အံ့ဘုန်းမြတ် ၁ဝ ဇွန် ၂ဝ၁ဝ
http://burmese.dvb.no/news.php?id=11147
မနက်ဖြန်မှာ တောင်အာဖရိကနိုင်ငံမှာ ကမ္ဘာ့ဖလားဘောလုံးပွဲ စတင်ဖွင့်လှစ်ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ လေးနှစ်မှတကြိမ် ကျင်းပလေ့ရှိတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြည့်ရှုအားပေးနိုင်ဖို့ မြန်မာပြည်သူတွေ လျှပ်စစ်မီး အခက်အခဲတွေကြားက ပြင်ဆင်နေကြပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပဖို့ တစ်ရက်အလိုမှာပဲ မြန်မာနိုင်ငံရဲ့ မြို့တော် ရန်ကုန်အပါအဝင် အမြို့မြို့အနယ်နယ်က ဘောလုံးဝါသနာပါတဲ့ ပြည်သူတွေ စောင့်မျှော်ကြည့်ရှု့ဖို့ ပြင်ဆင်နေကြပါတယ်။ အစိုးရပိုင် မီဒီယာတွေဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီတို့ကနေလည်း ဘောလုံးပွဲစဉ်တွေကို ထုတ်လွှင့်ပြသဖို့ရှိ နေပေမယ့်လည်း မြန်မာပြည်သူအများစုကတော့ လျှပ်စစ်မီးမလာတာကြောင့် ဘောလုံးပွဲကြည့်ဖို့ အခက်အခဲတွေ့ နေကြရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မန္တလေးမြို့က ဘောလုံးဝါသနာရှင်တဦးက
“လျှပ်စစ်မီးကတော့ ဘယ်လိုမှ အခုချိန်ထိတော့ လုံးဝအဆင်မပြေသေးဘူး။ သူတို့ ဘယ်လိုလုပ်ကြမလဲတော့ မပြောတတ်ဘူး။ တော်တော်များများကတော့ မီးစက်ရှိတဲ့လူက မီးစက်မရှိတဲ့လူတော့ အင်ဗာတာပေါ့။ မီးစက်ဆိုရင်လည်း ညဆိုရင် သိပ်တော့အဆင်မပြေဘူး။ ပွဲက ည ၁ နာရီခွဲဆိုတော့ ဆူညံနေမှာလေ။ ဘေးပတ်ဝန်းကျင်နဲ့ဆိုရင်လေ အင်ဗာတာရှိရင်တော့ အဆင်ပြေမှာပေါ့။”
ငွေကြေးတက်နိုင်သူ အချို့ကတော့ ‘မာဆတ်’ လို့ခေါ်တဲ့ အနှိပ်ခန်းတွေနဲ့ ကာရာအိုကေဆိုင်တွေမှာ နာရီနဲ့ကြည့်မယ့် သူတွေရှိသလို လျှပ်စစ်မီးအခက်အခဲကြောင့် အိမ်မှာမကြည့်နိုင်တဲ့သူတွေကတော့ လက်ဘက်ရည်ဆိုင်တွေက ပြတာကို အားကိုးရမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
“အနှိပ်ခံပြီးတော့ ကြည့်လို့ရတယ်။ တည်းခိုခန်းမှာသွားပြီးတော့ ၂ ယောက်ခန်းမှာလည်း ကြည့်လို့ရပါတယ်။ အဲလိုပုံစံမျိုးကတော့ လူအနည်းစုပါ။ အိမ်မှာ မကြည့်နိုင်တဲ့လူက ဘောပွဲဝါသနာပါတဲ့ လူကတော့ လဘက်ရည်ဆိုင်နဲ့ ဘီယာ ဆိုင်ကို အားကိုးရမှာပေါ့။ မြို့ထဲ ဧရိယာဆို ဆိုင်များတာပေါ့။”
ကမ္ဘာ့ဘောလုံးပွဲဟာ နာမည်ကျော် ကမ္ဘာဘောလုံးအသင်းတွေအတွက် ကစားသမားအသစ်တွေကို မွေးထုတ်ပေးတဲ့ ပွဲလည်းဖြစ်ပြီး နိုင်ငံဂုဏ်အတွက် နိုင်ငံတိုင်းလိုလိုကလည်း ဒီပွဲက ချီးမြှင့်တဲ့ ဆုကိုရရှိဖို့ အကြိတ်အနှယ် ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး မြန်မာဘောလုံးပရိသတ်တချို့ရဲ့ ခန့်မှန်းချက်တွေကတော့
“စလောင်းတွေဘာတွေနဲ့တော့ အကုန်လုံးကြည့်ကြမှာပေါ့။ လက်တင်က နိုင်ငံတွေရယ် အီတလီ၊ အဲဒါတွေတော့ ကြိုက်တယ်။ တချို့က ခြေစစ်ပွဲမှာ တအားကောင်းပြီးတော့ အပေါ်ကျမှ ဖျင်းတာတွေရှိတယ်။ နောက်ထပ် ခန့်မှန်းတာတော့ အင်္ဂလန်၊ ဘရာဇီးပေါ့၊ စပိန်လည်းကောင်းတာပဲ။ ဘရာဇီးကတော့ ထုံးစံအတိုင်း ဘောလုံးထဲမှာ ဆရာကြီးပဲ။”
ဒီလို အရှိန်အဝါကြီးတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲနဲ့အတူ ‘ကျွဲကူးရေပါ’ ဆိုသလို ပေါ်ပေါက်လာတာကတော့ ဘောလုံးလောင်းကစားတွေပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း မန္တလေးမြို့ခံ အားကစားဝါသနာရှင်က
“မောင်းရှိတယ်။ မောင်းစာရွက်ကတော့ အခုထွက်နေတာတော့ အကုန်မှန်မှ တပွဲရှုံးတာနဲ့ အကုန်ပျက်။ အကုန်လုံးမှန်ရင် ပြားနိုင်၊ ပြားရှုံးကအစ ပြန်တွက်တယ်။ အားလုံးနိုင်ရင် ၁ဝဝဝ လောင်းရင် ၅ ခုဆိုရင် ဆတိုးတက်သွားတယ်၊ အဲဒါမျိုးပေါ့။ နောက်တော့ ဘောဒီပေါ့ ဘောဒီဆိုတာ တသင်းနဲ့တသင်း ကိုယ်ကြိုက်တဲ့ဘက်နေ၊ ကြိုက်တဲ့ဈေးနဲ့ပေါ့၊ ကြိုက်သလောက်လောင်း၊ အဲဒါတော့ အဆမပါဘူး၊ အဲလိုလောင်းကြတာ။”
ဘောလုံးပွဲရာသီအတွင်းမှာပဲ ဒေသဆိုင်ရာ အာဏာပိုင်တွေကိုယ်တိုင် ဘောလုံးဒိုင်တွေဆီကနေ လာဘ်ငွေယူ ခွင့်ပြုတာတွေလည်း ပိုမိုများပြားလာပြီး အချို့အရာရှိတွေဆိုရင် လာဘ်ငွေရရှိတဲ့ငွေနဲ့ ဘောလုံးပွဲပြန်လောင်းတာမျိုးတွေအထိ ရှိတယ်လို့လည်း ဘောလုံးလောင်းကစားဒိုင်တွေနဲ့ နီးစပ်သူအချို့က ပြောပြကြပါတယ်။
Leave a Reply