အံ့ဘုန်းမြတ် ၁၀ ဇွန် ၂၀၁၀
http://burmese.dvb.no/news.php?id=11149
အမေရိကန်အထက်လွှတ်တော် မစ္စတာဂျင်မ်ဝက်ဘ်က နအဖစစ် အစိုးရအနေနဲ့ ရွေးကောက်ပွဲကို ၁၀ ရက် ၁၀ လ ၂၀၁၀ မှာ ကျင်းပပြုလုပ်ပေးလိမ့်မယ်လို့ ပြောကြားလိုက်တာနဲ့ ပတ်သက်ပြီး ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေက နောက်ဆုတ်ပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။ အမျိုးသားနိုင်ငံရေးသမားကြီး ဦးဝင်နိုင်က ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ တောင်းဆိုလိုက်တဲ့ အကြောင်းကို ခုလိုပြောပြပါတယ်။
“မစ္စတာ ဂျင်မ်ဝက်က သူ့အနေနဲ့တော့ ခိုင်လုံသော သတင်းဌာနများက ရတယ်ဆိုပြီး ပြောလိုက်တယ် ဆိုတဲ့ဟာက ဒါ ကျနော်တော့ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ ဒီအာဏာပိုင်များ အနေနဲ့လည်း ဒါကိုပြန်ပြီး စဉ်းစားကြပါဦး။ စဉ်း စားကြပြီး တတ်နိုင်သမျှ အချိန်ကို နောက်ကို ရွှေ့စေချင်ပါတယ်။ ရွေးကောက်ပွဲတခုကို အနည်းဆုံး ၈ လကနေ၊ တနှစ်လောက်အထိ ပြင်ဖို့ ဆင်ဖို့ အချိန်မပေးဘဲနဲ့ ကျင်းပမယ်ဆိုရင် ပြည်သူလူထုရဲ့ အကျိုးဆန္ဒ ကောင်းကျိုးဖြစ်စေမယ့် ရွေးကောက်ပွဲမျိုး ဖြစ်လာနိုင်ဖို့ အလားအလာ အင်မတန်နည်းပါတယ်။ ဒါကြောင့်မို့ အာဏာပိုင်များအနေနဲ့ ဒီရွေးကောက်ပွဲကို ဖြစ်နိုင်ရင်တော့ ၂၀၁၀ မှာတောင် မလုပ်ပါနဲ့ ၂၀၁၁ ထဲကိုသာ ရွှေ့လိုက်ပါလို့ ကျနော်တိုက်တွန်းချင်ပါတယ်။”
လက်ရှိ အခြေနေတွေမှာတော့ အသစ်ဖွဲ့စည်းတဲ့ နိုင်ငံရေးပါတီတွေနဲ့ သူတို့ရဲ့ပါတီထူထောင်ရေးကိစ္စတွေကို ပြီးပျက်အောင် မဆောက်ရွက်နိုင်သေးသလို ဒီရက်ပိုင်းမှာသာ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်မယ်ဆိုရင် မဲပေးရမယ့် ပြည်သူတွေအနေနဲ့ ပါတီတွေအကြောင်းကို ဂဃနဏမသိဘဲ မဲပေးကြရမှာ ဖြစ်တယ်လို့လည်း ဦးဝင်းနိုင်က ပြောပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စုအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ကိုအေးလွင်ကလည်း
“ကျနော်တို့က မိုးထဲရေထဲ ရောက်နေတာလည်း တကြောင်း၊ ဒီကြားထဲမှာ ကျနော်တို့က အချိန်က လုံလုံလောက်လောက် မရဘဲနဲ့ ဒီပါတီတွေကိုတခါတည်း ရွေးကောက်ပွဲထဲကို တွန်းတင်ထည့်လိုက်မယ်ဆိုရင့် ကျနော်ထင်တယ် ဒီ ၂၀၁၀ ရွေးကောက်ပွဲ တော်တော်လေး ကသိကအောက်တော့ ဖြစ်ကြမှာပါ။ အဲတော့ ကျနော်တို့ အမြင်အရပြောရရင် အချိန်တော့ ထပ်တိုးဖို့ လိုလိမ့်မယ်လို့ ကျနော်တို့မြင်တယ်။ မြို့နယ်ပေါင်း ၃၃၀ ကို ပါတီဆိုက်တွေ ဖွင့်မယ်ဆိုရင် တကယ်ဆိုရင် ရက် ပေါင်း ၁၅၀ လောက်၊ ၂၀၀ လောက်နဲ့ ဘာမှလုပ်မရဘူးလေ။ တမြို့နယ် တရက်ပဲထားဦး ပါတီခေါင်းဆောင် တယောက်အနေနဲ့ သွားမယ်ဆိုရင် ရက်ပေါင်း ၃၀၀ ကျော် လောက်ရမှ အဲဒါတောင်မှ ကျနော်တို့ လုံလောက်မယ် ထင်တယ်။ အဲတော့ အချိန်ကတော့ ထပ်လိုတာပေါ့ဗျာ ပွင့်ပွင့်လင်းလင်းပြောရရင်။”
အမျိုးသား နိုင်ငံရေမဟာမိတ်များအဖွဲ့ချုပ်က ဦးအုန်းလွင်ကတော့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေအနေအရပဲ လှုပ်ရှားသွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သွားရမယ့် အနေအထားက ကျနော်တို့ စိတ်ကြိက်ပဲ စဉ်းစားလို့ မရဘူး။ political climate (နိုင်ငံရေး အခြေအနေ) အနေအထားအရ လုပ်တဲ့အနေအထားပေါ်မှာ ကျနော်တို့ လိုက်ဆောင်ရွက်ရမှာ၊ နောက် second term, Third term ကျမှ တကယ့် perfect အပြည့်တဲ့ ရွေးကောက်ပွဲ တခုဖြစ်မှာ။ အခုကတော့ စစချင်း ကျနော်တို့လည်း အကြမ်းနဲ့ ၀င်ခဲ့ရတာ။ ဒီရက်မှာ လုပ်မယ်ဆိုတာ ကျနော်တို့က အရင်တုန်းက ဟာသပြောခဲ့တာ၊ ရှစ်လေးလုံး၊ ကိုးလေးလုံး၊ ဆယ်လေးလုံး၊ ပြော နေကြတာ၊ ဒါပေမယ့် မဖြစ်ဘူး ဖြစ်မယ်ဆိုတာတော့ ဒီနိုင်ငံတော်အစိုးရအနေနဲ့က အင်မတန် လျို့ဝှက်တယ်ဆိုတော့ ကျနော်တို့က ဒါကိုသေသေချာချာ မသိပါဘူး။ ဖြစ်လည်း ကျနော်တို့ လုပ်ကြရမှာပေါ့၊ အဲလောက်ပဲ ကျနော်တို့က မှန်းထားတာပါ။”
လက်ရှိအခြေအနေမှာ နအဖစစ်အစိုးရ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်မှာ ပါတီထူထောင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၄၂ ပါတီရှိပြီ ဖြစ်ပြီး အဲ့ဒီအထဲမှာ နိုင်ငံရေးပါတီသစ် ၃၂ ပါတီ ပါဝင်နေပါတယ်။ အဲ့ဒီထဲက ၃၁ ပါတီကို ပါတီထူ ထောင်ခွင့် ခွင့်ပြုပြီး ဖြစ်ပါတယ်။
Leave a Reply