စာနယ်ဇင်း, သတင်း, အနုပညာ

ထက်ထက်မိုးဦးကို တရားစွဲဆိုသည့်အမှု လက်သင့်ခံမခံ တရားရုံးချုပ်တွင်ကြားနာ


အံ့ဘုန်းမြတ် ၂၆ မေ ၂၀၁၀

http://burmese.dvb.no/news.php?id=10988

မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ 7 Day News Journal  က စာနယ်ဇင်းဆရာမ မအေးသူစံကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးကို ကာယကံရှင်ဘက်က တရားဆွဲဆိုထားပြီး အမှုအဖြစ် လက်ခံ/မခံ ရန်ကုန်တိုင်း တရားရုံးချုပ်မှာ ကြားနာနေပါတယ်။ ရန်ကုန်တိုင်း တရားရုံးချုပ်မှာရှိတဲ့ ရန်ကင်းမြို့နယ် တရားရုံးက ဒီအမှုကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ကြားနာခဲ့တာဖြစ်ပြီး တရားလိုနဲ့ တရာလိုပြသက်သေတဦးကို စစ်ဆေးခဲ့တာပါ။ လာမယ့် ၂၇ ရက်နေ့မှာလည်း ကျန်တဲ့ တရားလိုပြ သက်သေသုံးဦးကို ထက်မံစစ်ဆေးပြီးမှ အမှုအဖြစ် လက်ခံ/မခံကို တရားရုံးက ဆုံးဖြတ်မှာ ဖြစ်တယ်လို့ အမှုမှာပါဝင်နေတဲ့ တရားလို သက်သေတဦးက ပြောပါတယ်။

ဒီအမှုကိစ္စမှာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပါဝင်နေတာကြောင့် တရားရုံးက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ကျင့် ၂၀၀ နဲ့ တရားလိုကို စတင်စစ်ဆေးပြီး အမှုအကြောင်း အချင်းအရာပေါ်လွင်ပါမှ အမှုကို တရားရုံးကလက်ခံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ကျင့် ၂၀၂ နဲ့ ရဲတပ်ဖွဲ့ကို တရားလိုသက်သေတွေ ထက်မံစစ်ဆေးခိုင်းပြီးမှ အမှုလက်ခံနိုင်တာမျိုးတွေလည်းရှိပြီး မခိုင်လုံရင်လည်း ပယ်ချလိုက်တာမျိုးလည်းရှိတယ်လို့ ၀ါရင့်ဥပဒေအကြံပေးအရာရှိ တဦးက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အနုပညာသည်နဲ့ စာနယ်ဇင်းတို့ အကြားဖြစ်တဲ့ ပြဿနာကို တရားဥပဒေအတိုင်းသာ ဖြစ်သင့်တယ်လို့ သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။

“ပြုသူနဲ့ ဖြစ်သူနဲ့ရှိတယ်။ ပြုသူနဲ့ ဖြစ်သူမှာ ပြုလိုက်သူကတော့ ပြုတဲ့အလျှောက် သူပြုလိုက် ရတာပဲလေ။ ပြောရရင်တော့ သူက အပေါ်မှာပေါ့နော်။ ဒါပေမယ့်ခံလိုက်ရတဲ့ သူအပိုင်းကတော့ ဘယ်လိုမှ ကျေနပ်နိုင်စရာ အကြောင်းမရှိဘူး။ ကြားဝင်တဲ့နေရာမှာ ဖျန်ဖြေတာရှိမယ်။ နောက်တခုက အချိန်က ကုစားသွားမယ်။ ဒီဟာနှစ်ခုကလွဲရင်ပေါ့နော် အကောင်းဆုံးကတော့ တရားဥပဒေက အကောင်းဆုံးပဲ။ တရားဥပဒေက စစ်မှန်ဖို့ပေါ့လေ။ တရားဥပဒေ အတိုင်းပေါ့။ ဘာဖြစ်လို့လဲဆို သူက လက်ပါထားတဲ့ကိစ္စ ဖြစ်နေတာကိုး၊ ထက်ထက်မိုးဦးမှ မဟုတ်ဘူး။ ဥပမာ စာနယ်ဇင်း ဆဲဗင်းဒေးမှ မဟုတ်ဘူး။ ဘယ်သူဘယ်ဝါပဲ ဖြစ်ဖြစ်ပေါ့လေ ပြုသူနဲ့ ဖြစ်သူ နှစ်ဖက် အမြဲတမ်းရှိနေမယ်။ တကယ်တမ်းဆိုရင် ဥပဒေဆိုတာကတော့ လက်ရောက်ကျူးလွန်မှု တခုမှာ ဥပဒေကတော့ အရေး အကြီးဆုံးပဲ။”

အခြားအမည်မဖော်လိုတဲ့ အနုပညာမဂ္ဂဇင်း အယ်ဒီတာတဦးကတော့ တရားဥပဒေ အတိုင်းသာဖြစ်သင့်ပြီး တရားဥပဒေ အထက်က လူပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း ဖြစ်လာခဲ့မယ် ဆိုရင်တော့ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။ လက်ရှိ အခြေအနေတွေမှာတော့ စာပေစိစစ်ရေးက အခင်းဖြစ်စဉ်သတင်းနဲ့ ဒီကိစ္စအပေါ် အခြားပုဂ္ဂိုလ်တွေရဲ့အမြင်တွေကို စာနယ်ဇင်းတွေမှာ ဖော်ပြခွင့်မရှိဘူးလို့ ပိတ်ပင်ထားပါတယ်။ ဒီအခြေအနေမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ The Voice Weekly Journal နဲ့ The First Journal နှစ်စောင်ကို ဒီလ ၂၄ ရက်နေ့မှာပဲ စာပေစိစစ်ရေးက ၁၉၆၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေတွေနဲ့ ငြိစွန်းတယ်ဆိုပြီး အရေးယူတာကို စာပေစီစစ်ရေးရုံးမှာ ကြေညာထားတယ်လို့ အခြားသတင်းဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။

“၆၂ ခုနှစ် ဥပဒေနဲ့ အခု ဂျာနယ်နှစ်စောင်ကို အရေးယူမယ်လို့တော့ စာပါကပ်ထားတယ်။ ပုံနှိပ်ဥပဒေ ဘာညာပေါ့နော်၊ အဲဒါတွေကို ဒီဂျာနယ်နှစ်စောင်က ဖောက်ဖျက် ကျူးလွန်တယ်ပေါ့။ အဲဒီတော့ စစ်ဆေးတွေ့ရှိလို့ တကယ်လို့ သူတို့ ကျူးလွန်တယ်ဆိုရင် ပြင်းထန်စွာ အရေးယူမယ်လို့ စာကပ်ထားတာ။ တကယ်တမ်းဆို ဒီမှာက ဥပဒေက လိုရင် ထုတ်သုံးတယ်။ မလိုရင် ဘေးဖယ်ပြီးတော့ မသိချင်ယောင် ဟန်ဆောင်တယ်။ အဲဒါ သူတို့က လုပ်နေကျလို ဖြစ်နေတယ်။ တောက်လျှောက် တွေ့သမျှကတော့ ဥပဒေတော်တော်များများက သူတို့က အဲဒီအတိုင်းပဲ သွားနေတယ်။ ဒီ ၆၂ ခုနှစ် ဥပဒေရှိမယ်။ နောက် ၇၄ ဥပဒေ ရှိမယ်။ အဲဒီ နှစ်ခုလုံးကို သူတို့က အဲဒီလိုပဲ လိုတဲ့အခါကျ ထုတ်လာတယ်။ ပြီးရင် မဟုတ်တော့ပြန်ဘူး တခါ ပြန်သိမ်းထား ပြန်ရော။ အဲဒီအတိုင်းကို တောက်လျှောက် သွားနေတာ သူတို့။”

ဒီလိုထက်ထက်မိုးဦး ကိစ္စဖော်ပြခဲ့တဲ့ ဂျာနယ်နှစ်စောင် ပိတ်ပင်ခံရတဲ့ အပေါ်ကိုလည်း သတင်းဂျာနယ် အယ်ဒီတာက

“ထက်ထက်မိုးဟာကြောင့် အပိတ်ခံရတယ်ဆိုတာကြီးက တမျိုးကြီးပဲ မြင်ရတာ။ ထက်ထက်မိုးဦးက ဥပဒေအထက်မှာ ရှိနေလို့ မဟုတ်ဘူး။ ဥပဒေကြောင့် ဖြစ်သွားတယ်လို့ပဲ ယူဆတယ်လေ။ သူတို့ဂျာနယ်တွေကို မေးသည့်အခါမှာလည်း သူတို့တတွေက သေသေချာချာလည်း မပြောနိုင်သေးဘူး ဖြစ်နေတယ်၊ သူတို့ကိုယ်တိုင်ကိုကလေ။ ကိုယ်တို့ကတော့ အမှန်အတိုင်း စိတ်ဝင်စားတယ်။ စိတ်ဝင်စားတယ်ဆိုတာ ကိုယ့်မီဒီယာလောကထဲမှာ ဘာဖြစ်နေလဲဆိုတာ အမှန်အတိုင်း စိတ်ဝင်စားတယ်။ ဥပမာ သူတို့မတရားခံရတယ် ဆိုရင်လည်း ကိုတို့မပျော်ဘူး။ ဂျာနယ်တစောင် အပိတ်ခံရပြီဆိုကတည်းက ဂျာနယ်သမားတွေ အတွက် မကောင်းဘူလေ။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး အနုပညာရှင်ဘက်က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနဲ့ စာနယ်ဇင်းသမားဘက်က မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့တို့ ပြေလည်အောင် ကြားဝင်ဖြေရှင်းပေးသင့်တယ်လို့လည်း အခြားစာနယ်ဇင်းလောကသားတွေက အကြံပြုကြပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ထက်ထက်မိုးဦးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: