Archive for

အလွယ်ဖတ် ဖလော်ဆော်ဖီတချို့ရဲ့ ဒဿန


အံ့ဘုန်းမြတ် (၂၈၊ ဇွန် ၂၀၁၀)

ကျွန်တော် ဆောင်းပါးနဲ့ အတွေးအမြင်တွေ မရေးဖြစ်တာတော်တော်ကြာနေပြီ၊ မရေးဖြစ်ဆို စာလည်း ပြန်မဖတ်နိုင်အောင်ကို အလုပ်တွေများနေတာကြောင့်ပါ။ ဒီကနေ့တော့ စာရေးဖို့စဉ်းစားတော့ ကျွန်တော်တို့ လူငယ်တွေ ချက်တင်တွေထဲမှာ အပြန်အလှန် အများဆုံးပြောဖြစ်ကြတဲ့ အကြောင်းအရာတွေထဲက တချို့ကို စာချရေးဖို့ စိတ်ကူးရလာပါတယ်။ ဒါကတော့ စာတွေကို ကျွန်တော်တို့ထက် အများကြီးပိုဖတ်ထားတဲ့ သူတွေအတွက် မရည်ရွယ်ပဲ စာကျွန်တော်တို့လောက် ဖတ်မထားတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး တက်သလောက် မှတ်သလောက်နဲ့ “အလွယ်ဖတ် ဖလော်ဆော်ဖီတချို့ရဲ့ ဒဿန” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးဖို့စိတ်ကူးရလိုက်ပါတယ်။ ဒီမှာတော့ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ ထိတွေ့ဆက်ဆံ ပတ်သက်နေကြရတဲ့ သိပ္ပံဆိုင်ရာနည်းပညာတွေ၊ သမိုင်းဆိုင်ရာဖြစ်စဉ်နဲ့ အဖြစ်အပျက်တွေ၊ ပညာရေးစနစ်နဲ့ ပညာရေးဆိုင်ရာ သဘောတရားတွေ စတဲ့စတဲ့ အကြောင်းအရာတွေက ကျွန်တော်တို့ လူအဖွဲ့အစည်းနဲ့ ဘယ်လောက်အထိ ပတ်သက်ဆက်နွယ်မှုတွေရှိနေလဲ အပြန်အလှန် အကျိုးပြုနိုင်အောင် ဘယ်လိုလုပ်ကြလဲ ဆိုတာတွေကို မိတ်ဆက်အနေနဲ့ ပြန်လည်စဉ်းစားနိုင်ကြအောင် ရေးသားသွားမှာဖြစ်ပါတယ်။

၁။ သိပ္ပံဆိုင်ရာ ဖလော်ဆော်ဖီ ဒဿန

သိပ္ပံဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်းပြောမယ်ဆိုရင် ပထမဆုံးအနေနဲ့ သိပ္ပံပညာရှင်နဲ့ သိပ္ပံပညာရှင်တွေရဲ့ လုပ်ဆောင်ချက်တွေအကြောင်းကို စပြောရမှာဖြစ်ပါတယ်။ တချို့ဒဿနကျမ်းတွေမှာတော့ သိပ္ပံပညာရှင်နဲ့ သိပ္ပံပညာ ရှင်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး “သိပ္ပံပညာရှင်တွေဟာ သူတို့ကျွမ်းကျင်ပိုင်နိုင်တဲ့ ပညာရပ်တွေနဲ့ အကြောင်း အရာ၊ အချက်အလက်တွေကို အတွေ့အကြုံအာရုံတွေမှာ အခြေခံပြီး လက်တွေ့စမ်းသက် ပြုလုပ်ကြတယ်” လို့ ဆိုပါတယ်။ အဲ့ဒီလို လုပ်ဆောင်နိုင်မှ သိပ္ပံပညာလို့ ယူဆကြပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ ပညာရပ်အရ လုပ်ဆောင် ဖန်တီးမှုအသစ်တွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ပတ်သက်လာရင် အရာရာကို အာရုံနဲ့ တိုက်ရိုက်ထိတွေ့ သိမြင်နိုင်မှုမှာတော့ အားနည်းချက် ရှိကြတယ်လို့လည်း သိပ္ပံပညာရှင်တွေကို ဒဿနပညာရှင်အချို့က ဝေဖန်ကြတာမျိုး တွေလည်းရှိပါတယ်။

ဒီနေရာမှာကျွန်တော်တို့အနေနဲ့ သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့ဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အကျိုးဆက် တွေ ကို အာရုံသိနဲ့တိုက်ရိုက်သိမြင်နိုင်တဲ့ အရာတွေမှာ အားနည်းတယ်ဆိုတော့ အတွေးက တမျိုး ဖြစ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် နျူးကလီးယား သီအိုရီကို ထုတ်ဖော်ခဲ့တဲ့ အိုက်စတိုင်းဟာ သူရဲ့ ဖန်တီးမှုနဲ့ပတ်သက်ပြီး အကျိုးဆက် အဆိုးနဲ့အကောင်း တွဲလျှက်ရှိနေနိုင် မယ်ဆိုတာ အာရုံသိနဲ့ သိမယ်ဆိုပေမယ့် ဘယ်လောက်အထိ အကျိုးဆက် အဆိုးတွေရှိမယ်ဆိုတဲ့အပိုင်းတွေ မှာတော့ အားနည်းချက်တွေရှိနေနိုင်ပါတယ်။ တကယ်လို့သာ သူမှာ ဒီအချက်နဲ့ပတ်သက်ပြီး အားမနည်းခဲ့ဘူးဆိုရင် သူ နျူကလီးယားသီအိုရီကို ထုတ်ခဲ့တော့မှာ မဟုတ်ပါဘူး။ အဲ့ဒီလိုသာ သူ မထုတ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွက် ကောင်းကျိုးတွေဖြစ်တဲ့ နျူးကလီးယားစွမ်းအင်ကို ဆေးပညာမှာသုံးတာ၊ လျှပ်စစ်ဓာတ်အားမှာသုံးတာ ဒါမျိုးတွေကို ရရှိနိုင်ကြတော့မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဖလော်ဆော်ဖီကျမ်းရင်းတစ်ခုမှာတော့ “သိပ္ပံပညာရှင်တွေ ဟာ သူတို့ရဲ့စူးစမ်း လေ့လာချက်တွေကို လက်တွေ့စမ်းသပ်တာ မလုပ်ခင် ချင့်ချိန်တွေးဆဖို့ လိုအပ်ပြီး။ အဲ့ဒီလို တွေးဆတဲ့ နေရာမှာ ပြဿနာတွေပေါ်ပေါက်လာရင် ဒဿနပညာရှင်တွေက ဝေဖန်ချင့်ချိန်တွေးဆပြီး ကူညီဖြေရှင်း အဖြေရှာပေးကြ ရတယ်။” လို့ဆိုထားပါတယ်။ ဒါအပြင် ဒဿနပညာရှင်တွေအနေနဲ့ သိပ္ပံပညာရပ်တွေကို ဘယ်လို အသုံးပြုသင့်တယ်။ အသုံးပြုအပ်တယ်ဆိုတဲ့ အချက်ကိုလည်း လူ့အဖွဲ့အစည်းရဲ့ ပြဌာန်းချက်စံနှုန်းတွေချိန်ထိုးတွက်စပြီး ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ အနုပညာ၊ ကိုယ်ကျင့်တရားစတဲ့ပညာရပ်တွေနဲ့ ဆက်စပ်ပုံဖော်ပေးတဲ့နေရာမှာလည်း ပါဝင်နေပါတယ်။

ဒီသဘောတရားတွေနဲ့ပတ်သက်ပြီး အလွယ်ပြောမယ်ဆိုရင် ကျွန်တော်တို့ဒီဘက်ခေတ်မှာ အိုင်တီနည်းပညာလို့ သိပ္ပံပညာတွေ နေစဉ်နဲ့အမျှ အသစ်အဆန်းတွေ ထွက်ရှိနေပါတယ်။ ဒါတွေကို ကျွန်တော်တို့ လူ့မှုအဖွဲ့အစည်းအတွင်း ဘယ်လို အသုံးပြုကြမလဲ။ အပေါ်မှာပြောခဲ့သလို သိပ္ပံပညာရှင်တွေ၊ အိုင်တီနည်းပညာရှင်တွေက သူတို့တာဝန်ကို သူတို့ကျေပွန်တဲ့ အနေနဲ့ နည်းပညာအသစ်အဆန်းတွေကို ထုတ်ဖော်နိုင်ခဲ့ကြတယ်ဆိုပေမယ့် အဲ့ဒီနည်းပညာတွေကို ကျွန်တော်တို့ လူငယ်တွေ ကိုယ်နဲ့သက်ဆိုင်တဲ့ ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ ကိုယ်ကျင့်တရား၊ အနုပညာ၊ ရှိမှုသိမှုပညာ စတဲ့အရာတွေနဲ့ ဆက်စပ်ပြီး ဘယ်လိုပုံဖော်ကြမလဲ ဆိုတာ စဉ်းစားဖို့လိုလာပါပြီ။

၂။ သမိုင်းဆိုင်ရာ ဖလော်ဆော်ဖီ ဒဿန

သမိုင်းဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်း ကျွန်တော်တို့ ပြောမယ်ဆိုရင်လည်း သမိုင်းပညာနဲ့ သမိုင်းပညာရှင်တွေ အကြောင်းက စပြောရမှာပါပဲဖြစ်ပါတယ်။ သမိုင်းနဲ့ သမိုင်းပညာရှင် ဆိုတဲ့အရာတွေကို ဒဿနရှု့ထောင်ကနေ ပြောရမယ်ဆိုရင်တော့ လူသားတွေနဲ့ပတ်သက်နွယ်နေတဲ့ ဖြစ်ပျက်ခဲ့ပြီးသမျှအကြောင်းအရာတွေကို အနာဂတ် လူ့ဘောင် အဖွဲ့အစည်းအတွက် သင်ခန်းစာအဖြစ်၊ အတွေ့အကြုံအဖြစ် ယူဆောင်လာတဲ့အရာလို့ အကြမ်းပြင် အဓိပ္ပါယ်ဖွင့်ဆို လို့ရမယ်ထင်ပါတယ်။ သမိုင်းပညာရှင်ရဲ့ အခန်းကဏ္ဍကတော့ လူသားတွေရဲ့ အတိတ်က အဖြစ်အပျက်တွေကို ရှာဖွေဖော်ထုတ် ပေးဖို့ဆိုတဲ့ တာဝန်ကို ယူထားကြတဲ့ ပုဂ္ဂိုလ်တွေလို့ဆိုရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သမိုင်းပညာရှင်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဆရာကြီးဒေါက် တာသန်းထွန်းဆိုတဲ့ဘူးတဲ့ သမိုင်းပညာရှင်တစ်ယောက်ရဲ့ ရပ်တည်ချက်တွေ ကတော “သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။” လို့ ဆိုပါတယ်။

ဒီနေရာမှာ သမိုင်းဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်းမှာတော့ အထက်က ပြောခဲ့သလို သမိုင်းပညာရှင်တွေ ထုတ်ဖော်ခဲ့ကြတဲ့ လူသားတွေနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အတိတ်ကအဖြစ်အပျက် သင်ခန်းစားတွေက အယူအဆ သဘောတရားတွေကို ဒဿနအမြင်က ဆင်ခြင်သုံးသပ် ဝေဖန်စမ်းစစ်တဲ့ အခန်းကဏ္ဍကို ရောက်ရှိလာတာဖြစ်တယ်လို့ ဒဿနကျမ်းရင်း တချို့မှာ ဆိုပါတယ်။ ပြောရမယ်ဆိုရင်တော့ သမိုင်းဆိုင်ရာ သဘောသဘာဝနဲ့ပတ်သက်နေတဲ့ ပြဿနာရပ်တွေကို ဒဿနပညာက ဖြေရှင်းပြဖို့ဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ လူသားတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ အတိတ်က အဖြစ်အပျက်တွေကို ဒဿန ပညာရှင်တွေက လက်ရှိလူ့အဖွဲ့အစည်းရဲ့ ပြဌာန်းချက်စံနှုန်းတွေချိန်ထိုးတွက်စပြီး ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ အနုပညာ၊ ကိုယ်ကျင့်တရားစတဲ့ပညာရပ်တွေနဲ့ ဆက်စပ်ပုံဖော်ပေးတဲ့နေရာမှာ ပါဝင်နေပါတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ် လူ့အဖွဲ့အစည်းမှာ သမိုင်းနဲ့ပတ်သက်ပြီး အတိတ် ခေတ်သမိုင်း၊ မျက်မှောက်ခေတ်သမိုင်းနဲ့ အနာဂတ်ခေတ်သမိုင်းဆိုပြီးရှိတဲ့ နေရာမှာ အတိတ်ခေတ် သမိုင်းက အတွေ့အကြုံနဲ့ အားနည်းချက်တွေကို မျက်မှောက်ခေတ်သမိုင်းမှာ လူ့အဖွဲ့အစည်းရဲ့ ပြဌာန်းချက် စံနှုန်းတွေနဲ့ ချိန်ထိုးစဉ်းစားပြီး အနာဂတ်သမိုင်းအတွက် အလုပ်လုပ်ဆောင်ပေးကြရမယ့် တာဝန်တွေရှိလာပါပြီ။

သမိုင်းကြောင်းတလျှောက်မှာတော့ သမိုင်းဆိုင်ရာ ဒဿနပညာရှင်တွေက လူသားတွေရဲ့ လွတ်လပ်မှုကို တိုင်းတာဆုံးဖြတ် ပေးတာတွေကို ပြုလုပ်ခဲ့ကြရုံသာမက လူသားတစ်ယော်ချင်းဆီ (သမိုင်းဇာတ်ကောင်တစ်ယောက်ချင်းဆီရဲ့) လူ့ဘောင် အဖွဲ့အစည်းထဲမှာ ကိုယ်ကျင့်တရားအရ ဘယ်လိုဆောင်ရွက်ပြုမူခဲ့ကြတယ်ဆိုတာကိုလည်း ဖော်ထုတ်ပေးခဲ့ကြတာတွေ့ရပါ တယ်။ ဒီနေရာမှာ ကျွန်တော်တို့လူငယ်တွေအနေနဲ့ သမိုင်းကို မှတ်တမ်းတင်တဲ့ သမိုင်းပညာရှင်လို့ အခန်းကဏ္ဍကပဲ ရပ်တည် ကြမလား၊ ဒါမှမဟုတ် သမိုင်းကိုဖန်တီးသူတွေအဖြစ် သမိုင်းရဲ့လိုအပ်ချက်ကြောင့် မွေးဖွားလာရတဲ့ သမိုင်းဇာတ်ကောင်တွေ ဖြစ်ဖို့ ပြင်ဆင်ကြမလား။ ဒါမှမဟုတ် သမိုင်းဇာတ်ကောင်တွေရဲ့ အဖြစ်အပျက်တွေကို သမိုင်းမှတ်တမ်းတင်သူတွေပေးတဲ့ သင်ခန်းစားတွေကို လက်တွေ့လူမှုဘ၀မှာ ချိန်ထိုးတွက်ဆပြီး အနာဂတ်အတွက် ဘာသာရေး၊ နိုင်ငံရေး၊ သမိုင်း၊ ကိုယ်ကျင့်တရား၊ အနုပညာ၊ ရှိမှုသိမှုပညာ စတဲ့အရာတွေအတွက် ပုံဖော်ပေးကြမယ့်လူတွေအဖြစ် လုပ်ဆောင်ကြမလားဆို တာ မေးခွန်းထုတ်ဖို့ လိုအပ်လာပါပြီ။

၃။ ပညာရေးဆိုင်ရာ ဖလော်ဆော်ဖီ ဒဿန

ပညာရေးဆိုင်ရာ ဖလော်ဆော်ဖီ ဒဿနအကြောင်း ကျွန်တော်တို့ပြောမယ်ဆိုရင် ပညာရေးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရင် ပြောကြရမှာဖြစ်ပါတယ်။ ပညာရေးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဒဿနဗေဒကျမ်းရင်းအချို့မှာတော့ လူအဖွဲ့အစည်းအသီးသီး က အနာဂတ်လူငယ်လူရွယ်တွေအနေနဲ့ ဘ၀ရပ်တည်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ ဘာသာရပ်အလိုက်သင်ကြားပို့ချ ပေးတဲ့ အရာအဖြစ် အကြမ်း ပြင်းရှု့မြင်နိုင်မယ်လို့ ဆိုကြပါတယ်။ လူ့အဖွဲ့အစည်းတိုင်းအတွက် အနာဂတ်လူငယ်တွေအတွက်  ဘ၀ရပ်တည်နိုင်ရေးကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပေးတဲ့အလုပ်ဟာ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ ပညာရေးကို နိုင်ငံအသီးသီးက အစိုးရတွေက အဓိကအားဖြင့် ဦးဆောင်ဦးရွက်လုပ်ကြပြီး နိုင်ငံအတွက် လိုအပ်တဲ့ ခေါင်ဆောင်ကောင်း တွေကို ဘယ်လိုပညာရေးစနစ်က မွေးထုတ်ပေးနိုင်မလဲဆိုတာကို ပညာရေးဆိုင်ရာ ဒဿနပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး သင်ကြားရေးပုံစံတွေ၊ ပြဌာန်းချက်တွေကို ရေးဆွဲပြီး နှစ်ရှည်စီမံကိန်းတွေနဲ့ ပြုစုပျိုးထောင်မှုပြုလုပ်ကြတာတွေ့ရပါတယ်။

ဒီနေရာမှာ ပညာရေးဆိုင်ရာ ဖလော်ဆော်ဖီဒဿနရဲ့ အခန်းကဏ္ဍကို ရောက်လာပါပြီ နိုင်ငံတကာနဲ့ ကမ္ဘာအရပ်ရပ်မှာ အကောင်းမွန်ဆုံး သင်ကြားရေးပုံစံတွေ စနစ်တွေနဲ့ လူ့အဖွဲ့အစည်းရဲ့အဓိကကျတဲ့ လူငယ်တွေကို ပြုစုပျိုးထောင်မှုတွေ ပြုလုပ်ပေးနေချိန်မှာ ကိုယ့်နိုင်ငံက အသက်မွေးဝမ်းကြောင်း ပညာအဆင့်နဲ့ ရပ်တည်နေရင် ကိုယ်နိုင်ငံရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ထုတ်ကုန်ဆိုတာ လုပ်ငန်းတစ်ခုကို လည်ပတ်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ပညာရှင်မျိုးတွေကို မွေးထုတ်ပြီးသား ဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်မှာပဲ တဖက်က လိုအပ်တဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာတွေကနေ အဆင့်မြင့်ပြီး အဆင့်မြင့် ပညာတွေကို သင်ကြားပြီး လူငယ်တွေကို ခေါင်းဆောင်ဖြစ်လာနိုင်တဲ့ အခြေအနေ မျိုးကိုလည်း မွေးထုတ်ဖို့ လိုအပ်လှပါတယ်။ အဲ့ဒီအခန်းကဏ္ဍကို ပညာရေးဆိုင်ရာ ဒဿနပညာရှင်တွေက ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။

ဒီနေရာမှာတော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့အစိုးရက ဘယ်လိုပညာ သင်ကြားရေး ပုံစံမျိုးတွေနဲ့ သင်ကြားပေးလိုက်တယ်။ နိုင်ငံအတွက် တကယ်လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေး ထက်မြတ်တဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်မယ့် ပညာရေးပုံစံနဲ့လား ဘယ်လိုဟာမျိုးနဲ့ သင်ကြားပေးလိုက်တယ် ဆိုတာ ဝေဖန်ဆန်းစစ်နိုင်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ တကယ်လို့သာ ကိုယ့်ရဲ့ ဝေဖန်ဆန်းစစ်ချက်ဟာ ပြီးပြည့်စုံတဲ့ အဖြေကို မပေးနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ကျွန်တော်တို့ လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် သိပြီး ကြိုးစားကြဖို့ပဲရှိပါတယ်။ အစိုးရကိုယ်တိုင်က ပညာရေးစနစ်မှာ အားနည်းချက်တွေ ရှိနေအောင် ပြုလုပ်ထားတဲ့အခြေအနေမှာ အတွေးအခေါ်ပညာရှင်တွေက ပညာရေးစနစ်ရဲ့ အပြင်ဘက်ကနေ လူငယ်တွေအတွက် စိတ်ဓာတ်အဟာရအဖြစ် ပညာနို့ချို တိုက်ကျွေးနိုင်ကြဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ရော ကိုယ်သင်ကြားလာခဲ့ရတဲ့ ပညာရေးစနစ်ဟာ တကယ်ပဲ အကျိုးရှိတဲ ပညာရေးစနစ်လား၊ ဒီလိုမဟုတ်ပဲ အားနည်းချက်တွေရှိနေတဲ့ ပညာရေးစနစ်လားဆိုတာ ဝေဖန်ဆန်းစစ်နိုင်ကြဖို့လိုပါတယ်။ ဒီလိုဆန်းစစ်နိုင်မှ ကိုယ့်အတွက် ဘာအရေးကြီးသလဲ။ ဘာလိုအပ်သလဲ ဆိုတာကိုလည်း နားလည်လက်ခံပြီး ကြိုးစားကြရမှာဖြစ်ပါတယ်။

၅။ အနှစ်ချုပ်

အထက်မှာပြောခဲ့တဲ့ အကြောင်းအရာတွေကို ခြုံပြီးသုံးသပ်လိုက်ရင် သိပ္ပံဆိုင်ရာနဲ့ အကျွမ်းဝင်တဲ့ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ ကွန်ပျူတာဆော့ဝဲယားတွေ၊ ၀က်ဘ်ဆိုက်တွေ၊ ဘလော့ခ်တွေ၊ လူမှုရေးအွန်လိုင်းကွန်ယက်တွေမှာ အိုက်ဒီယိုလောဂျီတွေအများကြီးနဲ့ လိုက်ပါနိုင်အောင် ကြိုးစားလေ့လာလိုက်စား နေကြရတယ်ဆိုတာတော့ အမှန်ပဲဖြစ်ပါလိမ့်မယ်။ ဒီလို လေ့လာကြတဲ့အခါမှာ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ဖို့နဲ့ ဒီနည်းပညာတွေကို ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ နိစဓူဝ အကြောင်းအရာတွေနဲ့ ချိန်ထိုးပြီး ကျွန်တော်တို့ သက်ဝင်ယုံကြည်တဲ့ ဘာသာတရား၊ ကျွန်တော်တို့နဲ့ မပတ်သက်ချင်လဲ ပတ်သက်နေရမယ့် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး၊ ကျွန်တော်တို့ကိုယ်တိုင် နေစဉ်နဲ့အမျှ ဖြတ်သန်းနေကြရတဲ့ သမိုင်းဖြစ်စဉ်တွေ၊ တစ်ယောက်နဲ့တစ်ယောက် မတူညီကွဲပြားခြားနားနေတဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စံနှုန်းတွေ၊ အနုပညာခံစားချက်တွေစတဲ့ စတဲ့အကြောင်းအရာတွေနဲ့ ချင့်ချိန်ပေါင်းစပ်ပြီး ကျွန်တော်တို့လူငယ်တွေဟာ သမိုင်းမှတ်တမ်းတင်သူတွေ၊ ဒါမှမဟုတ် သမိုင်းကိုဖန်တီးသူတွေအဖြစ်ဒါမှမဟုတ် အနာဂတ်လူဘောင်အတွက် ကိုယ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကိုသင်ခန်းစာယူပြီး ခိုင်မာတဲ့ပညာရေးစနစ်တစ်ရပ်ပေါ်ပေါက်လာအောင်၊ ဒါမှမဟုတ် လိုအပ်နေတဲ့ပညာရေးကွက်လပ်ကို ဖြည့်စည်းပေးနိုင်တဲ့သူတွေဖြစ်အောင် ဖော်ဆောင်နိုင်ကြစေဖို့ တိုက်တွန်းရင် ဒီစာကို နိဂုံးချုပ်လိုက်ချင်ပါတယ်။ အပေါ်မှာ ရေးသားခဲ့တဲ့ အကြောင်းအရာတွေဟာ မြန်မာတက္ကသိုလ်တွေမှာ သင်ကြားဖို့ ပြဌာန်းထားတဲ့ ဒဿနိကဗေဒဘာသာရပ် ပြဌာန်းစာအုပ်အချို့နဲ့ ဒဿနိကဗေဒက ဆရာတချို့ရဲ့ လမ်းဘေးဟောပြောပို့ချမှုတွေကို ကိုးကားပြီး ရေသားထားတာဖြစ် တယ်ဆိုတာ ၀န်ခံအပ်ပါတယ်။

အံဘုန်းမြတ်

စာပေစိစစ်ရေးက သတင်းဂျာနယ်များကို အဆိုးရွားဆုံး ချုပ်ကိုင်မှုပြုလုပ်တော့မည်


အံ့ဘုန်းမြတ် ၂၅ ဇွန် ၂၀၁၀ (ဒီဗွီဘီ)

နအဖစစ်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်က စာပေစိစစ်ရေနဲ့ မှတ်ပုံတင်ဌာနက စာနယ်ဇင်းတွေအပေါ် အဆိုးရွားဆုံး ချုပ်ကိုင်မှုတွေ ပြုလုပ်တော့မယ်လို့ သိရပါတယ်။ အထူးသဖြင့် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အကြောင်းအရာတွေကို အတင်းကျပ်ဆုံး ချုပ်ကိုင်နိုင်ဖို့အတွက် တရားဝင်စတင်ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ စာပေစိစစ်ရေးက စာနယ်ဇင်းတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့အတွက် ညွှန်ကြားရေးမှူးသစ် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးဆောင်တဲ့ စာစစ်မှူး ၁၂ ဦးပါရှိတဲ့ အဖွဲ့ကို သတင်းအဖွဲ့အမည်နဲ့ ဖွဲ့စည်းပြီး ဒီလ ၂၈ ရက်နေ့ကနေ စတင်ပြီး စစ်ဆေးတော့မှာပါ။ ဒီအဖွဲ့ကနေ သတင်းတွေကို တပြေးညီဖြစ်စေဖို့အတွက် လက်ရှိကျင့်သုံးနေတဲ့ စိစစ်ရေးစနစ်ရဲ့ အားနည်းချက်တွေကို ဖြည့်စွက်လုပ်ဆောင် ကိုင်တွယ်မှာ ဖြစ်တယ်လို့ စာပေစိစစ်ရေး အသိုင်းအ၀ိုင်းက ပြောပါတယ်။ စာပေစိစစ်ရေးရဲ့ ပုံစံအသစ်နဲ့ ဂျာနယ်တွေကို ကိုင်တွယ်ဖို့ ပြင်ဆင်လာတာ နဲ့ပတ်သက်ပြီး သတင်းဂျာနယ် အယ်ဒီတာတဦး ပြောပြရာမှာတော့

“ကပ်ပြီးရတဲ့ သတင်းမျိုးတွေ ရှိတယ်၊ အဲဒါမျိုးကျတော့ သူတို့ဆီသွားပြီးတော့ တောင်းရတယ်။ ဒါလေးပေးပါ၊ ဟိုဟာလေးပေးပါပေါ့။ အခု အဲဒီလိုမျိုး တောင်းရင်တောင်မှ စာမျက်နှာ ၂ မျက်နှာပဲရတယ်။ ရတဲ့အပြင်ကို အဲဒီ ၂ မျက်နှာထဲမှာ သူက ပါတီနိုင်ငံရေးနဲ့ ပတ်သက်တဲ့သတင်းဆို ထည့်လို့မရဘူး။ သူတို့ပြောပုံ အရတော့ တခုနဲ့တခု မညီတဲ့အတွက်ကြောင့် သူတို့က ညှိမယ်ပေါ့။ ညှိတယ်လို့ ပြောရအောင် သတင်းစာမှ မဟုတ်တာ။ အစိုးရသတင်းစာဆိုရင် ဟုတ်တယ်လေ။ ကြေးမုံလည်းဒါ၊ မြန်မာ့အလင်းလည်းဒါ၊ အဲဒီလို ပုံစံမျိုးသူတို့က လုပ်ချင်တာ။”

လက်ရှိအခြေအနေမှာ စာပေစိစစ်ရေးက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆင်ဆာဖြတ်တောက်မှု အဆိုးဆုံးကို ရောက်ရှိနေပြီး နိုင်ငံရေးအသားပေးဂျာနယ်တချိုဆို ဆင်ဆာဖြတ်တောက်မှုတွေကြောင့် ဂျာနယ် မထုတ်ဝေနိုင်တဲ့ အခြေအနေမျိုးအထိ ရှိလာနေပါတယ်။ လက်ရှိကြုံတွေနေရတဲ့ စာပေစိစစ်ရေးရဲ့ ဆင်ဆာဖြတ် တောက်မှုတွေကို တခြားသတင်းဂျာနယ် အယ်ဒီတာတဦး ပြောပြထားတာကလည်း

“ဒီလထဲမှာ ဖြတ်တာတွေက တော်တော်လေးများလာတယ်။ အရင်ထက်ကို အခြေအနေဆိုးတယ်။ ဘာမှ လုပ်လို့မရဘူး။ ဗိုလ်မှူးအေးထွန်း လက်ထက် အခြေအနေမျိုးလောက် ပြန်ရောက်သွားတာပေါ့နော်။ ကြားထဲ ဗိုလ်မှူးတင့်ဆွေ အချိန်မှာ နည်းနည်း အပြောင်းအလဲလေး ရှိလာတာကိုး။ အခုကျတော့ အဲဒီအရင်အခြေအနေမျိုး ပြန်ရောက်သွားသလို ဖြစ်နေတယ်။ ဘာမှကို မရဘူး၊ ၉၀ ရွေးကောက်ပွဲ လုံးဝမရဘူး။ နောက်တကယ် လူတွေ သိသင့်သိထိုက်တဲ့ ကွန်စတီကျူးရှင်း (ဖွဲ့စည်းပုံအခြေခံဥပဒေ) ထဲကဟာတွေ ကောက်နှုတ်ဖော်ပြတာတို့ ဘာတို့၊ ဒီမှာ အတွေးအခေါ်တို့ဘာတို့လုပ်တာမရဘူး။”

သတင်းဂျာနယ်တွေမှာ နိုင်ငံရေးအကြောင်းအရာတွေကို ဖော်ပြခွင့် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပေမယ့် အနုပညာအသားပေး ဂျာနယ်တွေမှာတော့ တင်းကျပ်မှု လုံးဝမရှိဘဲ စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ပလေးဘွိုင်းစာစောင်နီးပါး စာစောင်တွေ ထွက်လာနိုင်ဖွယ်ရှိတယ်လို့ အနုပညာဂျာနယ် အယ်ဒီတာချုပ်တဦးက စိစစ်ရေးရဲ့ မူဝါဒကို ရှုံချလိုက်ပါတယ်။ ဒါ့အပြင် စာပေစိစစ်ရေးမှာ တာဝန်ယူထားတဲ့ ညွှန်ကြားရေးမှူးနှစ်ဦးအကြား ဂျာနယ်တွေမှာကွဲပြားပြီး အခွင့်အရေး ရရှိနေပုံကိုပဲ သတင်းဂျာနယ် အယ်ဒီတာက ဆက်ပြောပါတယ်။

“လောလောဆယ် ပြဿနာဖြစ်နေတာက ညွှန်မှူး ၂ ယောက်မှာကို ပြဿနာ ရှိနေတယ်။ နောက်လာတဲ့ ညွှန်မှူးက ရေတပ်ကလာတယ်။ စာပေ ဘက်ဂရောင်းလည်း ဘာမှမရှိဘူး။ သူ့အနေနဲ့ကတော့ စစ်တပ်ရှု့ထာင်ကနေပဲ ကြည့်တာပေါ့နော်၊ အစိုးရဘက်ကနေ စဉ်းစားပြီးတော့ ကိုင်နေတာပဲ အဲဒီသဘောမျိုးပဲ၊ ဗိုလ်မှူး တင့်ဆွေကျတော့ နည်းနည်းကြားထဲမှာ ကစားချင်တယ်။ စွန့်စားမှု နည်းနည်းလုပ်ချင်တယ်။ ဒါကတော့ သူဖတ်ပေးတဲ့ဟာရယ်၊ သူဖတ်ပေးတဲ့ဟာကလည်း သူနဲ့ အ ဆင်ပြေတဲ့လူတွေပဲ သူဖတ်ပေးတာပေါ့နော်၊ အဲဒီအခွင့်အရေးရတဲ့လူက များများလွတ်တယ်။ လူစိတ်ဝင်စားမယ့်သတင်း ထည့်လို့ရတယ်ပေါ့ အဲဒီသဘော။”

တခြားသတင်းဂျာနယ် အယ်ဒီတာတဦးကတော့ စာပေစိစစ်ရေးက တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူမှု အနည်းငယ်လောက်ပဲရှိရင် သတင်းဂျာနယ်တွေအတွက် လုပ်ကိုင်ရတာ အဆင်ပြေစေမယ်လို့ အကြံပြုပါတယ်။

“ဖြတ်ရင် ဖြတ်လို့တောက်လို့ရတယ်။ ဘာမှကို သူတို့က အခုဟာက ဖြစ်နေတာက။ နောက်ဆုံးဖိုင်နယ် လုပ်တဲ့လူက တာဝန်မခံချင်ဘူး။ ပြီးတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိဘူးလို့ထင်တယ်။ အမှန်ဆိုရင် ပေးသင့်တယ် မပေးသင့်ဘူး။ ဒီ လောက်ကတော့ လွှတ်ရမယ်။ ဒီလောက်ကတော့ ပေးလို့ရတယ်ဆိုတဲ့ အတိုင်းအတာက သူဆုံးဖြတ်လို့ ရတယ်။ အခုဟာက အဲဒီလိုတောင် မဆုံးဖြတ်ဘဲနဲ့ မပေးဘူး ဖြုတ်တယ်ဆိုပြီးတော့ပဲ အဲဒီလိုတုံးတိဖြတ်တာ။ နိုင်ငံရေးဆိုင်ရာ ဆောင်းပါးတွေ၊ နိုင်ငံရေးသတင်း လုပ်လို့ရမယ့် အနေအထား။ တင်ပြနိုင်မယ့် အနေအထား၊ ဖော်ပြနိုင်မယ့် အနေအထားက ဝေးတော့မယ်နဲ့ တူတယ်။”

ဒီလိုစာပေစိစစ်ရေးက စာနယ်ဇင်းတွေအပေါ် ပိတ်ပင်ထိန်းချုပ်လာတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့လို့ အဖွဲ့မျိုးတွေက ၀င်ရောက် စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်တာမျိုးမရှိတဲ့ အခြေအနေမျိုးမှာ မြန်မာစာနယ်ဇင်းလောကရဲ့ လွတ်လပ်ခွင့်ဟာ လုံးဝဆုံးရှုံးရတော့မယ့် အနေအထားမျိုး ဖြစ်လာပြီလို့ ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းမှာ ဝေဖန်နေကြပါတယ်။

ဘိန်းစိုက်ပျိုးမြေတိုးပွားသော်လည်း ဘိန်းအထွက်နှုန်းကျ


အံ့ဘုန်းမြတ် ၂၄ ဇွန် ၂၀၁၀ (ဒီဗွီဘီ)

ကမ္ဘာပေါ်မှာ ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးကပါဝင်နေတဲ့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုတိုးပွားလာပေမယ့် ဘိန်းထုတ်မှုကတော့ အရင်နှစ်တွေကထက် ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ ဒါပေမယ့် ဘိန်းဖြူသုံးစွဲမှုနဲ့ မက်တာဖက်တမင်း (ခေါ်) စိတ်ကြွဆေးထုတ်လုပ် သုံးစွဲမှုတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဒီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမြေ ၁၁ ရာ ခိုင်နှုန်းတိုးတက်လာပြီး ဧက ခုနှစ်သောင်း ရှစ်ထောင်လောက် ရှိလာသလို ဘိန်း ထုတ်လုပ်မှုမှာဆိုရင်လည်း မတ်ထရစ်တန် ၃၃၀ ရှိပြီး လွန်ခဲ့တဲ့ နှစ်နှစ်က ထက်စာရင် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဒီလိုဘိန်းစိုက်ပျိုးမှု တိုးပွားလာတာဟာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေအတွင်းမှာ မဟုတ်ဘဲ နအဖစစ် အစိုးရရဲ့ စစ်တပ်ထိန်းချုပ်တဲ့ နယ်မြေတွေထဲမှာ ဖြစ်တယ်လို့ ရှမ်းပြည်မူးယစ်စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်း က ပြောကြားလိုက်ပါတယ်။

“၀ တို့၊ ကိုးကန့်တို့ အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေက စိုက်တဲ့ဟာတွေ နည်းသွားပြီးတော့ နအဖတပ်တွေနဲ့ ပြည်သူ့စစ်တွေ အုပ်စိုးထားတဲ့ နယ်မြေတွေက ပိုစိုက်လာတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်။ တွေ့လာတယ်ဆိုတာ နအဖ တပ်မှူးတွေ ကိုယ်တိုင်ကလည်း ခွင့်ပြုတာကို၊ ခင်ဗျားတို့ မစိုက်ရင် ကျနော်တို့လည်း မစားရဘူးဆိုတာ သူတို့လည်း လက်ခံတယ်။ အဲလောက်အထိဖြစ်တယ်။”

ဘိန်းအထွက်နှုန်းနဲ့ ထုတ်လုပ်မှု ကျဆင်းလာတာ ဟာလည်း နအဖစစ်အစိုးရရဲ့ မြန်မာနိုင်ငံအ၀ှမ်း မူးယစ်ကင်းစင်ရေး ၁၅ နှစ် စီမံကိန်းကြောင့်မဟုတ်ဘဲ ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်တယ်လို့လည်း ဦးခွန်စိုင်းက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ဘိန်းဖြူဈေးတွေကတော့ ပင်နယ်စလင်ဆေးပုလင်းငယ် တပုလင်းကို ရန်ကုန်မှာ လေးသိန်းဝန်ကျင်၊ မန္တလေးမှာ တသိန်းခွဲဝန်ကျင်၊ ကချင်ပြည်နယ်အတွင်းမှာ ခြောက်သောင်းခွဲဝန်ကျင်လောက် ဈေးနှုန်းတွေ အသီးသီးရှိနေပြီး နအဖစစ် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သားသမီးတွေ၊ ငွေကြေးချမ်းသာသူတွေလောက်ပဲ သုံးဆွဲနိုင်တဲ့ အခြေအနေမျိုးလို့ ဘိန်းဖြူဈေးကွက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ကချင်ပြည်နယ်အတွင်းက ဖားကန့်ကျောက်စိမ်းတွင်း ဒေသတွေဖြစ်တဲ့ လုံးခင်း၊ ဆိုင်းတောင်၊ မော်ဝမ်း၊ ကာလီချောင်းစတဲ့ဒေသတွေတော့ ဒေသခံအာပိုင်တွေက လာဘ်ငွေယူပြီး ဘိန်းခန်းတွေကို တရားဝင်နီးနီး ဖွင့်လှစ်ထားကြတယ် လို့လည်း သိရပါတယ်။ ကချင်ပြည်နယ်အတွင်းက အခြေအနေကို ဒေသခံတဦး ပြောပြတာက

“တရားဝင်တော့ မဟုတ်ဘူး။ လိုင်းကြေးပေးထားတယ်။ ရဲတွေ စအဖတွေ ရှိတယ်။ စစ်တပ်ရယ်လို့တော့ မဟုတ်ဘူး။ သူတို့က အဓိကတော့ ရဲမှူးကို ပေးရတယ်။ ဗျူဟာမှူးကိုကတော့ ရဲမှူးက တဆင့်ပြန်သွားတယ်။ ကျုပ်တို့ရွာမှာဆိုရင် ကျောင်းသားတွေတောင် ဂန်းကိုင်နေကြတယ်။ ဂန်းဆိုတာ ဆေးထိုးအပ်ကို ပြောတာလေ။ ရောင်းတဲ့လူ များလွန်းလို့ ပိုက်ဆံသိပ်မကုန်ဘူး၊ အဖြူချတော့ တထောင်လောက်နဲ့ရတယ်။ တရက်တထောင် ကတော့ လူတိုင်းနီးပါး မုန့်ဖိုးပေးနိုင်တာချည်းပဲ။ ကျနော်တို့ ဘက်ကတော့ နယ်စပ်နဲ့နီးတော့ အ၀င်များလို့ ဖြစ်လာကြတာ။”

ဒီလိုဘိန်းထွက်နှုန်း အနည်းငယ် လျော့ကျ လာပေမယ့်လည်း ဈေးကွက်တွင်း သိသာတဲ့ အကျိုးဆက် ဖြစ်မလာဘဲ မက်တာဖက်တမင်း စိတ်ကြွးဆေးပြား ထုတ်လုပ်သုံးစွဲမှုအပိုင်းမှာ ပိုများလာတယ်လို့လည်း ဦးခွန်စိုင်းက ပြောပါတယ်။

“အထွက်နှုန်းနည်းသွားတာတို့ ဘာတို့က အဖက်သိပ်မရှိဘူး။ နောက်အ ကျိုးသက်ရောက်မှု သိပ်မရှိဘူး။ အခု ရာဘတို့ ဘာတို့က ဘိန်းနဲ့ ဘာမှမပတ်သက်ပဲ။ ဒါက ဓာတုဆေးဝါးတွေ၊ အဲတော့ ဒီဥစ္စာတွေက အမြဲတမ်း တိုးတက်နေတာ။”

ရာမခေါ် အဖက်တမင်း စိတ်ကြွဆေးပြားတွေရဲ့ ပေါက်ဈေးတွေကတော့ ကချင်ပြည်နယ် ဖားကန့်မှာ တပြားကို ကျပ် ၇,၀၀၀ ၀န်းကျင်၊ ရန်ကုန်မှာတော့ ကျပ် ၄,၅၀၀ ၀န်းကျင်နဲ့ ထိုင်း-မြန်မာ နယ်စပ်မှာတော့ ဘတ် ၅၀၊ မြန်မာငွေ ၁,၅၀၀ ကျပ် ၀န်းကျင်လောက် ပေါက်ဈေး ရှိနေပါတယ်။ ထိုင်း-မြန်မာနယ် သောင်ရင်းမြစ်ကမ်းက မူးယစ်ဆေးဝါး အရောင်းအ၀ယ် ဈေးကွက်ကို ဒေသခံတဦး ပြောပြတာကတော့

“ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေပဲလား။ ဘယ်လိုအဖွဲ့တွေလည်း မသိဘူး။ ၀ အဖွဲ့၊ အဖွဲ့စုံရှိတာကိုး။ ဘယ်နေရာမှာ အတည်ပြု ဘယ်နေရာမှာလုပ်ပြီး ဒီဘက်ကို လာကြလည်း မသိဘူး။ ဒီကမ်းနားမှာ ရောင်းတာတော့ သုံးလုံး တရာ၊ လေးလုံးတရာ၊ နှစ်လုံး တရာရှိတယ်၊ သူ့အစားစားပဲ၊ မြန်မာပြည်ဘက်က ၀င်တာပဲ။ တချို့ဆိုရင် ရေလယ်ကျွန်းတို့ ဘာတို့မှာ အမှုန့်ယူလာပြီးတော့ ပုံစံခွက်နဲ့ နေလှန်းပြီးတော့ အဲဒီဟာတွေပဲ ပြန်ထုတ်တာပေါ့။”

မြန်မာနိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းက တရားဝင် ဆေးဖြတ်စခန်းတချို့ကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ နယ်စပ်ဒေသတွေနဲ့ မန္တလေး၊ ရန်ကုန်အပါအ၀င် နေရာ ၇ နေရာမှာ ဖွင့်လှစ်ပေးထားပြီး မူးယစ်ဆေးဝါဖျက်ပြီး ဘ၀ပြန်လည်ထူထောင်ရေး အတွက် သင်တန်းပို့ချပေးမှု တချို့ရှိနေပါတယ်။ မူးယစ်ဆေးသုံးစွဲတဲ့အထဲမှ အမျိုးသမီးတွေလည်း ပါဝင်လာပြီး မူးယစ်ဆေးဝါးနဲ့အတူ လူမှောင်ခိုကူးမှု၊ ပြည့်တန်ဆာအလုပ်တွေပါ များပြားလာတယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းဝင်တဦးက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည် မူးယစ်စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်းက အခုလို သုံးသပ် ပြောကြားသွားပါတယ်။

“ဒီဥစ္စာတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နောက်ပြီးတော့ မတရားခိုင်းစေမှုတွေ၊ လယ်ယာမြေသိမ်းမှုတွေ၊ အတင်းအဓမ္မ အခွန်ကောက်မှုတွေ၊ အဲဒါတွေနဲ့ အကုန်လုံးခွဲပြောမှ သူကပိုပြီးတော့ မြင်လာမှာကို တွေ့ရပါတယ်။ စတာကတော့ ပြည်တွင်းကိစ္စထဲကပေါ့။ အဲဒီထဲက တဖြည်းဖြည်း များလာတယ်။ နအဖ ခေတ်ကျတော့ ပိုများလာတယ်။”

UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ရဲ့ အဆိုအရ ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံတွေကတော့ အရင်နှစ်တွေကအတိုင်း အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံတွေက ထိပ်ဆုံးက ရှိနေဆဲ ဖြစ်ပါတယ်။

ပါတီဝင်စုဆောင်းရေးနှင့် စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်


အံ့ဘုန်းမြတ် ၂၃ ဇွန် ၂၀၁၀ (ဒီဗွီဘီ)

ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ဒီနေ့ထုတ်ပြန်လိုက်တဲ့ တင်းကျပ်တဲ့ ပါတီဝင် စုဆောင်းရေးနဲ့ စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်တွေကြောင့် စည်းရုံးရေးအခက်အခဲ တွေ့ရမယ့် အခြေအနေဖြစ်နေတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောကြားလိုက် ပါတယ်။ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ စည်းရုံးရေးဆင်းတဲ့အခါ ပါတီအလံမကိုင်ဆောင်ရ၊ စီတန်းလှည့်လည်ခြင်း မပြုရ၊ ကြွေးကြော်ခြင်း မပြုရဆိုတဲ့အချက်တွေ အဓိကပါဝင်တဲ့ ပါတီစည်းရုံး ရေးနဲ့ ပုံနှိပ်ထုတ်ဝေရေးတွေအတွက် တင်းကျပ်တဲ့ ညွှန်ကြားချက်အသစ် တွေကို ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ တားမြစ်ချက် ၁၄ ချက်ပါတဲ့ ဒီညွှန်ကြားချက်ကို ၂/၂၀၁၀ ညွှန်ကြားချက်လို့ အမည်ပေးထားပြီး ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒီလိုစည်းကမ်းသက်မှတ်ချက်တွေနဲ့ ထပ်မံကန့်သက် လိုက်တာနဲ့  ပတ်သက်ပြီး အမျိုးသားနိုင်ငံရေး ဦးဝင်းနိုင်က

“ဒီနေ့သတင်းစာထဲမှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဟောပြောခွင့် ကိုတောင်မှ ကြိုတင်ရမယ်ဆိုတော့ ကျနော်တို့ ဘယ်လိုလုပ်ပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့မှုရအောင် လုပ်နိုင်မလဲ ဒီရွေးကောက်ပွဲဝင်တဲ့လူတွေ။ အဲဒါကြောင့်မို့ ဒီကိစ္စ ကတော့ဖြင့်ရင် ကျနော်ကတော့ တိုက်ရိုက်ပဲ ပွင့်ပွင့်လင်းလင်းပြောချင်တယ်လေ၊ ဒါက မဖြစ်သင့် မဖြစ်ထိုက်တဲ့ စည်းမျဉ်း တွေပဲ အဲလိုပဲ ပြောရမှာပေါ့။”

ကိုအေးလွင် (ဥက္ကဋ္ဌ - ပြည်ထောင်စု အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်)

ဒါ့အပြင် ဒီလိုကန့်သတ်ချက်တွေကို ကော်မရှင်က ထပ်မံတင်းကျပ်လိုက်တဲ့အပေါ် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်တွေကို တောင် ပြန်လည်သုံးသပ်ရတော့မယ့် အခြေအနေ ဖြစ်သွားပြီလို့ ပြည်ထောင်စုအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအေးလွင် က ဆိုပါတယ်။

“ဥပဒေတွေကို သေချာတော့ သုံးသပ်ဖို့ လိုဦးမယ်ပေါ့ဗျာ။ တရားသဖြင့် ကန့်သတ်မှုမဟုတ်ဘဲနဲ့ ဘာမှလုပ်လို့ကိုင်လို့ မရအောင် အဲလိုမျိုးလုပ်တဲ့ သဘောမျိုးလို့ ကျနော်တို့ဘက်က မြင်တယ်ဆိုရင်တော့ ပါတီထောင်ထား တာလည်း ပြန်သုံးသပ်တော့မယ်။ လုပ်ချင်မှလည်း လုပ်တော့မယ်။ ကိုယ့်ပါတီကို အများပြည်သူက စိတ်ဝင်စားအောင်၊ သိအောင် ဒါကတော့ ပါတီတွေက လုပ်ရမှာပဲ။ အဲလိုလုပ်တဲ့နေရာမှာ အများပြည်သူရဲ့ စိတ်အားထက်သန်စွာနဲ့ လက်ခံလာတဲ့အပေါ်မှာ မူတည်ပြီးတော့ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ အဲလိုမျိုး ကန့်သတ်လာတဲ့ သဘောမျိုးဆိုရင်တော့ ဒါရည်ရွယ်ချက် မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့ အဲလိုပဲ သုံးသပ်ရမှာပါ။”

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ အခြေစိုက်ပြီး ဖွဲ့စည်းထားတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်မြင့် ကလည်း

“အမှန်ကတော့ ကျနော်တို့က သူတို့ကို အကြောင်းကြားရုံပဲ အကြောင်းကြားရမှာ၊ အကြောင်းကြားပြီးရင် ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ စည်းရုံးသွားရမှာ၊ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရဆိုရင် ကျနော်တို့ကို လည်ပင်းညှစ်ပြီး အော်ခိုင်းသလို ဖြစ်နေတယ်၊ ကျနော်တို့ကတော့ ဆန္ဒရှိသလောက် ခြေလှမ်းကတိုးမှာပဲ၊ တွေ့လာတဲ့ဟာလည်း ကျနော်တို့က ရှင်းရမှာပဲ။ ဒီလိုပဲ ရင်ဆိုင်ဖို့ ပြင်ထားပါတယ်။”

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီ အင်အားစု)

မကြာသေးခင်ကမှ ပါတီထူထောင်ခွင့် ခွင့်ပြုချက်ရရှိခဲ့တဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဟောင်းတချို့ ထူထောင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု အနေနဲ့ကတော့ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံညှိနှိုင်းခွင့် ပေးစေချင်တယ်လို့ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ရွေးကောက်ပွဲ ကာလမတိုင်ခင်မှာ ဖြစ်ပျက်နေတဲ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုနဲ့ ပတ်သက်တဲ့အပိုင်းတွေမှာ တပါတီတည်း ပြောတာထက် ပါတီပေါင်းစုံ ညှိပြီး ကော်မရှင်ကို တွေ့ပြီးတော့ ဒီလိုအခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်နေရပါတယ်။ ဒါတွေကို တရားမျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်အောင် ကော်မရှင်က ဆောင်ရွက်မယ်ဆိုရင် မှတ်ပုံတင်ခွင့် ရပြီးတဲ့ ပါတီအသီးသီးနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့တွေ့ဆုံဖို့ အင်မတန်မှ လိုအပ်တယ်ဆိုတဲ့အကြောင်းကို ဒီနေရာက အထူးပဲ ကျနော်ပြောချင်ပါတယ်။”

နိုင်ငံရေးပါတီတွေအနေနဲ့ ဒီညွှန်ကြားချက်၊ တားမြစ်ချက်၊ သတ်မှတ်ချက်၊ စည်းကမ်းချက်တွေကို လိုက်နာခြင်းမရှိရင် တည်ဆဲဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အရေးယူခြင်းခံရမယ်လို့လည်း ဖော်ပြထားပါတယ်။

ကချင်ပြည်နယ် တိုးတက်ရေးပါတီ ထူထောင်ခွင့် ကြံ့ကြာနေ


အံ့ဘုန်းမြတ် ၂၂ ဇွန် ၂၀၁၀ (ဒီဗွီဘီ)

ကော်မရှင်မှာ ဧပြီလတည်းက ပါတီထူထောင်ခွင့် လျှောက်ထားခဲ့တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီကို ဒီကနေ့အထိ ပါတီထူထောင်ခွင့် ခွင့်ပြုချက် ချမပေးသေးတာကြောင့် ကော်မရှင်က နိုင်ငံရေးပါတီချင်း ခွဲခြားဆက်ဆံတဲ့ သဘော ဖြစ်လာနေပြီလို့ ဒီပါတီရဲ့ ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

ခိုင်မာတဲ့ အကြောင်းပြချက်မရှိပဲ ကော်မရှင်က ပါတီထူထောင်ခွင့် ခွင့်ပြုချက်ချမပေးပဲ ကြံ့ကြာနေတဲ့အပေါ် ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ရဲ့ ခေါင်းဆောင် ဒေါက်တာတူးဂျာက အခုလို ပြောကြားလိုက်တာပါ။

ဒေါက်တာ တူးဂျာ (ဥက္ကဋ္ဌ၊ ကချင်ပြည်နယ် တိုးတက်ရေးပါတီ) (KSPP)

“တခြားပါတီတွေကတော့ သူတို့ပါတီ တရားဝင်ဖြစ်ပြီးတော့မှ သူတို့ပါတီ လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေကြ တဲ့အချိန်မှာ ကျနော်တို့က ပါတီဖွဲ့ခွင့်တောင် မရသေးတဲ့အတွက် ကျနော်တို့ ပါတီဝင်ထုအနေနဲ့ကော ဒေသခံ ပြည်သူတွေအနေနဲ့ကော စိတ်ရဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း တစုံတရာ ရှိလာတာပေါ့။ အခြားပါတီတွေနဲ့ အခွင့်အရေးတန်းတူမှုမရရှိတဲ့ ခံစားမှုမျိုးလည်း ပေါ်လာတာပေါ့။ ဘာဖြစ်ဖြစ် ကျနော်တို့ကတော့ စိတ်ရှည်ပါတယ်။ ဒါလူကြီး တွေကတော့ ကျနော်တို့လည်း စိတ်ရှည်ဖို့ ပြောထားပါတယ်။ အခုလည်း စောင့်ပါလို့ ပြောထား ပါတယ်။ စကားလည်း ပြောထားတယ်ဆိုတော့ စိတ်ရှည်ရှည်နဲ့ စောင့်ရမယ့် အနေအထားရှိပါတယ်။”

ပါတီထူထောင်ခွင့်မရသေးတဲ့အတွက် ပြည်နယ်အတွင်း ပါတီရဲ့ စည်းရုံးလှုပ်ရှားရေး မလုပ်နိုင်သေးပဲ ပါတီရဲ့ လုပ်ငန်းစဉ် အားလုံးကို ရပ်ဆိုင်းထားရတယ်လို့လည်း ဒေါက်တာတူးဂျာ က ပြောပါတယ်။ လက်ရှိ အခြေအနေမှာ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကနေ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) အပြင် ညီညွတ်သော ဒီမိုကရေစီပါတီ ကချင်ပြည် နယ် (UDP) နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ကိုလည်း ခိုင်လုံတဲ့ အကြောင်းပြချက်မရှိပဲ ပါတီထူထောင်ခွင့် မပေးသေးပါဘူး။ ဒီလိုမပေးတာနဲ့ပတ်သက်ပြီး ကချင်နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်းမှာတော့ ဒီပါတီတွေဟာ (KIO) ခေါ် အပစ်ရပ် ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ (NDA-K) ခေါ် ဒီမိုကရေစီသစ်တပ်မတော် (ကချင်) အဖွဲ့တွေနဲ့ ပတ်သက်သက်မှု ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကော်မရှင်က ပါတီထူထောင်ခွင့် မပေးသေးတာလို့ ခန့်မှန်း မှု အချို့ရှိပေမယ့် ကော်မရှင်ကတော့ တိတိကျကျ ပြောကြားခြင်းမရှိသေးဘူးလို့ ( KSPP) ရဲ့ ခေါင်းဆောင် ဒေါက်တာ တူးဂျာက ပြောပါတယ်။

“အစိုးရပိုင်းက ပုဂ္ဂိုလ်တချို့ကလည်း ဒီလိုထင်မြင်ယူဆတာတော့ ဒီလိုအတွေးရှိတဲ့ ပုဂ္ဂိုလ်လည်း ရှိကောင်းရှိမယ်။ ဒါပေမယ့် ကျနော်တို့ အမြင်ကျတော့ ဒါမဆိုင်ဘူးလို့ ပြောချင်တယ်။ ကျနော်တို့ဘက်ကတော့ အဖွဲ့အစည်းနဲ့ ဘာမှပတ်သက်မှုမရှိဘူး။ ဒီဥပဒေဘောင်အတွင်းမှာ ဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ ပါတီလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့မှ ဒီအဖွဲ့အစည်းတွေရဲ့ အသွင်ကူးပြောင်းရေးနဲ့ ဘာမှမဆိုင်ဘူးလို့ ပြောချင်တယ်။”

ဒါအပြင် ကချင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ လည်း ဒေါက်တာတူးဂျာက

“အခု ဒီရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်း အစိုးရသစ်ပေါ်လာရင် အစိုးရသစ်ရဲ့ လုပ်ငန်းမှာ ဥပဒေပေါ် အစိုးရရဲ့ယန္တရားကိုသာ လည်ပတ်သွားရမှာဘဲ။ လုပ်ဆောင်သွားရမှာဘဲ။ ပြီးတော့အစိုးရရဲ့ သတ်မှတ်တဲ့ ပေါ်လစီဥပဒေနဲ့ အတိုင်းအတာ အစိုးရက လုပ်ဆောင်သွားရမှာဖြစ်တော့ ခုနက အဖွဲ့အစည်းတို့ ဘာတို့ဘက်ကလည်း အစိုးရအနေနဲ့က အစိုးရချမှတ်ထားတဲ့ ဥပဒေအတိုင်းဘဲ သူတို့နဲ့ စကားပြောရမှာဖြစ်ပါတယ်။”

ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ရဲ့ ခေါင်းဆောင် ဒေါက်တာတူးဂျာ ပြောကြားခဲ့တာပါ။ ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ ကချင်ပြည်နယ်တိုးတက် ရေးပါတီ KSPP ဟာ ကချင်ပြည်နယ်အတွင်း ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ဖို့ ‘နအဖ’ စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်မှာ ဧပြီလ ၅ ရက်နေ့တည်းက အမှတ်စဉ် ၇ နဲ့ လျှောက်ထားခဲ့တဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ‘နအဖ’ စစ်အစိုးရ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ဒီပါတီ ၃ ခုကိုပဲ တည်ထောင်ခွင့် ချပေးဖို့ ကျန်ရှိနေတာဖြစ်ပြီး ကျန်တဲ့ ၃၄ ပါတီကို ထူထောင်ခွင့်ချပေးပြီးပြီး ပါတီအချို့ကတော့ ပါတီမှတ်ပုံတင်ခွင့်တွေ ဆက်လက် လျှောက်ထားလျှက်ရှိနေကြပါတယ်။

Categories

%d bloggers like this: