အံ့ဘုန်းမြတ် ၁၄ ဇွန် ၂၀၁၀
http://burmese.dvb.no/news.php?id=11192
ဝါရင့် နိုင်ငံရေးသမားကြီး ဦးအောင်မြင့် အသက် ၈၇ နှစ် ကွယ် လွန်သွားတယ်လို့ သိရပါတယ်။ ၀ါရင့်နိုင်ငံရေးသမားကြီး ဦးအောင်မြင့် အသက် ၈၇ နှစ်ဟာ ဒီနေ့ ရန်ကုန်ဆေးရုံကြီးမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ ဒါနဲ့ပတ် သက်ပြီး မိသားစုဝင်တဦးက
“ဒီနေ့ ရန်ကုန်ဆေးရုံကြီးမှာ လူကြီးရောဂါနဲ့ ဆုံးပါတယ်။ ပထမတော့ သွေးတိုးတာပါပဲ။ သွေးတိုးတာများတာပေါ့နော်၊ အခါတိုင်းလည်း အရင်သွေးတိုးရှိတာကိုး။ သွေးတိုးရှိရင်းကနေပြီးတော့ အဲဒီ အာရုံကြောတွေအားနည်းသလို ဖြစ်လို့ ဆေးရုံ တင်လိုက်တယ်။ ဒီကြားထဲမှာတော့ သူသွားလာနေတာပဲလေ။ ရုတ်တရက်ဆိုတာ ၀ုန်ဒိုင်းဖြစ်တာတော့ မဟုတ်ဘူးလေ။ ဆေးရုံမှာ ၅ ရက်လောက် တက်သွားသေးတယ်။”
ဦးအောင်မြင့်ဟာ ၁၉၄၆ ခုနှစ် ဆိုရှယ်လစ်ပါတီမှာ ပါဝင်ဆောင်ရွက်ခဲ့ပြီး၊ ၁၉၅၀ ခုနှစ် သခင်လွင်နဲ့ သခင်ချစ်မောင်တို့ ဆိုရှယ်လစ်ပါတီက နှုတ်ထွက်ပြီး အလုပ်သမား၊ လယ်သမားအစည်းအရုံးကို ထူထောင်ရာမှာလည်း သခင်လွင်နဲ့ အတူ အလုပ်သမားအစည်းအရုံးမှာ ခေါင်းဆောင်တဦးအနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု အချိန်ကာလအတွင်းမှစပြီး သခင်သိန်းဖေ၊ သခင်ချန်ထွန်းစတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ ဦးအောင် မြင့်ဟာ ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဦးအောင်မြင့်ဟာ ဒီအဖွဲ့ကနေ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတဲ့အရာတွေကို မကွယ်လွန်မီအချိန်အထိ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့ လုပ်ဖော်ကိုင်ဘက်တဦး ကွယ်လွန်သွားတဲ့အပေါ် ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များကိုယ်စား ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက အခုလို ၀မ်းနည်းစကား ဆိုပါတယ်။
“တပ်မတော်က သူတို့ပါတီကပဲ တရားသဖြင့်မဟုတ်ဘဲနဲ့ အကွက်အမျိုးမျိုးနဲ့ ဆင်ပြီးတော့ လုပ်သွားရင်တော့ ဒါက တိုင်းပြည် နစ်နာမှာပဲလေ။ အဲဒီလိုမျိုး လုပ်ဖို့မသင့်တဲ့အကြောင်းတွေကို ၀ါရင့် နိုင်ငံရေးသမားတွေက တိုက်တွန်းနှိုးဆော် နေပါတယ်။ မေတ္တာရပ်ခံနေပါတယ်။ တရားမျှတပြီး လွတ်လပ်တဲ့ ဒီမိုကရေစီလုပ်ပေးဖို့ပဲ တိုက်တွန်းနေပါတယ်။ ဒီလိုအချိန်မှာ ဦးအောင်မြင့်က ရဲဘော်ကြီးတဦးအနေနဲ့ ဆုံးရှုံးသွားတော့ ဒါက ၀ါရင့်နိုင်ငံရေးသမားတွေအတွက် ဆုံးရှုံးမှုကြီးတရပ်ဖြစ်သလို ဒီမိုကရေစီရရှိရေးတွက် လိုလားတောင့်တတဲ့ ပြည်သူလူထုကြီးအတွက်လည်း ဆုံးရှုံးမှုကြီးတရပ်လို့ပဲ ဒီလိုပဲ မြင်ပါတယ်။”
ဦးအောင်မြင့်ရဲ့ ဈာပနကို ဒီလ ၁၆ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ အမှတ်-၆၊ အရှေ့ မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ရှိ နေအိမ်ကနေ ရေဝေးသုသာန်ကို ပို့ဆောင် မီးသဂြိုဟ်မှာဖြစ်တယ်လို့ သိရပါတယ်။
Leave a Reply