စီးပွားရေး, သတင်း

လုပ်ငန်းသုံးမီတာတွေကို လျှပ်စစ်မီးယာယီဖြတ် ကုန်ဈေးနှုန်းတချို့ မြင့်တက်


လုပ်ငန်းသုံးမီတာတွေကို လျှပ်စစ်မီးယာယီဖြတ် ကုန်ဈေးနှုန်းတချို့ မြင့်တက်

အံ့ဘုန်းမြတ် ၂၁ မေ ၂၀၁၀

http://burmese.dvb.no/news.php?id=10940

ရန်ကုန်တိုင်း စက်မှုဇုံတွေနဲ့ လူနေရပ်ကွက်တွေထဲက လုပ်ငန်းသုံးမီတာတွေကို လျှပ်စစ်မီးယာယီ ဖြတ်တောက်ထားတဲ့ အကျိုးဆက်အနေနဲ့ ကုန်ဈေးနှုန်းတချို့ မြင့်တက်လာတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိ လုပ်ငန်းသုံး လျှပ်စစ်မီတာတွေကို ဒီလလယ်က စတင်ပြီး ဖြတ်တောက်လိုက်ပြီးတဲ့နောက်ပိုင်း လုပ်ငန်းတွေ လောင်စာဆီနဲ့ ပိုမိုလည်ပတ် ကြရတာကြောင့် စားသောက်ကုန် အပါအ၀င် ကုန်ဈေးနှုန်းတချို့ မြင့်တက်လာတာပါ။ ရေခဲတပေါင်ကို မီတာမဖြုတ်ခင်ဈေးနဲ့ ဖြုတ်ပြီး နောက်ပိုင်းဈေးတွေကို ရေခဲစက်ရုံပိုင်ရှင်တဦး ပြောပြတာကတော့

“အခုလား ၅၀၀၀ လောက်ပဲ ရှိပါတယ်။ လဆန်းတုန်းက ၃၀၀၀၊ ၃၅၀၀၊ ၄၀၀၀ လောက်ပါ။ သိပ်တော့ အကွာအပြု မရှိပါဘူးရှင့်။ အခု ၅၀၀၀ပါ။ မီတာဖြုတ်ဆိုတော့ ကျမတို့ စက်ရုံကို လာဖြုတ်စရာကို မလိုပါဘူးရှင့် ကျမတို့က စက်မှုဇုံဆိုတော့လေ သူတို့ ရုံးကနေ တခါတည်း အပြီး ပိတ်ထားတာ တမိနစ်မှ မလာဘူးရှင့်။ လိုသလောက်ကို မီးစက်နဲ့ပဲ ထုတ်ရတယ်ရှင့်။ မီးလုံးဝ မလာဘူး။”

လျှပ်စစ်မီး ဖျက်တောက်တဲ့အထဲမှာ လုပ်ငန်းသုံး မီတာတွေရှိတဲ့ ပုဂ္ဂလိက ဆေးရုံတွေ၊ ရှော့ခ်ပင်းမောတွေ၊ စူပါမားကဒ်တွေ၊ ဂျာနယ်တိုက်တွေအပါအ၀င် စာပုံနှိပ်စက်တွေနဲ့ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ အိမ်တွင်း စက် မှုလက်မှုလုပ်ငန်းတွေ အများဆုံးပါဝင်နေပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေ ကုန်ဈေးနှုန်းမြင့် တက်လာမှာကိုလည်း စားသုံးသူတွေ စိုးရိမ်နေကြ ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း လက်ရှိလုပ်ငန်း လည်ပတ် နေရပုံကို အခုလို ရှင်းပြပါတယ်။

“ဒီဇယ်နဲ့ လည်ပတ်လို့ရှိရင် မီတာခတွေက အကိုတို့ ဒဂုံစင်တာမှာတို့၊ လပြည့်ဝန်းတို့၊ စိန်ဂေဟာတို့မှာ ၇၀၀ ပေးရတယ် တယူနစ်ကို။ လျှပ်စစ်နဲ့ဆိုရင် ၅၀ ပဲရှိတယ်။ မီးစက်နဲ့ဆိုရင် ၇၀၀ ပေးရတယ်။ အဲဒီမှာ အမောင့် (ငွေပမာဏ) တွေက တက်လာတယ်။ အလုပ်က မကောင်းပါဘူးဆိုမှ ပလာဇာတွေက အဲဒီလောက် ယူတယ်။ ဒီဇယ်ဘိုးတွေက ဈေးတက်လို့ ဆိုပြီးတော့။ မီးစက်တလုံး ကိုယ့်ဟာကို တက်ထားတာတောင်မှ ၁၅ ဂါလံ လောက် ကုန်တယ်။ တနေ့ တနေ့ ၅၀၀၀၀ ဆိုရင် ၁၀ ရက် ဆိုရင် ၅၀၀၀၀၀၊ တလဆိုရင် ၁၅ သိန်းလောက် ကျနေပြီ ကိုယ်စားရမယ့် ပိုက်ဆံက မီးရှို့ လိုက်သလို ဖြစ်သွားတာပေါ့။”

လုပ်ငန်းသုံး မီတာတွေကို လျှပ်စစ်မီးမပေးရတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့က အမည်မဖော်လိုတဲ့ အင်ဂျင်နီယာတဦးက ရန်ကုန်တိုင်းတစ်ခုလုံးစာအတွက် လျှပ်စစ်မီးပမာဏ လိုအပ်ချက် မီဂါဝဘ် ၈၀၀ နီးပါး လိုအပ်ပေမယ့် မီဂါဝဘ် ၂၅၀ လောက်ပဲ ရနေတာကြောင့် အခုလို သတ်မှတ်ရတာဖြစ်တယ်လို့ ပြောပါတယ်။

“ရရှိတာမှ ၂၅၀ ဆိုတော့ တပြိုင်တည်း ပေးလို့ မရဘူး။ တပြိုင်တည်း ပေးလို့မရတော့ အုပ်စုကို လေးစုလောက် ခွဲပြီးတော့ တအုပ်စုစီကို လိုက်ပေးနေတာ။ မီးက လုံးဝမရှိတဲ့အခါကျတော့ အနည်းဆုံး လုံးဝအကျပ်အတည်း မဖြစ်အောင် ရေတို့ ဒီ့ပြင် မီးရှိမှ ဖြစ်မယ့်ဟာမျိုးတွေ အဲဒါမျိုးတွေကို လိုက်ပြီးတော့ အလှည့်ကျစီ လိုက်ပြီးတော့ သုံးခိုင်းလိုက်တာ။ ၂၅၀ ကို တကယ်လို့ ကျနော်တို့က ပါဝါမီတာတို့၊ စက်မှုဇုံတို့ အဲဒီလိုမျိုး ပေးလိုက်ရင် ပြည်သူအတွက်ရမယ့်ဟာ နည်းသွားမယ်။ ဒါမှ မဟုတ်ရင် စစ်စတန် မငြိမ်တော့ဘဲနဲ့ ခဏခဏ ပြည်သူက လိုင်းဖေါ့ဖြစ်ပြီး မီးခဏခဏပြတ်တယ် အဲဒီလို ပြောမယ်။ ရပြန်တော့လည်း သူတို့ စက်မှုဇုံတွေက ဆွဲမယ်။ ပါဝါမီတာတွေကဆွဲမယ် သူတို့ ဗို့အားက နည်းနည်းလေးပဲ ရမယ်။ ဗို့မပြည့်တဲ့အခါကျရင် သူတို့တတွေ ထမင်းလည်း တည်လို့မရ။ ရေလည်း တင်လို့မရ လာသာလာတယ် ဘာမှ သုံးစားလို့မရ အဲဒီလို ဖြစ်မှာစိုးတာ။ အဲဒါကြောင့် အဓိက ပြည်သူဦးစားပေးပေါ့ အဲဒီလို လုပ်ထားတယ်။”

အစိုးရအနေနဲ့ လျှပ်စစ်မီးပိုရအောင် စီမံကိန်းတွေချ လုပ်ဆောင်နေပေမယ့် အကောင်အထည် မဖော်နိုင်ကြကြောင့် လက်ရှိ အခြေအနေကို အကောင်းမွန်ဆုံး ဖြစ်အောင် အောက်ခြေက လုပ်ရတာ ဖြစ်တယ်လို့လည်း အခြားအငြိမ်းစား လျှပ်စစ် အင်ဂျင်နီယာချုပ်ဟောင်းတဦးက ဆိုပါတယ်။ မကြာသေးခင်က ပြည်တွင်းလျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ သွယ်တန်း နေတဲ့ သဘာဝဓာတ်ငွေပိုင်းလိုင်း ပြီးစီးပြီလို့ ပြောကြားခဲ့ပေမယ့်လည်း လက်ရှိအခြေအနေအထိ ရန်ကုန်မြို့တော် သဘာဝရဓာတ်ငွေသုံး လျှပ်စစ်ဓာတ်အားထုတ် စက်ရုံတွေမှာ လည်ပတ်နိုင်ခြင်း မရှိသေးပါဘူး။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: