စွယ်စုံရ အနုပညာရှင် သုမောင်ကွယ်လွန်
အံ့ဘုန်းမြတ် ၁၇ မေ ၂ဝ၁ဝ
http://burmese.dvb.no/news.php?id=10889
စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်ပြီး မြန်မာပရိသတ်တွေကြားမှာ ကျော်ကြားတဲ့ သုမောင် (ဦးဗလ) ဟာ ဒီလ ၁၆ ရက်နေ့က ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ ရုပ်ရှင်သရုပ်ဆောင်၊ တေးသံရှင်နဲ့ စာရေးဆရာတွေအဖြစ် ကျော်ကြားတဲ့ သုမောင် (ခေါ်) ဦးဗလ အသက် ၆ဝ ဟာ မနေ့ ည ၉ နာရီအချိန်က ရန်ကုန်မြို့၊ သုခကမ္ဘာဆေးခန်းမှာ ကွန်လွန်သွားလို့ မိသားစုဝင်တဦးက ပြောပါတယ်။
“အဖျားကြီးပြီးတော့ ၁ဝ၅ လောက်ဖြစ်သွားတော့ ဆေးရုံတင်လိုက်တယ်။ သောကြာနေ့က တင်တယ်။ မနေ့ညက ဆုံးတာပေါ့နော်။ ကြာသာပတေးနေ့ မနက် ၁ဝ နာရီမှာ ချမယ်။”
သုမောင် (ခေါ်) ဦးဗလကို ၁၉၅၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ ဒါရိုက်တာ ဦးသာဓုနဲ့ အမိဒေါ်ခင်ညိုတို့က မွေးဖွားခဲ့ပြီး မွေးချင်း ၄ ယောက်အနက် တတိယသားဖြစ်ပါတယ်။ ဦးသုမောင်ဟာ ၁၉၆၉ ခုနှစ်တွင် ယုဝတီဂျာနယ်မှာ စာပြင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး စာပေလောကအတွင်းကို စတင်ဝင်ရောက်ခဲ့ ပါတယ်။
၁၉၇၄ ခုနှစ်မှာ (အချစ်) အမည်ရှိ လုံးချင်းဝတ္ထုကို စတင်ရေးသားခဲ့ပြီး ဒီနှစ်မှာတင် ရုပ်ရှင်လောကကိုလည်း (ချစ်စံနမူနာ)၊ (နှောင်းတမြေ့မြေ့)၊ (အကြင်တို့လင်မယား) စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး စတင်ဝင်ရောက်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ သဘာဝကျကျသရုပ်ဆောင်ခဲ့သူမို့ သဘာဝမင်းသား သုမောင်အဖြစ် ကျော်ကြားခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ၄ဝ ကျော်မှာ ပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာပင် (နှောင်းတမြေ့မြေ့) ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ဝင်နောက်ခံတေး တစ်ပုဒ်ဖြစ်တဲ့ (ပန်းဦးပန်မယ့်သူ) သီချင်းကို စတင်သီဆိုခဲ့ရာက ဂီတလောကကိုဝင်ရောက်ခဲ့ပါတယ်။ ဦးသုမောင်ဟာ ရုပ်ရှင်နောက်ခံတေး၊ ရေဒီယိုတေး၊ တိပ်ခွေစီးရီးစသဖြင့် တေးသီချင်းအပုဒ်ရေ ၂ဝဝဝ ကျော်ကို သီဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရုပ်ရှင်ဂီတတွေထက် စာပေကို ကွယ်လွန်ချိန်အထိ ပိုမိုအာရုံစိုက်ရေးသားခဲ့ပါတယ်။ သုမောင် (ခေါ်) ဦးဗလရဲ့ စာပေလက်ရက်တွေနဲ့ပတ်သက်ပြီး ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာဦးဝင်းငြိမ်းက အခုလို အောက်မေ့ပြော ဆိုပါတယ်။
“မနေ့ညက အဲဒီသတင်းကိုကြားတော့ တော်တော်လေးကို တုန်လှုပ် တယ်။ တော်တော်လည်း စိတ်မကောင်းဖြစ်မိတယ်။ ဒါကတော့ ကိုယ့် ပါစင်နယ်ဖီလင် (ကိုယ်ပိုင်ခံစားချက်) ပေါ့နော်။ စာပေအနေနဲ့ ပြောမယ် ဆိုရင် ကိုသုမောင်ကို အများစုက ပြောတာကတော့ မိသားစုအကြောင်း အရာတွေပဲရေးတဲ့ စာရေးဆရာလို့ပြောကြတယ်။ ဆရာမကြီး ဒေါ်ခင်မျိုး ချစ်က ပြောဖူးတယ် ဒါ ဖန်မလီဆာခါ Family Saga ပေါ့နာ်။ မိသားစု အကြောင်းအရာတွေကို ဖွဲ့နွဲ့ပြီးတော့ ရေးတယ်။ ဒီအထဲကနေပြီးတော့ သင်ခန်းစာယူစရာတွေ၊ လေ့လာစရာတွေ၊ သူပေးချင်တဲ့မက်စေ့ (အကြောင်းအရာ) တွေကို ပေးနေတာပေါ့။ ဦးသုမောင်က အဲ့လို တိုက် (ပုံစံ) မျိုးပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာကို သူမြင်တတ်ခြင်းကိုက သူ့ရဲ့ အရည်အချင်းတရပ်ပဲပေါ့။ အဲ့ဒီလို အရည် အချင်းရှိတဲ့ စာရေးဆရာတယောက် အခုလို သိပ်တော့မငယ် ဘူးပေါ့နော် ၆ဝ လောက်တော့ ရှိပြီပေါ့။ ရေးမယ်ဆိုရင် အများကြီး ရေးလို့ရသေး တယ်။ ဆို မယ်ဆိုရင်လည် သူအများ ကြီးဆိုလို့ရသေးတယ်။ ရုပ်ရှင် သရုပ်ဆောင်ဘက်မှာ လုပ်မယ်ဆိုရင် သူသရုပ်ဆောင်လို့ အများကြီး ရသေးတယ်။ အဲ့ဒီလို ၆ဝ ကျော်မှာ ဆုံးပါးသွားရတာကတော့ ရုပ်ရှင် လောက၊ ဂီတလောက၊ စာပေလောကအတွက် ဆုံးရှုံးမှုတခုလို့ အစ်ကို မြင်တယ်။”
ဦးသုမောင်ရဲ့ ထင်ရှားတဲ့ စာအုပ်အချို့ကတော့ ‘အချစ်၊ အချစ်လား သူဖျားနေတယ်။ ဋရင်ကောက်နှင့် အခြားဝတ္ထုတိုများ၊ ၀တ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း (၀တ္ထုတိုပေါင်းချုပ်)၊ သာဓုအင်ဆန်းစ် (စုပေါင်း)၊ အရုပ်ကလေး၊ အမှားတစ်ရာ (ဆောင်းပါး ပေါင်းချုပ်)၊ အရက်သမားအမှားတစ်ထောင် (ဆောင်းပါးပေါင်းချုပ်)၊ ပင်တိုင်စံမကောင်းပါဘူးကွယ်’ တို့ဖြစ်ပါတယ်။
ဦးသုမောင်ကွယ်လွန်ချိန်မှာ ဇနီးသည် ဒေါ်အေးအေးမေ (အေးဘုံ)နဲ့အတူ သားသမီးတွေဖြစ်ကြတဲ့ စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာနဲ့ ထိပ်ထား စတဲ့ သားသမီး ၄ ဦး ကျန်ရစ်ခဲ့ပါတယ်။ ဆရာဦးသုမောင် ဈာပနကို လာမယ့် မေလ ၂ဝ ကြာသပတေးနေ့ နံနက် ၁ဝ နာရီရေဝေးသုသာန်မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
Leave a Reply