အံ့ဘုန်းမြတ် ၁၅ ဇွန် ၂၀၁၀ (ဒီဗွီဘီ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဟောင်းတချို့ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု(အန်ဒီအက်ဖ်)ပါတီကို ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ပဲ ပါတီတည်ထောင်ခွင့် ပေးလိုက်ပါပြီ အမျိုသားဒီမိုကရေစီအဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်နဲ့ ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီကို ဒီနေ့မှာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ပါတီထူထောင်ခွင့်ပြုလိုက်တယ်လို့ ပြည်တွင်းထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဒီလိုပါတီထူထောင်ခွင့် ရရှိတာနဲ့ ပတ်သက်ပြီး အန်ဒီအက်ဖ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းငြိမ်းက
“ကျနော်တို့ကို မှတ်ပုံတင်ခွင့်ပြုတာပေါ့ဗျာ။ မှတ်ပုံတင်ပြီးတာတော့ မဟုတ်သေးဘူးပေါ့။ အဲဒီတော့ လိုအပ်တဲ့ဟာတွေ သူတို့တောင်းတာတွေ ပေးရဦးမှာပေါ့။ ကျနော်တို့ ပါတီနံပါတ် ၃၃ ပါတီခေါင်းဆောင်နဲ့ ဒု-ခေါင်းဆောင်ကို ကျနော်တို့ ဒီက အများသဘောတူ ရွေးထားတဲ့ဟာကို တင်ပြရမယ်။ နောက်ပြီးတော့ ကျနော်တို့ ပါတီရဲ့ ရည်ရွယ်ချက်၊ သဘောတရား၊ ခံယူချက်၊ လုပ်ငန်းစဉ် အဲဒါတွေ ကျနော်တို့ ပေးရမယ်၊ နောက်ပြီးတော့ ပါတီအလံတို့ တံဆိပ်တို့ အဲဒါတွေ တင်ပြရမယ်၊ ဒုတိယ အဆင့်ပေါ့။”
ပါတီထူထောင်ခွင့်ကို ကော်မရှင်က ခွင့်ပြုပြီးနောက်ပိုင်း နိုင်ငံရေးပါတီများ လုပ်ထုံးလုပ်နည်း ဥပဒေတွေအတိုင်း ဆက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။ နိုင်ငံရေးပါတီများ လုပ်ထုံးလုပ်နည်း ဥပဒေတွေမှာ ပါဝင်တဲ့ ပါတီမှတ်တင်ကြေး ငါးသိန်းနဲ့ ကိုယ်စားလှယ်လောင်းတဦးအတွက် အာမခံငွေ ငါးသိန်းထားရှိရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း အခြားပါတီသစ်များနည်းတူ အခက်အခဲ တွေ့ရှိမယ်လို့လည်း ဒေါက်တာသိန်းငြိမ်းက ပြောပါတယ်။
“ကျနော်တို့ကတော့ အခက်အခဲတွေ့မှာပေါ့ဗျာ ငွေရေးကြေးရေးကတော့၊ ကျနော်တို့တင် မကပါဘူး အခြားပါတီ တော်တော်များများလည်း တွေ့ကြမှာပါ။ အဲဒီတော့ ကျနော်တို့မှာ အဲဒီအခက်အခဲကိုတော့ လုံးဝကျော်လွှားနိုင်ဖို့တော့ မလွယ် ဘူးပေါ့ဗျာ။ သို့သော်လည်းပဲ ကျနော်တို့မှာ ဒီကျနော်တို့ကို ထောက်ခံတဲ့ ပါတီဝင်တွေရှိမယ်၊ နောက်ပြီးတော့ ပြည်သူထဲကလည်း ထောက်ခံသလောက် ထောက်ခံမယ်ဆိုတာ မျှော်လင့်ပြီးသားပဲလေ၊ အဲဒီတော့ သူတို့ရဲ့ အကူအညီနဲ့ ကျနော်တို့ ချထားတာက ကိုယ်ဟာကိုယ် ဖြေရှင်းကြဖို့၊ ဆိုလိုတာကတော့ ကိုယ့်ဒေသမှာ ကိုယ့်အတွက်လိုအပ်တဲ့ ရံပုံငွေ ကိုယ့်ဟာကိုယ် အဓိကထားပြီး ရှာကြရမှာ လွှတ်တော်ကိုယ်စားလှယ်ရော အဲဒီမှာ လုပ်နေကြတဲ့ ကျနော်တို့ ပါတီဝင်တွေရော ကိုယ့်အားကိုယ်ကိုးပြီးတော့ လုပ်ကြမှာပေါ့။”
နအဖစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် လွှတ်တော်အတွင်း အရပ်သားဒီမိုကရေစီ အင်အားစု အနည်းငယ်ပဲ ပါဝင်နိုင်မယ်လို့ နိုင်ငံရေးလောကအတွင်း ခန့်မှန်းနေကြတဲ့ အပေါ်ကိုလည်း အန်ဒီအက်ဖ်ပါတီရဲ့ အ မြင်ကိုလည်း ဒေါက်တာသန်းငြိမ်းက
“လွှတ်တော်ထဲမှာ ကျနော်တို့ အများစု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ရလျှင်လည်း ရတဲ့အလျောက် ကျနော်တို့ လုပ်ကြမှာပေါ့ဗျာ။ မရဘူးဆိုရင်လည်း မရတဲ့အလျောက် ကျနော်တို့ လုပ်စရာရှိတာ လုပ်သွားမှာပဲ။ ကျနော်တို့က ဒီရွေး ကောက်ပွဲဟာ ဒီမိုကရေစီရမယ်။ လွှတ်တော် ရောက်လို့ရှိရင် ဒီမိုကရေစီ ပေါ်ပေါက်လာမယ်လို့ ကျနော်တို့ ယုံကြည်ပြီး လုပ်နေတာ မဟုတ်ဘူးလေ။ ကျနော်တို့ ရှေ့မှာ သွားရမယ့်လမ်းက အများကြီးရှိသေးတယ်။ အဲဒီလို ရှေ့မှာ လုပ်သွားရမယ့်ကိစ္စမှာ ကျနော်တို့ ပါတီတခုအနေနဲ့ ဥပဒေဘောင်ထဲကနေပြီးတော့ ဒီမိုကရေစီအတွက် ပီပီပြင်ပြင် လုပ်သွားဖို့ လိုအပ်တဲ့ ပါတီတခုဟာ ရှိနေ သင့်တယ်လို့ ယုံကြည်ပြီး ကျနော်တို့ လုပ်တာပဲ။ အထူးသဖြင့် ကျနော်တို့ အခုလို ခင်းထားတဲ့လမ်းကို ကျနော်တို့ မလုပ်နိုင်ဦးတောင်မှ နောက်မျိုးဆက်သစ်တွေက ဆက်ပြီးတော့ လျှောက်နိုင်အောင် ကျနော် တို့က ဒါ လမ်းစဖော်တဲ့ သဘောပါ။ အဲဒီတော့ ကျနော်တို့မှာ ဘာမှ သိပ်ပြီးတော့ မျှော်လင့်ချက် ကြီးကြီးမားမားနဲ့ ကျနော်တို့ လောဘတကြီး လုပ်နေတာ မရှိပါဘူး။”
လက်ရှိအခြေအနေမှာ နအဖစစ်အစိုးရ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ ဆက်လက် တည်ထောင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၄၂ ခု ရှိပါပြီ။ အဲ့ဒီထဲမှ ပါတီသစ် ၃၃ ပါတီပါဝင်ပြီး ၃၂ ပါတီကို မှတ်ပုံ တင်ခွင့် ပြုပြီးဖြစ်တယ်လို့ ရွေးကောက်ပွဲကျင်းပရေးမရှင်ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
Leave a Reply