နာဂစ်ဒေသ၌ အကူအညီများ လိုအပ်နေဆဲ
အံ့ဘုန်းမြတ် ၂ မေ ၂ဝ၁ဝ
http://burmese.dvb.no/news.php?id=10735
ဆိုက်ကလုံးမုန်တိုင်းနာဂစ် ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေသ အပါအဝင် မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ တိုက်ခက်ခဲ့တာ ၂ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ နာဂစ်ဒဏ်ကို အဆုံးရွားဆုံးခံစားခဲ့ရတဲ့ မြန်မာနိုင်ငံမြစ်ဝ ကျွန်းပေါ်ဒေသက ဒေသအချို့မှာ ပြန်လည်ထူထောင်ရေး အကူအညီလိုအပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မုန်တိုင်းဒဏ်အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ ဘိုကလေးမြို့နယ်တောင်ပိုင်းဒေသ အပါအဝင် ဧရာဝတီတိုင်းထဲက ဒေသအချို့က ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ အကူအညီတွေ လိုအပ်နေဆဲ ဖြစ်နေပါတယ်။
ဒီလိုလိုအပ်နေတာနဲ့ပတ်သက်ပြီး ဒီဒေသတွေမှာ အလှူဒါနပြုလုပ်ပြီး ပြန်ခဲ့တဲ့ အဖွဲ့ချုပ် မုန်တိုင်းဒဏ် ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးအုန်းကြိုင်က အခုလို အတွေ့အကြုံကို ပြောပြပါတယ်။
“ဘိုကလေးမြို့နယ်အောက်ဖက်က အဲဒီဒေသကျတော့ လူအသေအပျောက်လည်း များတယ်။ အဲဒီဒေသ ပျက်ဆီးဆုံးရှုံးမှုကလည်း ရေဒဏ်ပါခံရတော့ ပိုများပါတယ်။ ရေဒဏ်ခံရတဲ့ ဒေသတွေမှာကတော့ ရတဲ့အကူအညီဟာ ပြောမယ်ဆိုရင် သူတို့ ဆုံးရှုံးသွားတဲ့ အစိတ်အပိုင်း တော်တော်နဲနဲလေးပဲရတယ်။ အဲဒီအခါကျတော့ သူတို့မှာ ဘဝကတော့ ပြန်စနေကြပြီပေါ့။ သို့သော်လည်းပဲ ပြန်ပြီးတော့ နာလန်ထူနိုင်ဖို့ဆိုရင်တော့ အများကြီး လိုနေသေးတယ်။ သူတို့အခက်အခဲတွေ အများကြီးကြုံနေပါသေးတယ်။ ပညာရေး၊ ကျန်းမာရေးကအစ ကလေးတွေ ပညာရေး၊ သူတို့ကျန်းမာရေး နောက်သူတို့ရဲ့ စီးပွားရေး နာလန်ထူဖို့ကိစ္စတွေမှာလည်း အရင်းအနှီးတွေ၊ ပစ္စည်းကိရိယာတွေ၊ အကူအညီတွေ အများကြီးလိုအပ်နေပါတယ်။ အဲဒါ ကျနော်တွေ့ခဲ့ပါတယ်။”
ဦးအုန်းကြိုင်တို့အဖွဲ့ဟာ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်က ကျေးရွာနှစ်ရွာမှာ သောက်သုံးရေအတွက် အဝီစိတွင်း အပါအဝင် ရေစုတ် စက်တွေလှူဒါန်းပြီး ပြန်လာတာဖြစ်ပြီး သောက်သုံးရေ အခက်အခဲဖြစ် နေတဲ့ ဧရာဝတီတိုင်းထဲက အခြားကျေးရွာတွေမှာလည်း ဆက်လက် လှူဒါန်းဦးမယ်လို့လည်း ဦးအုန်းကြိုင်ကဆိုပါတယ်။ ဒါအပြင် ဘိုကလေး မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာဂစ်မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးသွားရသူတွေအတွက် ဆွမ်းသွပ်အမျှဝေပွဲတခု မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို မြို့နယ်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင် ခင်ဘိုက အခုလို ပြောပြပါတယ်။
“အဲဒီအလှူပွဲလေးကို ကျနော်တို့ ဘိုကလေးမြို့ မင်္ဂလာစက်ကွင်း ကျောင်းတိုက် ဆရာတော်ထံမှာ ဆွမ်းအုပ်ပို့ပြီးတော့ အလှူတွေ လှူတန်း ခဲ့တဲ့အပေါ်မှာ ဆရာတော်ကနေပြီးတော့ ၅ ပါးသီလပေးပြီး နာဂစ်မုန်း တိုင်းမှာ အသက်ဆုံးရှုံးသွားကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းကို ကျွတ်လွတ်ပါစေကြောင်း အမျှအတန်းဝေတဲ့ ကုသိုလ်ကောင်းမှုတခုကို ကျနော်တို့ပြုလုပ်ခဲ့တယ်။”
ဆိုက်ကလုန်း မုန်တိုင်းနာဂစ်ကြောင့် လူဦးရေ နှစ်သိန်းနီးပါး သေဆုံးခဲ့သလို လူတသန်းခွဲနီးပါးလည်း အိုးအိမ်မဲဖြစ်ခဲ့ရပါတယ်။ အိမ်ခြေ ၄ သိန်းခွဲနဲ့ အခြားအဆောက် အအုံ ၃ သိန်းခွဲ ပျက်ဆီးခဲ့သလို မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ကျန်းမာရေးအဆောက် အအုံ အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းသာ ကျန်ရှိခဲ့ပြီး စာသင်ကျောင်း ၄ ထောင်ဝန်းကျင်လည်း ပျက်စီးခဲ့ပါတယ်။ မုန်တိုင်းကြောင့် စိုက်ပျိုးမြေဧက ၁ သန်းခွဲ ရေလွှမ်းခဲ့ပြီး ခိုင်းနွား ၅ဝ ရာခိုင်နှုန်း လည်း သေကျေပျက်ဆီးခဲ့ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် သုံးနှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၁ ထောင်လိုအပ်မယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။
Leave a Reply