စာပေ, ဆောင်းပါး, ရွေးကောက်ပွဲ, နိုင်ငံရေး

လွတ်လပ် တရားမျှတ ဆိုရာဝယ်


ရွေးကောက်ပွဲ နှစ်နှစ်ဆယ်ကျော်ကြာအောင် မရှိခဲ့တဲ့ ကျွန်တော်တို့နိုင်ငံမှာ အာဏာရှင်အစိုးရဖြစ်တဲ့ နအဖအစိုးရ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်အတွင်းမှာ ကျင်းပပြုလုပ်ပေးမယ်လို့ ပြောဆိုပြီး နိုင်ငံရေးပါတီထူထောင်ခွင့်နဲ့ လုပ်ထုံးလုပ်နည်းဥပဒေတွေကို ထုတ်ပြန်ပေးပြီး ပါတီထူထောင်ခွင့် ပေးခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတော့ အာဏာလွှဲပြောင်းမပေးပဲ နှစ်နှစ်ဆယ်ကျော်ကြာ အာဏာရယူထားခဲ့ရာက အခုလို သမိုင်းဂွင်းဆက်ဖြတ်ပြီး ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုကာလအတော်ကြာအောင် ရွေးကောက်ပွဲနဲ့ ကင်းကွာခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကြောင့် နိုင်ငံရေးအခင်းအကျင်းသစ်တွေ ပြောင်းလဲလာလိမ့်မယ်လို့ ယူဆတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ မီဒီယာသမားတွေကိုလည်း တွေ့ရပါတယ်။ ဒီအခြေအနေမှာပဲ ကျွန်တော် ဆရာမောင်ဝံသရဲ့ “လွတ်လပ်တရားမျှတ ဆိုရာဝယ်” ဆောင်းပါးကို ကိုမျိုး (မြန်မာစာ) ရဲ့ Facebook မှာ တင်ထားတာ တွေ့လိုက်ရပါတယ်။ ဒီဆောင်းပါးမှာတော့ ဆရာမောင်ဝံသက စာရေးဆရာ မိုးမြင့်ဝင်း (သိပ္ပံ/နည်းပညာ) ရဲ့ ဆောင်းပါးတစ်ပုဒ်ကို သမိုင်း အချက်အလက်တွေနဲ့ ဝေဖန်ထောက်ပြထားတာကိုတွေ့ရပါတယ်။ ဒီထဲမှာ ဆရာထောက်ပြတဲ့ အချက်အလက်တွေကို သတိထား ဖတ်ရှု့လေ့လာနိုင်ဖို့ ကျွန်တော် ဘလော့ခ်ကနေ ပြန်တင်ပေးလိုက်ရတာဖြစ်ပါတယ်။ (အံ့ဘုန်းမြတ်)

လွတ်လပ် တရားမျှတ ဆိုရာဝယ်

မောင်ဝံသ

”ဆိုရေးရှိက ဆိုအပ်လှ၏။ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန် ရှိခဲ့” ဟူသော ရှေးစာဆိုကြီးများရဲ့ သြဝါဒကို ခံယူထားတဲ့အလျောက် ရေးဖော် ဆောင်းပါးရှင်အချို့ရဲ့ ရေးသားချက်အချို့နဲ့ ပတ်သက်ပြီး ဆွေးနွေးသင့်တယ်လို့ ယူဆမိတာ လေးတွေကို ကျွန်တော် ပါဝင် စောဒကပြုခဲ့တာ နှစ်ကြိမ်သုံးကြိမ် ရှိခဲ့တယ်။ တချို့ကတော့ သဘော ကျတယ်။ တချို့ကလည်း ကိုယ့် ဘာသာ ရေးစရာရှိတာရေးစမ်းပါ။ သူများကိစ္စတွေ ဝင်မပါစမ်းပါနဲ့လို့ ဆုံးမကြတယ်ဗျ။ အဲသလို ကြားထဲ က အခု ဝင်ပြောချင်တာလေး တစ် ချက်နှစ်ချက်တွေ့လာပြန်လို့ ပြော မိပြန်ပါပြီ။

ဒုတိယကမ္ဘာစစ် မတိုင်မီက မြန်မာ့ရှေးဦးကာတွန်းဆရာကြီး ရွှေတလေးဦးဘကလေး ပင်တိုင်ကာတွန်းတစ်ခုမှာ ”ကမ္ဘာသူ ဓာတ်မှန်ပြသည်သို့  အမှားကို အမှန်ကျအောင် ရေးရသည်ပဲ” လို့ စာချိုးလေး ပုံသေထည့်တာ တွေ့ရဖူးတယ်။ ယခုလည်း အမှားကို အမှန်ကျအောင် ရေးလိုက် ရတာပါ။
အကြောင်းကတော့ ၃ ဇွန် ၂ဝ၁ဝ နေ့ထုတ် ပေါ်ပြူလာနယူးစ် ဂျာနယ်ပါ မိုးမြင့်ဝင်း (သိပ္ပံ/နည်း ပညာ)ရေး ”နိုင်ငံရေးပါတီသစ်များ ပါတီနာမည် ဘယ်လိုပေးမလဲ” ဆောင်းပါးကို အကြောင်းပြုပါတယ်။
မိုးမြင့်ဝင်း (သိပ္ပံ/နည်းပညာ) အမည်ကိုသတိထားမိတာ အတော်ကြာပါပြီ။ ယနေ့ခေတ် နိုင်ငံရေး ဆောင်းပါး ရေးသူအရေအတွက် နည်းနည်းလေးထဲမှာ တစ်ယောက် အပါအဝင် ဖြစ်တယ်။ သူရေးတဲ့ ဆောင်းပါးတွေဟာ လူအများ သိ သင့်သိထိုက်တဲ့ အချက်အလက် တွေကို သေသေချာချာ ရှာဖွေ ဖတ်ရှုပြီးရေးတယ်ဆိုတာပေါ်လွင်တယ်။ ကျွန်တော် ပုံမှန်ဖတ်တဲ့ ကလောင်ထဲမှာ မိုးမြင့်ဝင်း (သိပ္ပံ/ နည်းပညာ) ပါပါတယ်။
အခုဆောင်းပါးမှာ ကျွန်တော် စောဒကတက်ချင်တဲ့ အရေးအသား ကတော့ ၁၉၆ဝ ပြည့်နှစ် ရွေး ကောက်ပွဲနဲ့စပ်လျဉ်းပြီး သူ့ရဲ့တင်ပြပုံ ဖြစ်ပါတယ်။

မိုးမြင့်ဝင်း (သိပ္ပံ/နည်းပညာ)က ”နှစ်ပေါင်း ၅ဝ ကြာပြီဖြစ်တဲ့ ၁၉၆ဝ ခုနှစ်ပါတီစုံခေတ်ဟောင်းက နောက်ဆုံး ရွေးကောက်ပွဲကြီးဟာလည်း စံပြရွေးကောက်ပွဲကြီးဖြစ်လို့ လေ့လာရမယ်” ”၁၉၆ဝ ခုနှစ်မှာ ဗိုလ် ချုပ်ကြီးနေဝင်းဦးစီးတဲ့ အိမ်စောင့် အစိုးရရဲ့ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးဟာ အလွတ်လပ်ဆုံးနဲ့ တရားမျှတဆုံး ရွေးကောက်ပွဲလို့ ကမ္ဘာကလည်း အသိအမှတ်ပြုခဲ့တာပဲ။ ဒါတောင် အသေးအဖွဲ တိုင်ကြတောကြတဲ့ ကိစ္စလေးတွေ ရှိသေးတာပဲ။ ကော်မရှင်က ရှင်းပေးခဲ့ရသေးတယ်။ ဦးနုကိုယ်တိုင်က ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲလို့ သူထင်မြင်ကြောင်း သတင်းစာဆရာများကို ဝန်ခံခဲ့တာပဲ” လို့ သူ့ဆောင်းပါးမှာ ရေးခဲ့တယ်။                 ကျွန်တော်ကိုယ်တိုင် သိမီခဲ့တာရော၊ ဖတ်မိတဲ့ မှတ်တမ်းမှတ်ရာ စာအုပ်စာပေတွေမှာရော ၁၉၆ဝ ရွေးကောက်ပွဲဟာ အဲသလို မဟုတ်ပါဘူး။ ယခုဆောင်းပါးအတွက် မိုးမြင့်ဝင်းရဲ့ စာကိုးစာရင်းမှာ ”မြန်မာ့နိုင်ငံရေး ၁၉၅၈-၆၂” အတွဲ ၁၊ ၂၊ ၃၊ ၄ လေးအုပ်စလုံးကို ဖော်ပြထားတာတွေ့ရတယ်။ ဒါဆိုရင် ယင်း ဒုတွဲ စာ၃၉၄-၄ဝ၁ ကို ဖတ်မိမှာပါ။ သမာဓိသတင်းစာက ရွေး ကောက်ပွဲအပြီး နောက်နေ့ ၇ ဖေဖော်ဝါရီ ၁၉၆ဝ နေ့ထုတ်မှာ ဘယ်လိုရေးသလဲဆိုတော့ –

ယနေ့ ရွေးကောက်ပွဲသည် စစ်ပြီးခေတ်တွင်
၁။ တစ်ဦးပေါ်တစ်ဦး မဟုတ်တန်း တရားအစွပ်စွဲဆုံးရွေးကောက်ပွဲ
၂။ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း အချင်းချင်း အကျိုးယုတ် အရှက်တကွဲဖြစ်အောင် အဆဲ ဆုံးသော ရွေးကောက်ပွဲ
၃။ အဖေနှင့် သား၊ မအေနှင့် သမီး အကွဲကြီးကွဲကြသော ရွေး ကောက်ပွဲ
၎။ ညောင်မြစ်တူး ပုတ်သင်ဥ ပေါ်သော ရွေးကောက်ပွဲ
၅။ တပည့်က ဆရာကို အံတု၊ ဆရာက တပည့်ကို အောက် ချနင်းသော ရွေးကောက်ပွဲလို့ သုံးသပ်ရေးသားတယ်။
အဲဒီနောက် ရွေးကောက်ပွဲ ကန့်ကွက်မှုတွေ အကြောင်း ဆက် လက်ရေးသားတယ်။ တည်မြဲ ဖဆပလ သခင်စံမြင့်နဲ့ ဗိုလ်စိုးလှိုင် တို့ တရားမဲ့ ပြုကျင့်ပါသည်ဆိုပြီး တိုင်ကြားတဲ့အကြောင်းတွေပါတယ်။
သခင်စံမြင့်ဟာ အစိုးရ အရာ ထမ်း အမှုထမ်းများရဲ့ အကူအညီ ယူလျက် အစိုးရ မော်တော်ဘုတ်ကိုသုံးပြီး သနပ္ပင်မြို့နယ် တည်မြဲအဖွဲ့ ဝင်များနဲ့အတူ မဲဆွယ်ခဲ့တာ၊ ကျုံပါကျေးရွာမှာ အရန်ရဲတွေက တည်မြဲ ဖဆပလအတွက်မဲဆွယ်ပြီး သန့်ရှင်း ခေါင်းဆောင်တွေကို ရိုက်နှက် ခြိမ်းခြောက်တာ၊ သံဒင်းရွာမှာ သန့်ရှင်းခေါင်းဆောင်တွေကို ရွေးကောက်ပွဲမှာ မဆောင်ရွက်နိုင်အောင် သူကြီးကဖမ်းထားတာ၊ ရွေးကောက်ပွဲနေ့မှာ ကျေးရွာကာကွယ်ရေးတွေက မဲရုံနောက်ပိုင်းဖောက်ပြီး မဲဆန္ဒရှင်တွေကို ခြောက်လှန့်တာ၊ တည်မြဲမဲပုံးထဲ ထည့်ခိုင်းတာ၊ မဲပုံးတွေကို သနပ္ပင်ကနေ ပဲခူးသို့ သယ်ဆောင်ရာမှာ လမ်းခုလတ်မှာ ဗိုလ်စိုးလှိုင်က ကားရပ်ခိုင်းပြီး သနပ္ပင်ကို ပြန်လှည့်ခိုင်းတာ၊ အဲဒီနောက် ကိုယ်စားလှယ်တွေကို မောင်းထုတ်တာ စတဲ့အချက်တွေနဲ့ တိုင်ကြားတဲ့ အကြောင်း ဖော်ပြထားပါတယ်။
အလားတူ မတရားခြိမ်း ခြောက်မှုတွေဟာ နယ်အတော်များများမှာ ဖြစ်ပေါ်ခဲ့တယ်။ စာရှည်နေမည်စိုး၍ ကောက်နုတ်တင်ပြခြင်း မပြုတော့ပါ။ အပြတ်အသတ် အနိုင်ရသွားတဲ့ ဦးနုကတော့ ၁၉၆ဝ ရွေးကောက်ပွဲဟာ တရားမျှတမှု အပြည့်အဝရှိပါသည်ဟု ယူဆကြောင်းထုတ်ဖော်ပြောကြားတယ်။ (ယင်း စာ ၄ဝ၂)
ဦးနုကတော့ ခုလောက် အပြတ်အသတ်နိုင်ပြီးမှတော့ သူ့ဘက်က ထိုးစစ်မလုပ်တော့ဘဲ သင်ပုန်းချေရေးလမ်းစဉ်ကို ချမှတ်ခဲ့တယ်။ ရွေးကောက်ပွဲကန့်ကွက်မှုတွေကို ပြန်လည်ရုပ်သိမ်းခိုင်းတယ်။ တည်မြဲခေါင်းဆောင် သူ့ညီလေးတွေနဲ့ ပြန်ပေါင်းထုပ်ဖို့ ကြိုးစားတယ်။ သည်တော့လည်း ရန်လိုတဲ့ စကားတွေ မပြောတော့ဘူးပေါ့။
၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေးစာ အုပ် ပြုစုသူပညာရှင်တွေကတော့ ခုလို သုံးသပ်ပါတယ်။
”၁၉၆ဝပြည့်နှစ် ရွေးကောက်ပွဲ ကြီးသည် ဘက်လိုက်ခြင်း၊ မတရား ပြုလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်း စသော အမည်းစွန်းများရှိကြောင်း တွေ့နိုင်သည်။” (ယင်း စာ ၄ဝ၂)
ဆောင်းပါးရှင် မိုးမြင့်ဝင်းက ၁၉၆ဝ ရွေးကောက်ပွဲကို စံပြရွေး ကောက်ပွဲကြီးအဖြစ် ရဲရဲတင်းတင်း ရေးလိုက်တယ်။ ကျွန်တော်က တော့လွတ်လပ်ပြီး တရားမျှတတဲ့ ဘက်က စံပြအဖြစ် မမြင်ပါဘူး။ ၁၉၆ဝ ရွေးကောက်ပွဲ စံပြဖြစ်ခြင်းကတော့ နည်းမျိုးစုံနဲ့ နှိပ်ကွပ်ခံရ၊ ခြိမ်းခြောက်ခံနေရတဲ့ သန့်ရှင်း ဖဆပလ ဦးနုရဲ့ဘက်တော်သား အမတ်လောင်းများကို မဲဆန္ဒရှင် လူထုက ပြတ်ပြတ်သားသား မဲပေးရွေးချယ်ခဲ့ခြင်းနဲ့ ရွေးကောက်ပွဲ ကျင်းပပေးတဲ့ အိမ်စောင့်အစိုးရရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက ရွေးကောက်ပွဲနိုင်တဲ့ ဦးနုလက်သို့ ကတိအတိုင်း အာဏာလွှဲအပ်ခြင်း ဆိုတဲ့ အချက်ကြီးတွေပါပဲ။
တကယ်ကတော့ ၁၉၆ဝ ပြည့်နှစ် ပါလီမန်ရွေးကောက်ပွဲဟာ မိုးမြင့်ဝင်း သုံးနှုန်းထားသလို ”အလွတ်လပ်ဆုံးနဲ့တရားမျှတဆုံး” လို့ ‘ဆုံး’ စကားလုံးတွေသုံးပြီး မပြောထိုက်ဘူးလို့ယူဆပါတယ်။ အဲသလို ကမ္ဘာက အသိအမှတ်ပြုတယ်ဆိုရင် ကျမ်းကိုးပြသင့်ပါတယ်။
မောင်ဝံသ

About ahuntphonemyat

Journalist.

Discussion

One thought on “လွတ်လပ် တရားမျှတ ဆိုရာဝယ်

  1. good post… cheer!

    Posted by Ko Swe | June 11, 2010, 5:51 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: