အံ့ဘုန်းမြတ် ၃၁ မေ ၂၀၁၀
ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ အပြုအမှုနဲ့ပတ်သက်ပြီး ၀မ်းနည်းစွာရှုံ့ချလိုက် ကြောင်း စာပေနှင့်စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်)က ဥက္ကဌကိုယ်စား လက်မှတ်ထိုးပြီး ဒီနေ့မှာပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီလ ၁၉ ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Day Journal သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး စာနယ်ဇင်းအားလုံးကို ရိုင်းပြစွာ ပြောဆိုခဲ့တာတွေနဲ့ပတ်သက်ပြီး ထက်ထက်မိုးဦးက သတင်းထောက် မအေးသူစံကို လူသိရှင်ကြား တောင်ပန်းပေးရန်၊ ဒီလိုတောင်းပန်ပါက ကာယကံရှင် မအေးသူစံက တရားရုံးမှာတိုင်ကြားထားတဲ့ အမှုကို မအေးသူစံဘက်က ရပ်ဆိုင်းပေးရန်၊ တောင်းပန်မှု မပြုလုပ်ရင် သတင်းထောက် မအေးသူစံရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ရန်စတဲ့ချက်တွေကို စာနယ်ဇင်းအဖွဲ့က ကြားဝင်ဆွေးနွေးခဲ့ပေမဲ့ ထက်ထက်မိုးဦးက လက်မခံတဲ့အတွက် စာပေနှင့် စာနယ်ဇင်းအဖွဲ့က အခုလို ရှုံ့ချလိုက်တာဖြစ်ပါတယ်။
အခုကြေညာချက် ဒီလလယ်က အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ဥက္ကဌ တက္ကသိုလ်တင်ခ၊ ဒု ဥက္ကဌ ဒေါက်တာ တင်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်)နဲ့ ဦးမြတ်ခိုင်တို့ပါဝင်တဲ့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင် (ဗဟို) အလုပ်အမှုဆောင်အဖွဲ့သစ်ရဲ့ ပထမဆုံး ကြေညာချက် လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့က ဒီကြေညာချက်ကို ထုတ်ပြန်လိုက်ချိန်မှာပဲ ပြန်ကြား ရေးဝန်ကြီးဌာနလက်အောက်က စာပေစီစစ်နှင့်မှတ်ပုံတင်ဌာနကတော့ သရုပ်ဆောင် ထက်ထက်မိုးဦးသတင်းကို ပိတ်ပင်ထားဆဲဖြစ်ပြီး ဖြစ်စဉ်သတင်းကို ဖော်ပြခဲ့တဲ့ The Voice နဲ့ The First ဂျာနယ်နှစ်စောင်ကို ၁၉၆၄ ခုနှစ် ပုံနှိုပ်ဥပဒေတွေနဲ့ အရေးယူပိတ်ပင်ထားဆဲဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဒီလိုကြေညာချက်ထုတ်ပြန်လိုက်တာဟာ စာနယ်ဇင်းသမားတွေဘက် ရပ်တည်မှုကို ထင်သာမြင်သာရှိအောင် ပြလိုက်တာဖြစ်တယ်လို့ စာပေနှင့်စာနယ်ဇင်းဗဟိုအလုပ်မှုဆောင်ကော်မတီဝင် တစ်ဦးကပြောပါတယ်။ ဒါအပြင် ဒီလိုထုတ်ပြန်လိုက်တာ ကြောင့် စီစစ်ရေးနဲ့ စာနယ်ဇင်းအဖွဲ့ထိပ်တိုးနိုင်ဖွယ်ရှိတယ်လို့လည်း စာနယ်ဇင်းလောကသားတွေက သုံးသပ်ကြပါတယ်။
ဒီအမှုရဲ့ နောက်ဆုံးအခြေနေမှာတော့ ရန်ကင်းမြို့နယ်တရားရုံးက အမှုအတွက် ဆွဲချက်တွေကိုလက်ခံထားပြီး လာမယ့် ဇွန်လ ၃ ရက်နေ့မှာ ဆွဲချက် ဥပဒေပုဒ်မတွေကို ကြေညာပေးမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ကျူးလွန်သူကာယကံရှင်ကို ဆင့်ခေါ်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
Leave a Reply