အံ့ဘုန်းမြတ် ၈ ဇွန် ၂ဝ၁ဝ
http://burmese.dvb.no/news.php?id=11136
စာပေစီစစ်ရေးကနေ လာမယ့်ကမ္ဘာဖလားဘောလုံးပွဲရာသီတွင်း နေ့စဉ်ထုတ်အာကစားသတင်းစာအဖြစ် ထုတ်ဝေဖို့ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ အပတ်စဉ်ထုတ် ဂျာနယ်တစောင်ကို ခွင့်ပြုလိုက်တယ်လို့သိရပါတယ်။ နေ့စဉ်ထုတ် အားကစား စာစောင်အဖြစ် မြန်မာတိုင်း(မ်)ဂျာနယ်ကို စာပေစိစစ်ရေးက ပြီးခဲ့တဲ့အပတ်ထဲမှာ ထုတ်ဝေခွင့် ပေးလိုက်တာပါ။ အမည်ကိုတော့ ‘မြန်မာတိုင်း(မ်) အားကစားအထူးနေ့စဉ်’ လို့ပေးထားပြီး နေ့စဉ်ထုတ်အဖြစ် ထုတ်ဝေခွင့်ကို ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ် တလအတွင်းကိုသာ ခွင့်ပြုပေးထားတယ်လို့ မြန်မာတိုင်း(မ်)ဂျာနယ်နဲ့နီးစပ်တဲ့ သတင်းဂျာနယ်အယ်ဒီတာတဦးက ပြောပါတယ်။
“လောလောဆယ်တော့ မြန်မာတိုင်း(မ်)တခုပဲ အဲဒီ တလစာဘောလုံးပွဲကန်မယ့် တလအတွင်း နေ့စဉ်ထုတ်လိမ့်မယ်။ မြန်မာတိုင်း(မ်) အားကစားအထူး နေ့စဉ်ဆိုပြီးတော့ ဟိုအရင်နှစ်ကလည်း လုပ်နိုင်တဲ့လူတွေကို အချပ်ပိုအနေနဲ့ သူတို့ အထူးလက်ဆောင်အနေနဲ့ နေ့စဉ်ထုတ်ခွင့်ပေးဘူးတော့ လုပ်နိုင်တဲ့သူရှိရင်တော့ လုပ်ဆိုပြီးတော့ ပေးမယ့်သဘောရှိပါတယ်။ မြန်မာတိုင်း(မ်)တခုထဲ မဟုတ်ဘူး။ လောလောဆယ်တော့ မြန်မာတိုင်း(မ်) တခုက ကြေညာပြီးတော့ ထွက်လာပြီးတော့ သူတစောင်ပဲ လုပ်နိုင်မယ့်အနေအထား တွေ့နေရတယ်။”
အရင်နှစ်တွေကလည်း ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ ဥရောပဖလား ဘောလုံးပွဲစတဲ့ ဘောလုံးပွဲရာသီတွေတိုင်းမှာ အားကစားဂျာနယ်တွေ အပြိုင်ထွက်ရှိလေ့ရှိပြီး ဒီနှစ်မှာတော့ မြန်မာတိုင်း(မ်)ဂျာနယ်ကို နေ့စဉ်ထုတ် အားကစားဂျာနယ်အဖြစ် ပထမဆုံး ခွင့်ပြုလိုက်တာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲရာသီနဲ့ အားကစားဂျာနယ်တွေရဲ့ ရောင်းအားအခြေအနေတွေကိုလည်း အခြားအယ်ဒီတာတဦးက အခုလိုသုံးသပ်ပြပါတယ်။
“ဘောလုံးပွဲရာသီမှာ အားကစားနဲ့ပတ်သက်လို့ ဘယ်ဂျာနယ်ထွက်မလဲ။ ကြိုက်တဲ့ဂျာနယ်ထွက် အကုန်ရောင်းရတယ်။ အဲဒါ နေ့စဉ်နေ့စဉ် လောင်းတဲ့သူကလည်း လောင်းတာပဲ၊ ကြည့်တဲ့သူကလည်း သူ့ဟာသူ ဝါသနာကြောင့် ဖတ်ချင်ဖတ်ပေါ့။ လောင်းတဲ့သူကတော့ ဒါကို သူတို့အသုံးချဖို့ ဖတ်မှာပေါ့။ (ဖို့စ်ကတ်) ခန့်မှန်းချက်ကတော့ ပါတာချည်းပဲလေ။ ဘယ်ဂျာနယ်ဖြစ်ဖြစ် (ဖို့စ်ကတ်) ခန့်မှန်းချက်ကတော့ မပါမ ဖြစ်ပါကြတာ။”
ပြည်တွင်းမီဒီယာတွေရဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ အကြိပြင်ဆင်မှုတွေအနေနဲ့ ‘အလဲဗင်းမီဒီယာ’ က အယ်ဒီတာ မြတ်ထွဋ်ဝင်းကို ပထမဆုံးအနေနဲ့ အာဖရိကနိုင်ငံကို သတင်းယူဖို့ စေလွှတ်ထားပါတယ်။ ပြည်တွင်း ရုပ်မြင်သံကြား ထုတ်လွှင့်မှု တွေအတွက် ရန်ကုန်အင်တာတိန်းမန့်နဲ့ ကိုဇော်မင်းအေးပိုင်ဆိုင်တဲ့ မိုးဆမ်းပန်းကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီရုပ်မြင်သံကြားတို့ကနေ ဘောလုံးပွဲစဉ်တွေကို ထုတ်လွှင့်ပြသဖို့ရှိနေပါတယ်။ အရင်နှစ်တွေက ရုပ်မြင်သံကြား ဘောလုံးပွဲ စဉ်တွေကို မြန်မာဘီယာနဲ့ ဂရင်းရိုင်ရယ်တို့လို အရက်ဘီယာကုမ္ပဏီတွေက အဓိကကြော်ငြာပေးခဲ့ကြပေမယ့် ဒီနှစ်မှာတော့ အဲ့ဒီကြောငြာတွေကို ပိတ်ပင်ထားတာကြောင့် အခြားကုန်ပစ္စည်း ကြော်ငြာတွေနဲ့ပဲ ထုတ်လွှင့်ကြရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Leave a Reply