အိုက်ဒီယိုလိုဂျီနှင့် ယဉ်ကျေးမှု…


ယဉ်ကျေးမှုကို ပုံစံအမျိုးမျိုးအဖြစ်သတ်မှတ်ကြည့်မြင်ကြတယ်။ ပထမပိုင်းက စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ အခြေအနေ တစ်ရပ်ဆိုတဲ့ ပုံအဖြစ်မြင်တာ။ နောက်တော့ ဒီထက်မကဘူး။ လူ့အဖွဲ့အစည်း၊ အုပ်စုတွေကိုထည့်ပြီး တွက်ချက်လာတယ်။ ယဉ်ကျေးမှုဆိုတာ လူ့အဖွဲ့အစည်းထဲက လူတွေရဲ့ အသိပညာနဲ့ စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ အခြေအနေတိုင်းကို သတ်မှတ်ခေါ်ဝေါ်ချင်ကြတယ်။ တချို့တော့ ယဉ်ကျေးမှုဆိုတာာ လူရဲ့အသိပညာနဲ့ တိုက်ရိုက်သတ်ဆိုင်နေတာမျိုး မဟုတ်ဘူး။ လူတွေရဲ့ ပြင်ပလူမှုရေးအခြေအနေထဲမှာ တွေ့နေရတဲ့ ပြင်ပအရှိတရားကိစ္စလို မြင်တာ။ ဥပမာအားဖြင့် ဒီလိုယူဆလိုက်တဲ့ အတွက် ယဉ်ကျေးမှုဆိုတာ လူ့အဖွဲ့အစည်းမှာ သူတို့ရဲ့ သဘောသဘာဝကို ဖော်ပြနေတဲ့ အနုပညာတွေ၊ စာပေနဲ့ အသိပညာ ဆိုင်ရာ အလုပ်တွေသာဖြစ်တယ်လို့ ယူဆတယ်။ နောက်ဆုံး ယဉ်ကျေးမှုဆိုင်ရာ လေ့လာချက်က လူတွေရဲ့ ဘဝနေထိုင်မှုဆိုင်ရာ လမ်းကြောင်းလို့ သတ်မှတ်တယ်။

လမ်းကြောင်းဆိုရုံနဲ့ ယဉ်ကျေးမှုကိစ္စက ရှင်းလို့မပြီးသေးဘူး။ ပြဿနာတွေအများကြီး ထပ်ဝင်လာသေးတယ်။ ဘဝနေထိုင်မှု လမ်းကြောင်းဆိုတော့ လူ့အဖွဲ့အစည်းထဲမာ ဘယ်အရာကို လမ်းကြောင်းလို့သတ်မှတ်မလဲ။ အုပ်စုတွေခွဲပြီး သတ်မှတ်မှာလား။ လူမှုရေးအဆောက်အအုံတစ်ခုအတွင်းမှာပဲ လမ်းကြောင်းတွေက အမျိုးမျိုးဖြစ်နေတာလား။ တစ်ခုတည်းရှိတာလား။ လူမှုရေး အဆောက်အအုံနဲ့ ယဉ်ကျေးမှုကိုရော ဘယ်လိုခွဲခြားမလဲ။ လူတစ်ယောက်ရဲ့ အပြုအမူဟာ လူမှုရေးအပြုအမူလား၊ ယဉ်ကျေးမှု ဆိုင်ရာအပြုအမူလား ဘယ်လိုခွဲခြားမလဲ။ ခွဲခြားလို့ရောရမလား။ လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုလို့ပြောရင် ဘယ်အရာကို ရွေးပြောမလဲ။ လူမျိုးကြီးရဲ့ ယဉ်ကျေးမှုပဲလား။ လူ့မျိုးစုတွေအားလုံးလား။ အဲ့ဒီလိုခွဲပြောလိုက်တာကလည်း ကိုယ်ပထမသိထားတဲ့ ယဉ်ကျေးမှုအမြင်တွေနဲ့ လိုက်လျောညီထွေမှုဖြစ်ရဲ့လားဆိုတဲ မေးခွန်းပေါင်းမြောက်မြားစွာ ရှိနေတယ်။ ဒီမေးခွန်းတွေဟာ ယဉ်ကျေးမှုဆိုတာ ဘာပါရယ်လို့ မသတ်မှတ်ရသေးခင် ထွက်လာနိုင်သလို ယဉ်ကျေးမှုဆို ဘာဖြစ်ပါတယ်လို့ သတ်မှတ်ပြီး နောက်မှာမှ ထွက်လာနိုင်တယ်။

ကားမာ့ခ်စ်ကတော့ အဓိကအားဖြင့် ယဉ်ကျေးမှုဟာ ဘယ်လိုဖြစ်ထွန်းပေါ်ပေါက်လာတယ်။ ဘယ်လိုလည်ပတ်နေတယ်။ ဘယ်အရာတွေရဲ့ လွှမ်းမိုးချုပ်ကိုင်ထားခြင်းခံရတယ်ဆိုတာကို အိုက်ဒီယိုလိုဂျီရှု့ထောင်ကနေ စဉ်းစားပြီးတွေးတောတယ်။ တနည်းအားဖြင့် ကားမာ့ခ်စ်ရဲ့ ယဉ်ကျေးမှုအမြင်က သူ့ရဲ့အိုက်ဒီယိုလိုဂျီအမြင်အပေါ်ကို အခြေခံပြီး ပေါက်ဖွားလာတာဖြစ်တယ်။ ကျွန်တော်တို့ဟာ တစ်စုံတစ်ရာကို ယဉ်ကျေးမှုလို့သတ်မှတ်လိုက်ရင်ဖြစ်စေ၊ ဒါမှမဟုတ် ယဉ်ကျေးမှုရဲ့ အဓိပ္ပယ်ကိုဖွင့်ဆို လိုက်ရင်ဖြစ်စေ၊ သူနဲ့သက်ဆိုင်တဲ့မေးခွန်းတွေကို ထပ်မံတွေ့ရမှာဖြစ်တယ်။ ကားမာ့ခ်စ်ရဲ့တွေးက ယဉ်ကျေးမှုဆိုတာ လူတွေရဲ့ ဘဝနေထိုင်မှု လမ်းကြောင်းဖြစ်တယ်လို့ ယေဘုယျသဘောမှတ်ယူထားပြီး အလုပ်လုပ်တယ်။ သူက အိုင်ဒီယိုလော်ဂျီကြောင့် ဘဝနေထိုင်မှုလမ်းကြောင်း (ဝါ) ယဉ်ကျေးမှုပုံစံတွေဖြစ်လာတာလို့ မြင်တယ်။ ခက်တာက မာ့ခ်စ်ဝါဒနဲ့ ယဉ်ကျေးမှုအကြောင်းကို ပြောရင် ကားလ်မာ့ခ်စ်တစ်ဦးတည်းနဲ့ မပြီးဘူး။ စာမျက်နှာကလေးပေါ်မှာ မာ့ခ်စ်ရေးသားခဲ့တဲ့ စကားလုံးတွေကို အမျိုးမျိုး အနက်ပြန်ထားတဲ့ မာ့ခ်စ်ဝါဒရှု့ထောင့်အမြင်အမျိုးမျိုးရှိနေတယ်။

ကားလ်မာ့ခ်စ်တောင်မှ အစောပိုင်း မာ့ခ်စ်အမြင်နဲ့ နှောင်းပိုင်း မာ့ခ်စ်အမြင်တွေဆိုပြီးရှိသေးတယ်။ လူသားဆန်မှုနဲ့ သိပ္ပံပညာရှု့ထောင်က မာ့ခ်စ်အမြင်၊ ရုပ်ဝါဒဘက်က မာ့ခ်စ်အမြင်၊ အဆောက်အအုံဝါဒဘက်က မာ့ခ်စ်အမြင်၊ လီနင် မာ့ခ်စ်၊ နောက် မော်စီတုန်း မာ့ခ်စ်ဆိုတာမျိုးတွေအများကြီးပဲ။ အိုက်ဒီယိုလော်ဂျီ တွေလည်ပတ်လှုပ်ရှားရင်း ထိန်းချုပ်တည်ဆောက်ရင်း ဘဝနေထိုင်မှုလမ်းကြောင်းဖြစ်သွားတယ်ဆိုတဲ့ နေရာမှာတောင် မာ့ခ်စ်ဝါဒီတွေ ယေဘုယျလက်ခံကြပေမယ့် အိုင်ဒီယိုလိုဂျီပေါ်ကို ကြည့်မြင်တာချင်း တစ်ဦးနဲ့ တစ်ဦး တစ်ဂိုဏ်နဲ့တစ်ဂိုဏ်ကွဲနေ တယ်လို့ ဆိုလို့ရနိုင်ပါတယ်။ ဒါပေမယ့် မာ့ခ်စ်ဝါဒဟာ ယဉ်ကျေးမှုပေါ်ကို နှံ့စပ်စွာ ရှင်းပြနိုင်တဲ့နေရာမှ ယခင်က လူမှုရေး၊ အဆောက်အအုံနဲ့ ယဉ်ကျေးမှုအမြင်တို့လို မနုဿဗေဒရှု့ထောင့်ကနေ ချဉ်းကပ်ချက်တွေလိုပဲ အများကြီးထည့်ဝင်ခဲ့တယ်လို့ ဆိုရမယ်။
မာ့ခ်စ်ရဲ့ ယဉ်ကျေးမှုအကြောင်းပြောရင် အိုက်ဒီယိုလိုဂျီအကြောင်းကနေပဲစပြီး ဆွဲထုတ်ရမှာပါပဲ။ မာ့ခ်စ်နဲ့ အိန်ဂျယ်တို့ ရေးခဲ့တဲ့ The German Ideology စာအုပ်ဟာ အဆောက်အအုံမာ့ခ်စ်ဝါဒ အော့သူဆာဟ်လူမျိုးကတောင် လူသားဆန်ပြီး ရှု့ထောင့်တစ်ခုတည်း သက်သက်ကနေကြည့်ထားတဲ့ အိုင်ဒီယိုလိုဂျီဆိုင်ရာ စာအုပ်အဖြစ်ညွှန်းဆိုရတဲ့စာအုပ်ပါပဲ။ ဒီစာအုပ်ပေါ်ကို ရုပ်ကြမ်းမာ့စ်ဝါဒီအများစုက လျစ်လျူရှုခဲ့ကြတယ်။ နောက်ပိုင်း အော့သူဆာ့ဟ်တို့လို အဆောက်အအုံမာ့ခ်စ်ဝါဒီ တွေကျမှ အထူးတလည်ထားပြီး ပြန်လည်ဖော်ထုတ် ခဲ့ကြတာဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်မှန်သောသိပ္ပံနည်းကျ မာ့ခ်စ်ဝါဒ သဘောကို ပိုမိုထည့်ဝင်ထားတဲ့ စာအုပ်အဖြစ် ညွှန်းကြပါတယ်။ သိမှုပိုင်းဆိုင်ရာ ဖောက်ထွက်မှု Epistemological Otherness ကို ဒီစာအုပ်မှာတွေ့ကြလို့ပဲလို့ ဆိုကြပါတယ်။

မာ့ခ်စ်နဲ့ အိန်ဂျယ်က သူတို့ခေတ်ရဲ့ ဂျာမန်ယဉ်ကျေးမှုနဲ့ ဒဿနတွေကို ဆန့်ကျင်တုန့်ပြန်ကြတယ်။ ဒဿနအတွေးအခေါ် တွေက တကယ့်အရှိတရားတွေကိုဖုံးကွယ်ထားတယ်။ ပြီးရင် အဲ့ဒီဖုံးကွယ်နိုင်ဖို့ရာ ကားလ်မာ့ခ်စ်တို့အခေါ် အိုင်ဒီယိုလိုဂျီဆိုတဲ့ အရာကိုယူပြီး လွှမ်းမိုးပစ်တယ်။

မာ့ခ်စ်ရဲ့ အဆိုအရဆိုရင် အဲ့ဒီအိုင်ဒီယိုလိုဂျီတွေ အကုန်လုံးထဲမှာ လူနဲ့ သူ့ရဲ့ အခြေအနေတွေ ဟာ ကင်မရထဲမှာ ပြန်မြင်သလို ဇောက်ထိုးမိုးမျှော်နဲ့ ပြောင်းပြန် ပြန်မြင်နေရတာမျိုးလို့ ဆိုပါတယ်။ အိုင်ဒီယိုလိုဂျီဆိုတာ တကယ့်အစစ်အမှန်တရားကို ပြောင်းပြန်ဖြစ်သွားစေတဲ့ ကြေးမုံတစ်ချပ်လိုပဲလို့မြင်ပါတယ်။ ဒီလောကကြီးထဲမှာ ပဋိပက္ခတွေ အားလုံးကို လူတွေကျေနပ်သွားအောင်၊ အမှန်တရားလို့ မြင်လာအောင်၊ လွှမ်းမိုးကြီးစိုးတဲ့ လူတန်းစာဟာ သူတို့ကောင်းကျိုးရှိ စေမယ့်အရာကိုသာ အမှန်လို့မြင်လာအောင် သူတို့ရဲ့အိုက်ဒီယိုလိုဂျီက လုပ်ပေးနေတာပဲ။ သူက လိုလားနှစ်သက်ဖွယ်ရာ ပုံသဏ္ဍာန်မျိုးနဲ့ လာတတ်တယ်။ ကိုယ့်ကျင့်တရားလိုလို၊ ဘာသာရေးလိုလို၊ ကျိုးကြောင်းညီညွတ်ပုံပေါ်နေတဲ့ တက္ကိကဗေဒလို တာတက်တယ်လို့ မြင်တာဖြစ်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ကိစ္စတွေအားလုံးထဲမှာ အိုက်ဒီယိုလိုဂျီက အရာအားလုံးကို သာမန်သဘာဝကိစ္စလို့ မြင်လာအောင် လည်ပတ်အလုပ်လုပ်ပေးနေတာလို့ မြင်တယ်။


လူတွေရဲ့ ဘဝနေထိုင်ပုံလမ်းကြောင်း (ဝါ) ယဉ်ကျေးမှုပုံစံဟာ ဒီလိုအိုက်ဒီယိုလိုဂျီတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ခံရတယ်။ နောက်တစ်ခုက ထုတ်လုပ်မှုနဲ့ စီးပွားရေးအခြေခံတွေကြောင့်လည်း ယဉ်ကျေးမှုဆိုတာဖြစ်ပေါ်လာသလို ပြောင်းလဲနေတယ်လို့ မြင်တယ်။

 

မာ့ခ်စ်ရဲ့အဆိုအရဆိုရင် အခြေခံအဆောက်အအုံတို့၊ အပေါ်ထပ်အဆောက်အအုံတို့ ဖက်စပ်မှုကြောင့်လို့လဲ ပြောရင် ဖြစ်နိုင်တယ်။ ဒါကြောင့် ယဉ်ကျေးမှု၊ ဘဝနေထိုင်မှုလမ်းကြောင်းဆိုတာက အမြဲတမ်းလွှမ်းမိုးကြိုးစိုးဆဲ လူတန်းစားထဲက သူတို့ရဲ့အကျိုးအမြတ်အတွက် ပုံဖော်ထားတာလို့ မြင်ကြည့်လို့ရတယ်။ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားပြုမှု Culture reprentations တွေရဲ့ နောက်မှာ အဲ့ဒီလို အိုက်ဒီယိုလိုဂျီတွေဟာ လွှမ်းမိုးပို့ချနေတဲ့အခါ လူတွေကလည်း အဲ့ဒီပုံစံထဲမှာ နေရင်း ယဉ်ကျေးမှုဆိုတာမျိုးဖြစ်လာတယ်လို့ ယူဆတယ်။ အဲ့ဒီကနေတဆင့် လူ့အဖွဲ့အစည်းထဲမှာ လူတန်းစား အမျိုးမျိုး၊ အမှန်၊ အမှားအမျိုးမျိုးကို ကိုယ်စားပြုပေးတော့မှာဖြစ်တယ်။

မာ့ခ်စ်ရဲ့ ယဉ်ကျေးမှုအမြင်မှာ ရောယှက်ပေးနေတဲ့ အမြင်တွေထဲမှာ အဓိကအားနည်းချက်က လူတန်းစား Class အပေါ်ကို အသားပေးလွန်းတယ်။ လူတန်းစားကိုလည်း အသေသတ်မှတ်ထား တယ်။ ပြီးတော့ စီးပွားရေးကုန်ထုတ်လုပ်မှုဖြစ်စဉ်ကို အခြေခံအဖြစ်ထားလွန်းတယ်။ ဘယ်လိုပဲဖြစ်ပါစေ မာ့ခ်စ်ဝါဒအမြင်ကနေ ကြည့်တဲ့ ယဉ်ကျေးမှုအမြင်ဟာ ယဉ်ကျေးမှုထဲမှာ အမှန်တကယ် လှုပ်ရှားလည်ပတ်နေတဲ့ အရာတွေ၊ ကိုယ်စားပြုတွေ၊ ယဉ်ကျေးမှုပြောင်းလဲပုံတွေကို လေ့လာနိုင်တဲ့ နည်းလမ်းတစ်ခုပဲလို့ ဆိုလို့ရနိုင်ပါတယ်။

လူဆိုတ လူတွေက ဖန်တီးတည်ဆောက်ထားတဲ့ အတည်ဆောက်ခံလောကရဲ့ ဗဟိုချက်တစ်နေရာမှာပဲ ရပ်တည်ရှင်သန်နေ ရတာပါ။ လူသားက လူ့အဖွဲ့အစည်းထဲ ရှင်သန်လာပြီဆိုတာနဲ့တပြိုင်နက် သူ့စာရင်းက လူတွေတည်ဆောက်ထားတဲ့ ကိုယ်ကျင့် တရားအမြင်တွေ၊ မှန်ခြင်း၊ မှားခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းဆိုတဲ့ အရာတွေကို သင်ယူလိုက်နာရပါတယ်။ သူ့အရင်ကလူတွေ အဲ့ဒီ အရာတွေကို ဘယ်လိုဖန်တီးခဲ့ကြတာလဲ။ အေသင်မြို့ရဲ့ဆုံးဖြတ်ချက်တွေကို တောင်ကုန်းတစ်ခုပေါ်စုဝေပြီး တစ်မြို့လုံးရဲ့ ဆန္ဒကောက်ယူပြီး ဆုံးဖြတ်ခဲ့တာလား။ မဖြစ်နိုင်ပါဘူး။ ဒါမှမဟုတ် တစ်ဦးစ၊ နှစ်ဦးစကနေ သဘောတူညီမှု Agreement လုပ်နေရင်းကနေ အားလုံးဆီ ပျံ့နှံ့သွားပြီး အားလုံးက အလိုလျှောက် လိုက်နာကျင့်သုံးခဲ့ကြတာလား။ ဒါမျိုးက ပိုပြီးတောင် မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် လူ့အဖွဲ့အစည်းအတွင်းက လူသားတွေရဲ့ ယုံကြည်မှုဟာ အထက်ပါအတိုင်းဖြစ်ပေါ်လာတာလို့ လူတွေထင်လာစေလောက်အောင် လွှမ်းမိုးကြိုးစိုးသူရဲ့ ပြဌာန်းချက်တွေ လုပ်ထားတာပါပဲ။ မာ့ခ်စ်ဝါဒအမြင်နဲ့ ကြည့်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုတွေ၊ ယဉ်ကျေးမှုဆိုတာတွေဟာ လွှမ်းမိုးကြီးစိုးသူတွေရဲ့ အိုက်ဒီယိုလိုဂျီကြောင့် သာတင်မကဘူး။ သဘာဝတရားအလိုအရ အလိုလိုဖြစ်ပေါ်လာတယ်ထင်အောင်ကို လုပ်နေတာ။ အိုင်ဒီယိုလိုဂျီရဲ့ ပင်ကိုစွမ်းအား ကိုက ဒီလိုဆိုလောက်နိုင်တဲ့သတ္တိထူးရှိနေတယ်လို့ မာ့ခ်စ်ဝါဒီတွေက မြင်ပါတယ်။


ကားမာ့ခ်စ်ပြီးတဲ့နောက် မာ့ခ်စ်ဝါဒလမ်းကြောင်းထဲကနေပြီး ဖြစ်လာတဲ့ လူးကပ်စ် ဂဟွန်ချီ၊ ဂိုးလ်မင်း၊ ဘင်ဂျမင်း၊ ရေမွန်ဝီလျံတို့ရဲ့ ယဉ်ကျေးမှုအမြင်တွေကိုပါပြောဖို့ လိုပါမယ်။ ယဉ်ကျေးမှုကနေ လူတန်းစားအလွှာခွဲခြားသွားပုံအကြောင်းတွေ ပြောတဲ့အခါမှာလည်း မာ့ခ်စ်ဝါဒအမြင်ကိုပဲ အခြေခံရပါမယ်။ ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာ ထုတ်လုပ်မှု Culture Production အကြောင်း၊ အထူးသဖြင့် အော့သူဆာ့ဟ်၊ ဖရင့်ဖကျောင်းတေ်တို့အကြောင်းပြောတဲ့အခါမှာလည်း မာ့ခ်စ်ဝါဒဆီ လှည့်ရတာပါပဲ။ အခုကားလ်မာ့ခ်စ်နဲ့ အိန်ဂျယ်ပြီးရင် အမြဲလိုလို ပညာရှင်တွေက သူတို့ရဲ့နောက်မှာကပ်ထားတဲ့ လူးကပ်စ်ရဲ့ အမြင်အချို့ကို ပြောရပါ့မယ်။ မာ့ခ်စ်ဝါဒကနေ နောက်ပိုင်းမာ့ခ်စ်ဝါဒ နှောင်းပိုင်းအမြင်တွေအထိ လမ်းကောင်းခွဲကြတဲ့ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ရသ၊ စာပေသဘောတရားကျမ်းတွေအားလုံးမှာ မာ့ခ်စ်ဝါဒအမြင်တွေပြီးရင် ဂျော့လူးကပ် ဒါမှမဟုတ် ဖရင့်ဖကျောင်းတော်ကိုပဲ ကောက်ကြောင်းဆွဲပြတာကို တွေ့ရပါမယ်။


လူးကပ်စ်က ဟန်ဂေရီနိုင်ငံသာဖြစ်ပြီး ဟန်ဂေရီနိုင်ငံရေးမှာ တက်ကြွစွာပါဝင်လှုပ်ရှားသူဖြစ်ပေမယ့် သူ့ရဲ့ပညာရေးကတော့ ဂျာမန်မှာ အခြေတည်ဖြစ်ထွန်းလာတာဖြစ်ပါတယ်။ လူးကပ်စ်က ယဉ်ကျေးမှုဆိုတာကို ဘာလို့မပြောတော့ပါဘူး။ သူဟာ မာ့ခ်စ် ဝါဒလမ်းကြောင်းထဲမှာ ရှင်သန်ကြီးပြင်းလာသူဖြစ်တဲ့အတွက် အိုက်ဒီယိုလိုဂျီနဲ့ စီးပွားရေးကုန်ထုတ်လုပ်မှုဖြစ်စဉ်တွေက ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားပြုမှုတွေကို ထုတ်လုပ်တယ်ဆိုတာကို လက်ခံပြီးသားပါ။ ဒါကြောင့် လူးကစ်နဲ့ ယဉ်ကျေးမှုပတ်သက် သမျှဟာ အဓိကအားဖြင့် စာပေသဘောတရားကို အခြေခံနေတယ်လို့ဆိုရလို့ရပါ့မယ်။ စာပေအနုပညာကို စိစစ်ဖို့ကြိုးစားတာဟာ ယဉ်ကျေးမှုတွေ လညပတ်အလုပ်လုပ်ပုံနဲ့ ထိတွေ့နေတာပါပဲ။ စာပေဆိုတာကို သူတို့ဟာ ယဉ်ကျေးမှုထုတ်ကုန်အဖြစ်မြင် ထားတာပဲ။ လူးကပ်စ်ရဲ့အမြင်က အနုပညာ၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဆိုတာ လုံးဝခွဲခြားလို့မရလောက်အောင် တသားတည်းဖြစ် နေတာလို့ ယူဆပါတယ်။


ရသကိုခံစားတက်တဲ့စိတ်ဟာ ယဉ်ကျေးမှုနဲ့အများကြီးဆက်စပ်နေတယ်။ အနုပညာနဲ့ ဒဿနမှာတွေ့ရတဲ့ သရုပ်မှန်ဝါဒဆိုတာ လောကကြီးနဲ့ ပတ်သက်တဲ့အမြင် သင်္ကေတမျိုးမဟုတ်ဘူး။ သဘောက သရုပ်မှန်ဝါဒဆိုတာ လောကကြီးနဲ့ပတ်သက်တဲ့ လောကအမြင်တစ်ခုကို ရှု့ထောင်တစ်ခုခုက ဆန်းသစ်ပြီး ပြောပြနေတာမဟုတ်ဘူး။ သရုပ်မှန်ဝါဒဆိုတာ သူ့ကိုယ်၌က လောကကြီးနဲ့ တသားတည်းကျအောင် ခြယ်မှုန်းပြနေတဲ့ အမြင်မျိုးပဲ။ ဒါကိုတော့ လူးကပ်စ်ရဲ့ အသုံးမှာ ထင်ဟပ်ပေါ်လွင်နေ တယ်။ တနည်းအားဖြင့် လောကကြီးကို ထင်ဟပ်ပြ Reflect တယ်လို့သုံးပါတယ်။ တကယ်က ထင်ဟပ်ပြသတယ်ဆိုတဲ့နေရာ မှာတော့ လောကကြီးကနေ ကင်းလာပါပြီ။ ထင်ဟပ်ပြသနေတာမဟုတ်သလို ရှု့ထောင့်တစ်ခုခုကနေပြီး ထင်ဟပ်ပြနေတာ လည်းမဟုတ်ပါဘူး။ သူကိုယ်၌က လောက်ကြီးနဲ့ တသားတည်းကျပြီး ခြယ်မှုန်းပြနေတဲ့သဘောရှိနေပါတယ်။

လောကကြီး ထဲမှာက ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားပြုမှုတွေ လွှမ်းမိုးမှုတွေနဲ့ အရာရာအားလုံးကို ပုံဖျက် Distortion လုပ်ထားတယ်။ သရုပ်မှန်ဝါဒရဲ့ အလုပ်က လူသားတွေဟာ သဘာဝအရင်းခံကို မြင်လာအောင်လုပ်တာပါ။ ဒါကြောင့်လည်း လူးကပ်စ်က သရုပ်မှန်ဝါဒဟာ လူအများစုကြားထဲမှာ တညီတညွတ်တည်း သတ်မှတ်ထားတဲ့ဟန်တစ်ခုမဟုတ်ဘူးလို့ ဆိုတာပါ။ သူက ဒီအယူအဆတွေကိုင်စွဲပြီး မော်ဒန်စာပေကို အတ္တအဓိကဝါဒအဖြစ်ထိုးနှက်တာပါ။ သူ့အမြင်မှာ အရေးပါတာက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သမိုင်းဆိုင်ရာ အခြေအနေတွေပေါင်းစုစည်းမှုထဲမှာ လူသားရဲ့ တကယ့်အခြေအနေမှန်ကို သိဖို့လိုတယ်လို့ မြင်တဲ့အချက်ဖြစ်ပါတယ်။ ဒီလိုပေါင်းစုစည်းမှုထဲက လူမှုဆက်သွယ်ရေးပုံစံတွေ Social Relation ဟာ လူးကပ်စပ်ရဲ့ ယဉ်ကျေးမှုအမြင်လို့ ဆိုရမှာဖြစ်ပါတယ်။


မင်းခက်ရဲ (၂၀၀၇ ခုနှစ်၊ ဧပြီလထုတ် “အတွေးအမြင်”)

One thought on “အိုက်ဒီယိုလိုဂျီနှင့် ယဉ်ကျေးမှု…

Add yours

  1. ကောင်းတယ်ဗျာ ဆက်လုပ်ပါ ကို အံ့ဘုန်းမြတ်ေ၇။စာတွေလည်းများများေ၇းပါ။
    `

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Blog at WordPress.com.

Up ↑

%d bloggers like this: