အံ့ဘုန်းမြတ် ၂၃ မေ ၂၀၁၀
http://burmese.dvb.no/news.php?id=10953
နအဖစစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီ ဥပဒေတွေကြောင့် သက်တမ်းဖို့ သတ်မှတ်ရက်ကျော်လွန်ရင် နိုင်ငံရေးပါတီရပ်တည်ခွင့် ပျက်ပြယ်တော့မှာ ဖြစ်တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားရုံးချုပ်က တားမြစ်ပေးဖို့ လျှောက်လဲခဲ့ပါတယ်။ ရန်ကုန်တိုင်းတရားရုံးချုပ်က ဒီလ ၅ ရက်နေ့မှာ ပယ်ချလိုက်တာကြောင့် ဗဟိုအဆင့်အထိ ဆက်တင်ဖို့ရှိနေတာပါ။ ဒီအကြောင်းကို ရှေ့နေဦးဥာဏ်ဝင်းက အခုလိုပြောပါတယ်။
“အဲ့တရားစွဲတဲ့ဟာကို ဗဟိုတရားရုံးချုပ်က လက်မခံဘူး။ လက်မခံတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ နေပြည်တော် တရားသူကြီးချုပ်ထံကို အန်အယ်တို့ ဆက်လက်တင်ဖို့ ဆောင်ရွက်နေတယ်။ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေမှာ ရက်ပေါင်း ၆၀ အတွင်း ထပ်မံမှတ်ပုံတင်ခြင်း မလုပ်လို့ရှိရင် ပါတီအဟောင်းတွေက ပျက်တယ်ဆိုတဲ့ သူ့ဥပဒေပါအချက်ကို အန်ကယ်တို့ ဥပဒေလမ်းကြောင်းနဲ့ ပြန်လည်တိုက် ခိုက်တယ်။”
ဦးဥာဏ်ဝင်းပြောခဲ့တာပါ။ ရှေ့နေဦးဥာဏ်ဝင်းနဲ့ ရှေ့နေဦးကြည်ဝင်းတို့ဟာ မေလ ၂၂ ရက်နေ့က အမှု ကိစ္စတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိခဲ့ပြီး အဲ့ဒီနေ့ကမှာ ဈာပနပြုလုပ်ခဲ့တဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် သခင်စိုးမြင့်အတွက် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကားကို ရှေ့နေဦးဥာဏ်ဝင်း အခုလို ပြန်ပြောပြပါတယ်။
“အခု ကွယ်လွန်သွားတဲ့ စီအီးစီအဖွဲ့ဝင် သခင်စိုးမြင့်နဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတာက အန်အယ်လ်ဒီကတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာလေ ဒီလိုတိုက်ပွဲဝင်နေတယ်ဆိုတာ ဒါခေတ်ပြောင်း တော်လှန်ရေးတခုပဲတဲ့ ဒီတော်လှန်ရေးမှာ သခင်စိုးမြင့်အနေနဲ့ အစအဆုံး တက်တက်ကြွကြွပါဝင် ဆောင်ရွက်ခဲ့တယ်။ နောက်ဆုံး ကွယ်လွန်ချိန်ထိ အန်အယ်လ်ဒီနဲ့ တသားတည်း ရပ်တည်ခဲ့တယ်။ ဒါတွေအတွက် အထူးပဲဂုဏ်ယူတယ်။ ဒီလို ပုဂ္ဂိုလ် ဆုံးရှုံးသွားတာကိုလည်း အရမ်းနှမြောပါတယ်လို့ သခင်စိုးမြင့်နဲ့ပတ်သက်လို့တော့ ဒါတခုတော့ပြောပါတယ်။”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်အဖွဲ့ဝင်တွေ ဆောင်ရွက်လုပ် ကိုင်နေကြတဲ့ လူမှုရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အားရကျေနပ်ဂုဏ်ယူကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဦးဥာဏ်ဝင်းကပြောပါတယ်။
“အန်အယ်လ်ဒီရဲ့ လုပ်ငန်းတွေထဲမှာ အခု နာဂစ်ကယ်ဆယ်ရေး ဦးအုန်းကြိုင်တို့၊ ဗဟိုအမျိုးသမီးအဖွဲ့ဝင်တို့၊ နောက် အန်အယ်လ်ဒီအဖွဲ့ဝင်တွေက ပြည်သူလူထု အခက်အခဲဖြစ်နေတဲ့ အရေးပြဿနာကို ကိုယ်တတ်စွမ်းသရွှေ့ အားကြိုးမာန်တက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ။ နောက်တခုဟာ မဖြူဖြူသင်းဦးဆောင်ပြီးတော့ (HIV/AIDS) ဝေဒနာရှင်တွေကို စေတနာသန့်သန့်နဲ့ ကူညီဆောင်ရွက်ပေးနေတဲ့လုပ်ငန်း၊ ဒီလုပ်ငန်းတွေက အန်အယ်လ်ဒီက ပြည်သူလူထုအပေါ်မှာထားရှိတဲ့ စေတနာပဲဖြစ်ပါတယ်။ ဒါတွေအတွက်လည်း အမြဲတမ်း ဂုဏ်ယူပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အဲလိုပြောလိုက်ပါတယ်။”
လက်ရှိအခြေအနေမှာတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး အစ်ကိုတော်စပ်သူ ဦးအောင်ဆန်းဦးက လွန်ခဲ့တဲ့လပိုင်းက တားမြစ်ဖို့ ရန်ကုန်တိုင်းတရားရုံးချုပ်မှာ လျှောက်ထားခဲ့တာကို ဧပြီလ ၆ ရက်နေ့က ပယ်ချပြီး တဲ့နောက်ပိုင်း ဒီရက်ပိုင်းမှာပဲ အယူခံအဖြစ် နိုင်ငံတော်တရားချုပ်မှာ ထံမံလျှောက် ထားတယ်လို့လည်း ရှေ့နေဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒါကြောင့် ဒီကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ဒီလ ၂၈ ရက်နေ့မှာ နိုင်ငံတော်တရားရုံးချုပ် ဆင့်ခေါ်ထားပြီး အဲ့ဒီအတွက် လိုအပ်ချက်တွေကို ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့လည်း ဦးဥာဏ်ဝင်းကဆိုပါတယ်။
နေအိမ်ပြင်ဆင်မှု လက်ရှိအခြေအနေတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည် အိပ်ခန်းအမိုးပြင်ဆင်ပြီး ဖြစ်ပြီး မိုးလုံသွားပြီ ဖြစ်ပေမယ့်လည်း ပြင်ဆင်နေဆဲဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
Leave a Reply