အံ့ဘုန်းမြတ် ၁၇ ဇွန် ၂၀၁၀ (ဒီဗွီဘီ)
သရုပ်ဆောင် ထက်ထက်မိုးဦးက သတင်းထောက်တဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ရိုက်နှက်ခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကင်းမြို့နယ်တရားရုံးက ဒီကနေ့မှာပဲ တရားလို၊ တရားခံနှစ်ဘက် စစ်ဆေးဖို့ ဒီကနေ့မှာ ချိန်းဆိုခဲ့ပေမယ့် တရားခံဘက်က ပျက်ကွက်ခဲ့တာကြောင့် ရုံးချိန်း ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။ ဒီလိုရွှေ့ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး 7 Day Nes Journal ဂျာနယ် အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က အခုလိုပြောပါတယ်။
“သူမလာဘူး မလာတော့ ၂၈ ရက်နေ့တခါ ပြန်ချိန်းတယ်။ သူ့ကို စာပို့တာ သူမရှိနေဘူး။ ဒီလိပ်စာမဟုတ်ဘူးလို့ ပြောတယ်။ တရားရုံးက ပြန်လာတယ်ပြောတယ်။ သူ့ကို ဒုတိယအကြိမ် ‘ရယက’ ရုံးကတဆင့် ပြန်ပို့မယ်ပြောတယ်။ နောက် တတိယအကြိမ် သူလာ မလာဆိုတာ စောင့်ရမယ်။ နောက်ရုံးချိန်းတွေ ဆက်သွားရအုံးမယ်။ ရုံးမှာ စာကပ်ထားတယ်။ တရား ခံရဲ့လိပ်စာ ပြန်ရှာပေးပါရန်ဆိုပြီး တရားလိုဘက်ကို ရှာခိုင်းတယ်။ သူတို့ကိုတော့ ကိုယ်ရှာရတဲ့ လိပ်စာပေးပြီးသားဆိုတော့ အခုတော့ နောက်တကြိမ် ထပ်ပို့မယ် ပြောတယ်။ ဘာမှ ဒီနေ့တော့ စကားတောင် မပြောခဲ့ရဘူး။”
7 Day Nes Journal ဂျာနယ် အယ်ဒီတာ မငြိမ်းငြိမ်းနိုင်ပြောကြားခဲ့တာပါ။ ရုံးချိန်းအခြေအနေကိုလည်း ကိုယ်တိုင်ရောက်ရှိခဲ့တဲ့ သတင်းထောက်တဦးက
“မီဒီယာကတော့ တော်တော်စိတ်ဝင်စားကြတယ်။ အခုဂျာနယ်တိုက် တော်တော်များများ လာကြတယ်ဆိုတဲ့ အနေအထား မှာလည်း ကြည့်လို့ရတယ်။ ဂျာနယ်တိုက်ကတော့ ၈ တိုက်လောက်လာတယ်။ လူဦးရေအရ ပြောရရင် အယောက် ၂၀ လောက်တော့ လာကြတယ်။ ၂၀ လောက်လာတဲ့အထဲမှာလည်း တက်တက်ကြွကြွကိုလာကြတဲ့ အနေအထားတွေပဲ အခုအနေအထား ဘယ်လိုလည်းဆိုတော့ သူအိမ်မှာမနေဘူးတဲ့ ဟော်တယ်တွေပဲ လိုက်နေနေတယ်ဆိုတာကိုပဲ ပြောနေကြတယ်။”
သတင်းထောက်တဦးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးကို ရန်ကင်းမြို့နယ်တရားရုံး က ပုဒ်မ-၃၂၃ နာကျင်စေမှုနဲ့ ပုဒ်မ-၅၀၆ ခြိမ်းခြောက်မှုစတဲ့ ဥပဒေပုဒ်မတွေနဲ့ အမှုလက်ခံခဲ့တာဖြစ်ပြီး သုံးကြိမ်တိုင် သမ္မန်စာနဲ့ ဆင့်ခေါ်ဦးမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှ တရားရုံးက ထက်မံဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ဥပဒေအကြံပေး တဦးက ဆိုပါတယ်။ အမှုချိန်ပျက်ကွက်ခဲ့တာနဲ့ပတ်သက်ပြီး သရုပ်ဆောင်ထက်ထက်မိုးဦးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
Leave a Reply