည်း ပြည်ထောင်စု ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်း က အခုလို ပြောပါတယ်။
“မြို့တွေက နယ်မြို့တွေဖြစ်တော့ ကြံ့ခိုင်ဖွံ့ရေးက အရင်အသင်းမှာ မြို့ရွာမှာ သြဇာညောင်းခဲ့တဲ့ လူပုဂ္ဂိုလ်တွေ ရှိတယ်။ အဲဒီ ပုဂ္ဂိုလ်တွေက မြို့ရွာတွေမှာ ကာလသားခေါင်းလိုမျိုး ဆိုင်ကယ်တစီးနဲ့ လျှောက်သွားနေပြီး ‘မင်းတို့ ကြံ့ခိုင်ဖွံ့ရေးပါတီ ဘက်ကပဲ ရပ်တည်ရမယ်’။ “ကျနော်တို့အတိုက်ခံ ဒီဘက်ပါတီတွေနဲ့ ဆက်ဆံရင် အဲဒီလူတွေရဲ့ ရပ်တည်ရေးအတွက် အခက်အခဲရှိတယ်။ အတိုက်ခံပါတီတွေကို ခေါ်သွင်းလာမယ်၊ လုပ်လာမယ်ဆိုရင် သူတို့ရဲ့ စားဝတ်နေရေး နေထိုင်မှုဘ၀တွေ ပျက်ပြားသွားနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးတွေ ခံစားနေကြရတယ်ဗျာ။ အဲဒီအတွက် ပါတီရုံးဖွင့်ဖို့ကိစ္စမှာ အခက်အခဲ ရှိနေတယ်။”
ဒီလိုဖြစ်ပေါ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ အားလုံးစုပေါင်းပြီး အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းနိုင်အောင် ကြိုးပမ်းလုပ်ဆောင်ကြဖို့ လိုတယ်လို့လည်း ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ကိုဖြိုးမင်းသိန်းက ဝေဖန်အကြံပြု ပြောဆိုလိုက်တာကတော့
“ဒီဟာအပေါ်မှာ ဝေဖန်ရမယ် ဆိုရင်တော့ အခု ဆောင်ရွက်တဲ့ ပုံသဏ္ဍာန်ဟာ ဒီရွေးကောက်ပွဲမှာ တဖက်စောင်းနင်းကို ဦးတည်လာတဲ့ ပုံသဏ္ဍာန်တွေကို တွေ့မြင်နေရတဲ့အတွက် ဒီရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်က မျှမျှတတဖြစ်အောင် ဆောင်ရွက်ပါလို့ ပြောချင်တယ်။”
လက်ရှိ အခြေအနေမှာတော့ ပြည်ခိုင်ဖြိုးပါတီ ရုံးခွဲတွေကို ‘နအဖ’ စစ်အစိုးရရဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံးတွေဖြစ်တဲ့ ‘မယက’ ‘ရယက’ ရုံးတွေမှာ ဖွင့်လှစ်ထားပြီး အဲ့ဒီ နိုင်ငံပိုင် အဆောက်အဦးတွေမှာပဲ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းသင်တန်းတွကို ကျေးရွာဒေသတွေက ပြည်ခိုင်ဖြိုးအသင်းဝင်တွေကို သင်ကြား ပို့ချပေးနေ တာလည်း ဖြစ်ပါတယ်။
Leave a Reply