အံ့ဘုန်းမြတ် ၃ ဇွန် ၂၀၁၀
http://burmese.dvb.no/news.php?id=11082
မုံရွာမြို့က အထင်ကရဈေးတခုဖြစ်တဲ့ ချင်းတွင်းရတနာဈေးမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး ကျပ်သိန်းပေါင်း ၁၇၀၀ နီးပါး တန်ဖိုး ဆုံးရှုံးခဲ့ပါတယ်။ မုံရွာမြို့က ချင်းတွင်းရတနာဈေးမှာ ဒီနေ့မနက် ၃ နာရီခွဲမှာ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၁၀ နာရီလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တာပါ။ မီးလောင် ကျွမ်းမှုအခြေအနေနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိ မီးသတ်အရာရှိတဦး ပြောပြတာကတော့
“စလောင်တဲ့အချိန်ကတော့ ၃း၃၀ မှာပါခင်ဗျာ။ အခုထက်ထိတော့ ပြောမယ်ဆိုရင် ငြိမ်းတော့ ငြိမ်းသွားပြီ။ ငြိမ်းပေမယ့် အထဲမှာ ဖိနပ်တွေ၊ ရာဘာတွေ လောင်စာတွေ အများကြီး ရှိတော့လေ သူက အမှိုက်ပုံမီးလိုပဲ။ အောက်က တငွေ့ ငွေ့နဲ့ လောင်နေတော့ အဲဒါတွေ ကျနော်တို့က ဖြဲပြီးတော့မှ ငြိမ်းနေရတုန်းပဲ။ မီးတောက်ကတော့ မရှိတော့ဘူး။ မီးခိုးတွေ အူနေတာပေါ့။ မီးလောင်မှုကတော့ အကြမ်းဖျင်း ယူဆတာကတော့ အင်ဗာတာအားသွင်းထားတယ်လို့ ယူဆတယ်။ အင်ဗာတာ အားသွင်းထားတော့ ရှော့ဖြစ်ပြီးတော့ ဗက်ထရီအိုးတွေဘာတွေ ပေါက်ကွဲတာတွေ ဖြစ်သွားတယ်။”
မီးလောင်ကျွမ်းမှုကြောင့် “ဆုံးရှုံးမှု တန်ဖိုးကတော့ ၁၆၅၆ သိန်းပေါ့။ ခန့်မှန်းရသလောက်ပေါ့။ ဆိုင်ခန်း စုစုပေါင်း ၄၀၆ ခန်း ပါသွားတယ်။ စုစုပေါင်း ရှိတာက ၁၁၀၆ ခန်းရှိတယ်။ ဈေးတွေကတော့ အရင်တုန်းက တခါမှ မလောင်ဖူးပါဘူး။”လို့ အဲဒီမီးသတ်အရာရှိကပဲ ခန့်မှန်းပြောဆိုပါတယ်။
ခုမီးလောင်ကျွမ်းခဲ့တဲ့ ချင်းတွင်းရတနာဈေးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကမှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အနောက်မြောက်တိုင်းရှိ ချင်းတွင်းမြစ်ရိုးတလျှောက် ကုန်စည်စီးဆင်းမှုမှာ အရေးပါတဲ့ ဈေးကြီး တဈေးလည်း ဖြစ်ပါတယ်။ ဒီဈေးကြီး မီးလောင်ကျွမ်းတာ မြင်တွေ့ခဲ့ရတဲ့ မုံရွာမြို့ခံ စီးပွားရေးသမားတဦးကတော့
“၈၀ ရာခိုင်နှုန်းလောက် ပါသွားတာပေါ့။ ဒီဗိုလ်ချူပ်လမ်းပေါ်က လမ်းကျယ်တဲ့ဘက်က မျက်နှာစာတခုပဲ ကျန်ခဲ့တယ်။ ကျန်တာ အကုန်လောင်ကုန်တယ်။ သုံးကွက်စလုံး နီးပါးလောင်သွားတယ်။ အတွင်းထဲကတော့ အကုန်ကုန်တယ်။ ဘေး မကူးတာကိုက တော်တော် ကောင်းသွားပါပြီ။ အဲဒီမှာ အဓိက လောင်သွားတာ ကတော့ အ၀တ်အထည် ဓိကဖြစ်နေတာ ဆိုတော့ အ၀တ်အထည်တွေနဲ့ ဖိနပ်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ပေါ့နော် အဲဒါတွေများတယ်။ အပြင်ဘက်တန်းတွေက ရွှေဆိုင်တွေများတယ်။ အဲဒီဘက်ကျတော့ လောင်စရာသိပ်မရှိတော့ဘူး။ အဲဒါကြောင့်မို့လည်း မကူးတာဘဲ။ များသောအားဖြင့်တော့ ချင်းတွင်းတကျောက အဲဒီဘေး ရွာတွေကလာတယ်။ ဘယ်ကလာလာ အဲဒီမှာပဲ ၀ယ်တာများတယ်။ ၄၀ ရာခိုင်နှုန်းလောက် အရေးပါတယ်။ မြရတနာဈေးက မျက်နှာ ချင်းဆိုင်လို ဖြစ်နေတာကိုး ဟိုဘက်ဒီဘက်၊ အခုလောင်တဲ့ ချင်းတွင်းရတနာဈေးက ပိုကြီးတယ်။”
ဒီဈေးမှာဈေး အရံမီးသတ်တပ်ဖွဲ့နဲ့ မီးငြိမ်းသတ်နိုင်ဖို့ မီးသတ်ကားတစီး အရံသင့်ထားရှိတဲ့ကြားက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရတဲ့အတွက် ဈေးသူဈေးသားတွေကတော့ မီးလောင်ကျွမ်းမှုအပေါ် သံသယ ဖြစ်နေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆိုင်ရှင်တဦးက
“သံသယ ဖြစ်စရာတွေ ဖြစ်သွားကြတယ်။ ဘာလို့လဲဆိုတော့ ၀ါယာရှော့ ဖြစ်တယ်ဆိုပြီး မီးသတ်က ပြောလိုက်တာကိုး။ ၀ါယာရှော့ ဖြစ်တယ်ဆိုရင် ဒီလောက်ကြီးတော့ မမြန်လောက်ဘူး။ လျှပ်စစ်ပိုင်းဆိုင်ရာ ပြောမယ်ဆိုရင်လည်း အဲလိုပဲ တွက်ဆလို့ရတယ်ပေါ့။ အခုဟာက မီးလောင်လို့ သက်ဆိုင်ရာကို ခဏလေး သွားသတင်းပို့တုန်း ပြန်လာတော့ မီးတောက် ကြီးဖြစ်သွားတယ်။ ပြီးတော့ ဖြစ်ဖြစ်ချင်းအဲဒီမှာ လောင်စရာက ဒီလောက်မရှိဘူး။ မရှိဘဲနဲ့ကို မီးတောက်ကြီးက ကြီးသွားတာ။”
အခု မုံရွာမြို့က ချင်းတွင်းရတနာဈေး မီးလောင်မှုဟာ ၂၀၁၀ ခုနှစ်အတွင်း တတိယမြောက် ဈေးမီးလောင်ကျွမ်းမှု တခုဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်မြို့ရှိတဲ့ မင်္ဂလာဈေး မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်းပေါင်း နှစ်သိန်းကျော် ဆုံး ရှုံးခဲ့ရပါတယ်။
(မှတ်ချက်။ ။ ဓာတ်ပုံကို ၀ီးကလီးအလဲဗင်းဝက်ဘ်ဆိုက် မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
hey whats your myspace page.
LikeLike