အံ့ဘုန်းမြတ် ၂၉ မေ ၂၀၁၀
http://burmese.dvb.no/news.php?id=11023
ဒီလ ၂၅ ရက်နေ့ကနေစတင်ပြီး အခြေခံပညာမူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်း အသီးသီးမှာ ကျောင်းသူကျောင်းသားသစ်တွေကို စတင်ကျောင်းအပ် လက်ခံနေပြီ ဖြစ်ပါတယ်။ ဒီနှစ်ကျောင်းအပ်ရာသီမှာ ကျောင်းတွေက အလှူငွေကောက်ခံမှုတွေ အရင်နှစ်တွေကထက်စာရင် နည်းပါးသွားပါတယ်။ ပညာရေးဝန်ကြီးဌာနကနေ ဒီလ ၂၅ ရက်နေ့ ၃၀ ရက်နေ့အထိကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားပေးပြီး ဇွန်လ ၁ ရက်နေ့မှာတော့ ကျောင်းအားလုံး ဖွင့်လှစ်တော့မှာပါ။ အမြို့မြို့အနယ်နယ်က ကျောင်းအသီးသီးမှာ ကျောင်းအပ်လက်ခံတဲ့နေရာမှာ ကျောင်းအများစုမှာတော့ အလှူငွေကောက်ခံတာမျိုးတွေ ရှိပေမယ့်လည်း အရင်နှစ်တွေကထက်စာရင် နည်းပါးသွားတယ်လို့ ရန်ကုန်မြို့က မူလတန်း ကျောင်းသား မိဘတဦးက ပြောပါတယ်။
“အပ်တာကတော့ ဘယ်လောက်မှ မကုန်ဘူး၊ အလှူငွေကတော့ ကိုယ်ထည့်ချင်သလောက် ထည့်လို့ရတယ်လေ။ အလှူငွေတော့ မပြောဘူးပေါ့နော်။ သူတို့က စာရွက်တရွက် ထိုးပေးလိုက်တယ်။ ကိုယ်က ကြည့်လိုက်တယ်လေ ဘယ်လောက် ထည့်ထားကြလဲပေါ့နော်။ ဆိုတော့ တသောင်းအများဆုံး ထည့်ထားကြတယ်လေ။ ငါးထောင် တသောင်းပေါ့။ ၂၅ ရက်နေ့ အပ်ခိုင်းတာလေ။ ၂၆ ရက်နေ့ သွားအပ်တော့ ပုံနှိပ်စာအုပ်ဖိုးပေါ့နော် ဗလာစာအုပ်က မရဘူး၊ ကုန်သွားပြီးပေါ့နော်။ ပုံနှိုပ်စာအုပ် ၀ယ်လိုက်တယ်လေ ဘာသာစုံမှ ၆၀၀ ပဲလေ။ အလှူငွေ တသောင်းရယ်၊ စာအုပ်ဖိုး ၆၀၀ ရယ်၊ ၁၀၆၀၀ အဲဒီလောက်ပဲ ကုန်သေးတယ်။”
ဒါပေမယ့်လည်း ရန်ကုန်မြို့ပေါ်က ကျောင်းတချို့မှာတော့ အလှူခံတာမျိုးတွေ ဆက်ရှိနေတယ်လို့ အခြားကျောင်းသား မိဘတဦးက ပြောပါတယ်။
“သမီးပဲ ပြီးခဲ့တဲ့ရက်ကပဲ အပ်တာပဲ။ မူလတန်း အဲဒါ တသိန်းခွဲလောက် ကုန်တယ်။ တကယ်တမ်းကတော့ အစိုးရကို သွင်းရတဲ့ဟာက ၁၂၀၀၀ ပဲ သွင်းရတယ်။ စာအုပ်ဖိုးနဲ့ ကျောင်းယူနီဖောင်း ဘာညာဆိုတဲ့ဟာ ဒါမူလတန်းပဲနော်။ ကျန်တဲ့ဟာက အဲဒါ ကျောင်းဆောင်ပြန်ပြင်ဖို့တို့ ဘာကြေးညာကြေးတွေပေါ့ အဲဒါတွေကတော့ အပြင်ကြေးတွေပေါ့။ နို့မို့ဆိုရင် ရစ်နေရော မရဘူး။”
ညောင်လေးပင်မြို့က ကျောင်းသားမိဘတဦးကလည်း ကုန်ကျစားရိတ်ကို တွက်ချက်ပြတာကတော့
“ကုန်ကျစရိတ်ကတော့ ကျမတို့ ၉ တန်းကျောင်းသား အပ်တာကို ၆၀၀၀ ကျတယ်။ ကျောင်းအပ်တာချည်းကိုလေ။ စာအုပ်ဘာညာက ကိုယ့်ဘာသာကိုယ် ၀ယ်ရတယ်။ ကျောင်းဝင်ကြေး ၆၀၀၀ ကျတယ်။ သူတို့ မိဘဆရာအသင်းကြေး ဘာညာပေါ့။ ကျောင်းဝင်ကြေး ပေါ့နော်။ ခုနကတုန်းက စာအုပ်တို့ ဘာတို့က လိုအပ်တဲ့ Text books (ကျောင်းသုံး ပုံနှိပ်စာအုပ်) တွေတို့ ဗလာစာအုပ်ဘာညာ အကုန်လုံး အဲဒါတွေက ကိုယ့်ဟာကိုယ် ၀ယ်ရတယ်။ အားလုံးပေါင်း ဗလာစာအုပ်ရော ကျောင်းသုံးပုံနှိပ်စာအုပ်တွေ ဘာတွေပေါ့ လောလောလက်လက်တော့ တသောင်းခွဲလောက် ကျထားပြီ ၉ တန်းကျောင်းသား တယောက်ကိုလေ။”
တချို့ ကျေးလက်ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ အလယ်တန်းကျောင်းနဲ့ မူလတန်းလွန် ကျောင်းတွေကနေ မြို့ကြီးတွေက အထက်တန်းကျောင်းတွေကို ပြောင်းရွှေ့တဲ့နေရာမှာတော့ ကျောင်းတွေပေါ်မှာမူတည်ပြီး အလှူငွေလှူဒါန်းရတာ အမျိုး မျိုးကွာခြားမှုရှိတယ်လို့လည်း ကျေးလတ်နေ ကျောင်းသားမိဘတချို့က ပြောပါတယ်။ ဒီပညာသင်နှစ်မှာပဲ ပုဂ္ဂလိကကျောင်းတွေ ဖွင့်လှစ်ခွင့်ပေးတော့မယ် ဆိုတာကြောင့် ပညာရေးလောကအတွင်း အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်လို့ ပညာ ရေးလောကသားတွေ သုံးသပ်ခဲ့ကြပေမယ့် လက်ရှိအခြေအနေမှာတော့ ပုဂ္ဂလိက ကျောင်းအမည်နဲ့ ပညာရေးဝန်ကြီးဌာနက တရားဝင် ခွင့်မပေးသေးဘဲ နဂိုရှိရင်းဆွဲ ဘော်ဒါဆောင်တွေအနေနဲ့ပဲ ဆက်ဖွင့်ဖို့ ညွှန်ကြားထားတယ်လို့ ဘော်ဒါဆောင်ပိုင်ရှင် ဆရာမတဦးက ပြောပါတယ်။
“ပုဂ္ဂလိက ကျောင်းလို့တော့ နာမည်သုံးခွင့် မရှိပါဘူးရှင့်။ ပထမဦးဆုံးနှစ်ဆိုတော့ သူတို့လည်း စည်းမျဉ်းဥပဒေ အတိအကျ မထုတ်ရဲသေးဘူး။ မထုတ်ပြန်နိုင်တဲ့ အတွက်ကြောင့် ဘော်ဒါအသွင်ပဲ။ ဘော်ဒါအသွင်ကို ပိုလာတာက ကျမတို့ အခု လက်တွေ့ခန်းတို့ ဘာတို့ အဲဒါလေးတွေ လုပ်ပေးရမယ်။ ကျောင်းကြီးပုံစံ စာကြည့်တိုက်တို့၊ ကွန်ပျူတာတို့ပေါ့နော် အဲဒါလေးတွေကတော့ ထားပေးရမယ်။ ပုဂ္ဂလိကသင်ကျောင်း ခွင့်ပြုလိုက်တယ်။ ခွင့်ပြုပေမယ့်လို့ ပုဂ္ဂလိကသင်ကျောင်းလို့တော့ နာမည်တပ်ခွင့် မရှိပါဘူးရှင့်။”
လက်ရှိအခြေအနေမှာတော့ ပုဂ္ဂလိကကျောင်းအဖြစ် ၁၁ ကျောင်း ဖွင့်ခွင့် ရရှိထားပါတယ်။ မြန်မာတနိုင်ငံလုံးမှာ အခြေခံပညာကျောင်းပေါင်း လေးသောင်းနဲ့ ဆရာ၊ ဆရာမဦးရေ နှစ်သိန်းခွဲကျော် ရှိပြီး နှစ်စဉ် ကျောင်းသူကျောင်းသား ရှစ်သန်း နီးပါးကို ပညာသင်ကြားပေးနေတယ်လို့ အစိုးရရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေက ဆိုပါတယ်။
Leave a Reply